(Zawgyi / Unicode)
ဆော်ဒီနန်းတော်က ကျောက်မျက်ရတနာတွေ ခိုးယူမှုကြောင့် ထိုင်းနဲ့ ဆော်ဒီအာရေဗျ နှစ်နိုင်ငံကြား ဆယ်စုနှစ်များစွာ သံတမန်ရေးတင်းမာမှုဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း ထိုင်းခေါင်းဆောင်တဦးရဲ့ ပထမဆုံး ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ ဒီသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်က ဆော်ဒီမင်းသားအိမ်မှာ အစောင့်အဖြစ် လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံသား Kriangkrai Techamong ဟာ ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာတွေကို ဆော်ဒီမင်းသားအိမ်ကနေ ခိုးယူခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန် အငြင်းပွား တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ Blue Diamond အပြာရောင်စိန်တုံး အမှုကိစ္စကိုလည်း ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။
ထိုင်းရဲတပ်ဖွဲ့က ဆော်ဒီအာဏာပိုင်တွေဆီကို လက်ဝတ်ရတနာတချို့ ပြန်ပေးအပ်ခဲ့ပေမယ့် အများစုဟာ အတုတွေဖြစ်တယ်လို့ ဆော်ဒီဘက်က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဖိုးတန်ဆုံး ကျောက်မျက်ရတနာဖြစ်ပြီး ရှားရှားပါးပါး ၅၀ ကာရက်ရှိတဲ့ အပြာရောင်စိန်တုံး ဘယ်မှာရှိနေသလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။
အင်္ဂါနေ့မှာ စတင်မယ့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ နှစ်ရက်ကြာ ဆော်ဒီခရီးစဉ် ဖိတ်ကြားချက်ကို ဆော်ဒီအိမ်ရှေ့စံမင်းသား Mohammed bin Salman က ကြေညာခဲ့တာဖြစ်ကြောင်း ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း ဆော်ဒီနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ ကာလရှည်ကြာ ကြိုးပမ်းခဲ့ရာမှာ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်ကြဖို့ အလုပ်သမားတွေအတွက် အခွင့်အလမ်းတွေ ပိုရလာစေရေး ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။
------------------------
(Unicode)