မြန်မာရေပိုင်နက်ထဲ ဝင်ရောက်လာလို့ဆိုပြီး မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ ထိုင်းငါးဖမ်း စက်လှေသမား ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ညှိနှိုင်းနေတယ်လို့ ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှီနာဝပ် Paetongtarn Shinawatra က ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၃၀ ရက်၊ စနေနေ့က မြန်မာရေပိုင်နက်ထဲဝင်ရောက်ခဲ့လို့ဆိုပြီး ထိုင်းငါးဖမ်း စက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ရေလုပ်သား ၃၁ ယောက်ထဲမှာ ထိုင်းနိုင်ငံသား ၄ ဦးပါဝင်ခဲ့တာပါ။ မြန်မာဘက်မှာ ထိုင်းနိုင်ငံသား ၄ ဦး ဖမ်းဆီးခံထားရပြီး သူတို့လုံခြုံဘေးကင်းစွာ ရှိနေတယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ပေတုန်တန်က အင်္ဂါနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ထိုင်းငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်ကပစ်ခတ်ခဲ့ချိန်မှာ ရေထဲခုန်ချခဲ့တဲ့ ရေလုပ်သားတဦး ရေနစ်သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။ ဒဏ်ရာရသူ ၂ ဦးကိုတော့ ထိုင်းနိုင်ငံဘက်မှာဆေးဝါးကုသပေးနေပါတယ်။ ထိုင်းငါးဖမ်းစက်လှေတွေဟာ မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တာမှန်ကန်ကြောင်းထိုင်းရေတပ်က အတည်ပြုပါတယ်။ ဒါပေမယ့် အလွန်အကျွံတုံ့ပြန်ခဲ့တဲ့အပေါ် မှာတော့ ထိုင်းနိုင်ငံက မေးခွန်းထုတ်နေတာပါ။
မြန်မာနိုင်ငံသား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦးကို ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ခဲ့ပေမဲ့ ထိုင်းနိုင်ငံက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့သူ ၄ ဦးနဲ့ ပတ်သက်လို့တော့ တိတိကျကျ မပြောပါဘူး။ ဖမ်းဆီးထားသူတွေကို ဆက်လက်စစ်ဆေးနေပြီး စစ်ဘက်ဆိုင်ရာမဟုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဆက်နွယ်တဲ့ အထောက်အထားတချို့ တွေ့ရတယ်လို့လည်း ပြောဆိုထားပါတယ်။
Forum