သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်မြို့ မြန်မာစစ်ဘေးကူညီရေးရုံး ထိုင်းအာဏာပိုင်တွေ ဝင်စီးနင်း


ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် မြန်မာပြည်တွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ နွေဦးတမာန်ရုံးခန်းဝင်စီးခဲ့ပုံကို သရုပ်ပြပုံနဲ့ သတင်းလွှင့်ခဲ့တဲ့ Workpoint23 ထိုင်းရုပ်သံ။ (Credit: workpoint23)
ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် မြန်မာပြည်တွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီထောက်ပံ့နေတဲ့ နွေဦးတမာန်ရုံးခန်းဝင်စီးခဲ့ပုံကို သရုပ်ပြပုံနဲ့ သတင်းလွှင့်ခဲ့တဲ့ Workpoint23 ထိုင်းရုပ်သံ။ (Credit: workpoint23)


ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ မြန်မာစစ်ဘေးကူညီရေးရုံးခန်းတခုကို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ရှိသူတဦးကို ကိုယ်ထိလက်ရာက်ကျူးလွန်ခဲ့တဲ့အပေါ် ဥပဒေကြောင်းအရ ပြန်တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ နွေဦးတမာန် စစ်ဘေးဒုက္ခသည် ကူညီရေးထောက်ပို့ရုံးကို ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့ ညနေပိုင်းက ထိုင်းအာဏာပိုင်တွေဝင်ရောက်စီးနင်းပြီး ထောက်ပို့တာဝန်ရှိသူတဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ နွေဦးတမာန်တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရုံးကိုဝင်စီးတာကတော့ အမအမျိုးသားက ကျန်းမာရေးမကောင်းလို့ အလုပ်မသွားဘူး။ နားနေတဲ့အချိန် အခန်းထဲမှာဝင်ပြီးတော့ အိပ်နေတာ။ သူတို့က ညနေ ငါးနာရီ- ငါးနာရီခွဲလောက်မှာဝင်လာတယ်။ အုပ်လိုက်ပဲ ဝင်လာကြတယ်။ ဝင်လာပြီး ဘာမှလည်းမပြောဘဲ အမျိုးသားဆီက လက်မှတ်တောင်းကြည့်တယ်။ အထောက်အထားအပြည့်အစုံနဲ့ နေတာဖြစ်တဲ့ လက်မှတ်ပေးလိုက်တော့ အဲမှာ အဲထဲကို သူတို့ဝင်ကြတယ်။ ဖိနပ်လေး ချွတ်တက်ပါဆိုတာကို video ထဲမှာပါသလို ဖိနပ်ချွတ်ပြီးတော့ မတက်ကြဘူး။ ပြီးတော့ အမေစုပုံရယ်၊ သမ္မတဦးဝင်းမြင့်ပုံရယ်၊ ဗိုလ်ချုပ်ပုံရယ်ကို သူတို့ ဖြုတ်ခိုင်းတယ်။ အလံတွေကိုလည်း ဖြုတ်ခိုင်းတယ်။ ဖြုတ်နေတဲ့အချိန် ညီမအမျိုးသားကို နောက်ကနေပြီးတော့ ပြေးကန်တာပေါ့နော်။”

ရုံးပိုင်ပစ္စည်းတွေနဲ့ လူတွေကို ဖမ်းဆီးသွားတာမရှိဘူးလို့လည်း သူကပြောပါတယ်။ ဒါပေမယ့်လည်း ရုံးတာဝန်ရှိသူတဦးကို အကြောင်းမဲ့ ရိုက်နှက်သွားတဲ့ ထိုင်းအာဏာပိုင်ကို ဥပဒေကြောင်းအရ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ နွေဦးတမာန် ထောက်ပို့တာဝန်ရှိသူတဦးကပြောပါတယ်။

“သူတို့က ဓာတ်ပုံနဲ့တကွလာပြတာ။ အဲလိုမျိုး စစ်ကောင်စီက တိုင်လို့ သူတို့လာရတယ်ဆိုတဲ့အကြောင်းကို သူတို့ပြောသွားပါတယ်။ ညီမတို့က အခု ဒီကိစ္စမှာ ဒီလောက်နဲ့တော့ မပြီးသွား ပါဘူး။ ညီမတို့က ပိုင်ရာဆိုင်ရာတွေနဲ့ ညီမတို့ဘက်ကလည်း ပြန်တိုင်ပြီး တရားပြန်စွဲအုံးမှာပါရှင့်။ ညီမအမျိုးသွားကို ကန်သွားတဲ့ နိုင်ထက်စီးနင်းအရာတခုကို ညီမတို့တရားပြန်စွဲမှာပါ။”

