သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မိုးပျံလမ်းဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှု မြန်မာ (၄) ဦးအပါ ၆ ဦးသေဆုံး


ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်က မိုးပျံတံတားပြိုကျတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၄/Samut Sakhon Provincial Public Relations Office)
ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ်က မိုးပျံတံတားပြိုကျတဲ့မြင်ကွင်း။ (ဒီဇင်ဘာ ၂၉၊ ၂၀၂၄/Samut Sakhon Provincial Public Relations Office)

ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက် ၄ နာရီကျော်အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ် စခွန်ခရိုင် နဒီမြို့နယ်အတွင်းက ဖလန်ဆောင် လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံလမ်းမကြီး ကွန်ကရစ်တိုင်ပြိုကျခဲ့တာကြောင့်တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား ၆ ဦး သေဆုံးပြီး ၁၀ ဦးကျော်အထိ ဒဏ်ရာအပြင်းထန်ရခဲ့ကြပါတယ်။ သေဆုံးခဲ့သူ ၆ ဦးထဲမှာ (၄) ဦးက မြန်မာအလုပ်သမားတွေဖြစ်တယ်လို့ စမွတ်စခွန်အုပ်ချုပ်ရေးမှူးကသတင်းထုတ်ပြန်ပါတယ်။ သတင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာသတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ ကီလို သုံးဆယ်ကျော်ကွာတဲ့ စမွတ်စခွန် ခရိုင် Na Di (နဒီ) မြို့နယ် အတွင်းက ဖလန်ဆောင်လမ်းမကြီးပေါ် ဆောက်လုပ်နေတဲ့ မိုးပျံလမ်းမကြီး ကွန်ကရစ်တိုင် ပြိုကျ ခဲ့တာကြောင့် တံတားဆောက်လုပ်ရေးမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာတွေအပါအဝင် အလုပ်သမား ၆ ဦးသေဆုံးခဲ့ပါတယ်။ မိုးပျံတံတားကြီးပြိုကျခဲ့တာကြောင့် မြန်မာတွေအပါအဝင် လူ ၁၀ ဦးကျော် ဒဏ်ရာတွေပြင်းထန်စွာရခဲ့တယ်လို့ စမွတ်စခွန် အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စမွတ်စခွန် အုပ်ချုပ်ရေးမှူး နိုင် နာရစ် နာရာမိုင်ဘွန်က ထိုင်းဘာသာနဲ့ပြောသွားတာကတော့-

“မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ရဲဝန်ထမ်းနဲ့ ဆောက်လုပ်ရေးက အရေးပါတဲ့ ဝန်ထမ်း တွေဟာ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး အရေးပေါ် စုံစမ်း စစ်ဆေးနေကြပါပြီ။ ပြီးရင်တော့ တရားဝင် သတင်းထုတ်ပြန်သွားမှာပါ။လက်ရှိမှာတော့ ဆက်ပြီး အခုလို ဖြစ်ရပ်ဖြစ်မလာအောင် ကာကွယ်တဲ့ အနေနဲ့ အမြန်လမ်းကို ယာယီပိတ်ပြီး တခြားလမ်းကြောင်းကနေ သွားခွင့် ပေးထားပါတယ်လို့ ပြောသွားပါတယ်။”

မနက် (၄) နာရီကျော် မိုးပျံလမ်းတံတားက ဆောက်လက်စ ကွန်ကရစ်တိုင်ပြိုကျချိန်မှာ ညဆိုင်း ဆောက်လုပ်ရေးအလုပ်သမား ၃၉ ဦးက အခင်းဖြစ်ရာနေရာမှာ အလုပ်လုပ်နေကြပါတယ်။ ကွန်ကရစ်ဘိလပ်မြေဘောင်နဲ့သံညမ်းတွေအောက်မှာပိမိပြီး သေဆုံးသွားသူတွေစာရင်းကို ထုတ်ပြန်သွားရာမှာ သေဆုံးသူတွေထဲမှာ ထိုင်း၂ ဦးနဲ့အတူ မြန်မာနိင်ငံသား ချစ်ကိုကို၊ ဖြိုးကိုကို၊ အောင်သိန်းဌေးနဲ့ ဧရာ ဆိုသူ ၄ ဦး ပါဝင်ပါတယ်။ ဒဏ်ရာရသူ ၁၀ ဦးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရသူတွေကို စမွတ်စခွန်ခရိုင်ဆေးရုံကြီးမှာ အရေးပေါ် လူနာဆောင်ကို ပို့ဆောင်ကုသပေးနေရတယ်လို့လည်းဆိုပါတယ်။

စမွတ်စခွန်ခရိုင်အုပ်ချုပ်ရေးမှူးက ကနဦးမှာပဲ သေဆုံးသူအားလုံးကို တဦးလျှင် ဘတ်ငွေ ၈၆၀,၀၀၀ စီ လျော်ကြေးပေးမှာဖြစ်ကြောင်းနဲ့ ဒဏ်ရာရသူများ ပြန်လည်ကောင်းမွန်လာသည်အထိ ပြုစုစောင့်ရှောက်သွားမယ်လို့ပြောသွားပါတယ်။

ဆောက်လုပ်ရေးလုပ်ရင်း မိုးပျံလမ်းမကြီးပြိုကျပြီးသေဆုံးဒဏ်ရာရခဲ့တာ အခုတကြိမ်ဟာ ပထဆုံး အကြိမ်မဟုတ်ဘဲဖလမ်းဆောင် မိုပျံလမ်းမကြီးဆောက်လုပ်နေတဲ့ ငါးနှစ်တာကာလအတွင်း အခုလိုမျိုးဖြစ်ရပ်တွေကြောင့် သေဆုံးသူ ၁၃၀ လောက်ရှိခဲ့ပြီး ဒဏ်ရာရသူ ၁,၃၀၀ ကျော်လောက် ရှိခဲ့ပြီဖြစ်ပါတယ်။ ဖြစ်ရပ်တိုင်းမှာမြန်မာနိုင်ငံသားအလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေလည်းရှိခဲ့ပါတယ်ရှင်

Forum

XS
SM
MD
LG