သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငါးဖမ်းစက်လှေတွေ ပစ်ခတ်ခံရမှုအတွက် မြန်မာသံအမတ်ကို ထိုင်းဆင့်ခေါ်


ထိုင်းတော်ဝင်ရေတပ်ကထုတ်ပြန်ထားတဲ့ ဓါတ်ပုံမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ ဒဏ်ရာရငါးဖမ်းလုပ်သားတဦးကို သယ်ဆောင်လာတာတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)
ထိုင်းတော်ဝင်ရေတပ်ကထုတ်ပြန်ထားတဲ့ ဓါတ်ပုံမှာ မြန်မာနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့ဆိပ်ကမ်းမှာ ဒဏ်ရာရငါးဖမ်းလုပ်သားတဦးကို သယ်ဆောင်လာတာတွေ့ရစဉ် (နိုဝင်ဘာ ၃၀၊ ၂၀၂၄)

မြန်မာရေတပ်က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်ပြီး၊ ရေလုပ်သားတွေ ဖမ်းဆီးသွားတဲ့ ကိစ္စအတွက် မြန်မာသံအမတ်ကြီးကို ထိုင်းနိုင်ငံက ဒီကနေ့ ဆင့်ခေါ်ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Piyapak Sricharoen နဲ့တွေ့ဆုံခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေ ကတော့ ဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်းနဲ့ သက်ဆိုင်ရာ အမြင့်ဆုံးတာဝန်ရှိသူတွေကို တင်ပြပေးမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa ကပြောပါတယ်။

စနေနေ့က ထိုင်းငါးဖမ်းစက်လှေတွေကို ပစ်ခတ်မှုအတွင်း ရေထဲခုန်ချတဲ့ ငါးဖမ်းသမားတဦး သေဆုံးပြီး၊ ၃၁ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ ဒီအထဲက ၄ ဦးကို ချက်ခြင်းပြန်လွှတ်ဖို့လည်း ထိုင်းနိုင်ငံက ဖိအားပေး တောင်းဆိုနေပါတယ်။ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို ဆက်သွယ်ခဲ့ရာမှာ ထိုင်းနိုင်ငံက ဖြစ်ရပ်ကို အပြည့်အစ စုံစမ်းဖော်ထုတ်ဖို့နဲ့ ဖမ်းဆီးထားတဲ့အထဲက ၄ ယောက်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုချက်အပေါ် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ တုံ့ပြန်ခဲ့ကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။ ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်အပြင်၊ ကျန်တဲ့ ဖမ်းဆီးခံရသူတွေဟာ ဘယ်နိုင်ငံသားတွေလည်း ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာရှိတဲ့ ထိုင်းသံရုံးကိုလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံခြားရေးဌာနကို ဆက်သွယ်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့လည်း ထိုင်းအစိုးရက ပြောပါတယ်။ ထိုင်းငါးဖမ်းစက်လှေတွေ ပစ်ခတ်ခံရမှုအတွက် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကလည်း မနေ့ကပဲ ကန့်ကွက်ခဲ့တာပါ။ မြန်မာရေပိုင်နက်ထဲ ဝင်ရောက်ချိန်မှာ ပစ်ခတ်ခဲ့တယ်ဆိုတဲ့အပေါ်မှာလည်း ထိုင်းဝန်ကြီးချုပ်က ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အကြမ်းဖက် ဖြေရှင်းတာကို အားမပေးကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာစစ်ကောင်စီကတော့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးမှုတွေအတွက် လတ်တလော တစုံတရာ ပြောဆိုတာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG