ထိုင်းငါးဖမ်းစက်လှေပေါ်ဖမ်းမိသူထားသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်မှုတွေ့ရတဲ့အတွက် စုံစမ်းစစ်ဆေးနေဆဲရှိပြီး၊ ဖမ်းဆီးထားတဲ့ မြန်မာရော ထိုင်းနိုင်ငံသားအားလုံး ကောင်းကောင်းမွန်မွန်ရှိနေတယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
“ ကျနော်တို့အနေနဲ့ ထိုင်းနိုင်ငံဖက်ကို တရားဝင်အကြောင်းကြားထားပြီးဖြစ်ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ မြန်မာအမျိုးသား ၂၇ဦး ၊ ထိုင်းအမျိုးသား လေးဦးတို့သည်လည်း ကောင်းမွန်စွာ ရှိနေကြောင်း ပြောကြားလိုပါတယ်။”
ထိုင်းငါးဖမ်းသင်္ဘော ဖမ်းဆီးရမိတဲ့အပေါ် ထိုင်းနိုင်ငံ ရနှောင်းမြို့မှာရှိတဲ့ နယ်စပ်ငါးဖမ်းလုပ်ငန်း တာဝန်ရှိသူတွေကို အကြောင်းကြားပြီးဖြစ်တယ်လို့ မြန်မာစစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားတာပါ။ ဖမ်းမိသူတွေမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်တဲ့အထောက်အထားတွေ့တယ်လို့ပဲဆိုပြီး၊ ဘယ်အဖွဲ့အစည်းဆိုတာနဲ့ ဘယ်လိုအထောက်အထားတွေလဲဆိုတဲ့ အသေးစိတ်ကိုတော့ စစ်ကောင်စီက မထုတ်ပြန်ပါဘူး။
နိုဝင်ဘာလ ၃၀ ရက်နေ့က ကော့သောင်းမြို့နယ် မြန်မာရေပိုင်နက်အတွင်း ငါးခိုးဖမ်းနေတဲ့ ထိုင်းငါးဖမ်းသင်္ဘောကို မြန်မာရေတပ်သင်္ဘောက ထောက်လှမ်း ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ဖြစ်စဉ်မှာ ထိခိုက်သေဆုံးမှုမရှိဘူးလို့လည်း စစ်ကောင်စီပြောခွင့်ရသူက ပြောပါတယ်။ ထိုင်းငါးဖမ်းသင်္ဘောတွေကို ပစ်ခတ်ဖမ်းဆီးတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီက ကနဦးပိုင်းမှာ ငြင်းဆန်ထားသလိုပဲ၊ အခုထုတ်ပြန်ချက်မှာလည်း ပစ်ခတ်တယ်ဆိုတာ မပြောပဲ အချက်ပေး မီးပြပြီး ရပ်တန့်စေခဲ့တယ်လို့ပဲ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ထိုင်းငါးဖမ်းသင်္ဘောကိုလည်း မြန်မာရေပိုင်နက်အတွင်း ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးထိခိုက်အောင် သတင်းမီဒီယာတွေဖက်က ပုံဖော်ရေးသားခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အပြစ်တင်ပြီး၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအကြား အစိုးရချင်းရော စစ်တပ်ချင်းပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်လို့လည်း ပြောဆိုသွားပါတယ်။
Forum