ထိုင်းအာဏာပို်င်တွေအနေနဲ့ မြန်မာနိုင်ငံသားတဦးကို အကြောင်းမဲ့ ရိုက်နှက်သွားတာကိုလက်မခံနိုင်တဲ့အတွက် ဥပဒေကြောင်းအရ ပြန်တရားစွဲဆိုနိုင်ဖို့ မဲဆောက်မှာရှိတဲ့ တော်လှန်ရေးအင် အားစုတွေက ပြင်ဆင်နေကြတယ်လို့ မြန်မာ့တော်လှန်ရေး တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ဖြစ်သွားတဲ့ဖြစ်စဉ်ကို ကျနော်တို့ မြင်ရတဲ့ ကြားရတဲ့ဟာမှာလည်း သတင်းတွေက အမျိုးမျိုးထွက်နေတာဆိုတော့ ဘာကြောင့်ဆိုတာကိုတော့ ကျနော်တို့ တပ်အပ်တော့ ပြောလို့မရဘူး။ ဖြစ်စဉ်ထဲမှာမြင်ရတဲ့ ခြေထောက်နဲ့ကန်တဲ့သူကိုတော့ ရှင်းရှင်းမြင်ရတယ်။ ဒါမျိုးလုပ်တာကို ကျနော်တို့တွေ့ရတယ်၊ အဲတာကိုတော့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရပါဘူး။ မြန်မာနိုင်ငံသားတွေဒီမှာ ဘယ်လိုအကြောင်းကြောင့် ရောက်သည်ဖြစ်စေ၊ ကျနော်တို့တွေရဲ့ ဂုဏ်သိက္ခာရှိတယ်၊ ကျနော်တို့တွေရဲ့ လုံခြုံရေးရှိတယ်။ ဒါမျိုးကို လုပ်ချင်တိုင်းလုပ်လို့ရအောင်၊ စော်ကားချင်တိုင်းစော်ကားလို့ရအောင် ငုံ့ခံရမယ့် အနေအထားတခုမှာ ကျနော်တို့ မရှိနေပါဘူး။ အဲအတွက်ကတော့ ကျနော်တို့ တရားဥပဒေနဲ့ ဆောင်ရွက်ဖို့အတွက်လည်း မဲဆောက်မှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ ပြင်ဆင်နေတာရှိတယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း အကြောင်းအမျိုးကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်လာကြတဲ့ တော်လှန်ရေး အင်အားစုတွေအနေနဲ့ ရုံးခန်းတွေကိုနားလည်မှုတွေနဲ့ ဖွင့်လှစ်ပြီးတော့ အလုပ်လုပ်ကိုင်နေတာဖြစ်သလို တရားဝင်ရုံးခန်းတွေ ဖွင့်လှစ်ရေးပိုင်းတွေမှာလည်း အခက်အခဲတွေရှိနေတာကြောင့် သိုသိုသိပ်သပ်လုပ်ကိုင်ဖို့လိုအပ်တယ်လို့လည်း မဲဆောက်မှနေထိုင်တဲ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။

“သို့သော် အဖွဲ့အစည်းပိုင်ဆိုင်ရာ ကျနော်တို့ရဲ့တော်လှန်ရေးအင်အားစုအနေနဲ့ကလည်း အလုပ်လုပ်တဲ့အခါ ပေးထားချက်တွေပေါ်မှာအခြေခံပြီးတော့ အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နဲ့ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင် အလုပ်လုပ်ကြဖို့လိုပါလိမ့်မယ်ခင်ဗျာ။”
အခုလက်ရှိဝင်စီးခံရတဲ့ နွေဦးတမာန်ရုံးဟာ မြန်မာနိင်ငံအတွင်းမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေကို စားနပ်ရိက္ခာနဲ့တခြားလိုအပ်တဲ့အသုံးအဆောင်တွေ ကူညီထောက်ပံ့ပေးနေတဲ့ ရုံးတခုဖြစ်ပါတယ်။ အခုလို ထိုင်းအာဏာပိုင်တွေ ဝင်ရောက်စီးနင်းခံလိုက်ရပေမယ့် ထောက်ပို့လုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမှာဖြစ်တယ်လို့လည်း နွေဦးတမာန် တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG