ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်၊ ဘန်လန်မြို့နယ်မှာ မနေ့နှောင်းပိုင်း ရဲတပ်ဖွဲ့ကစစ်ဆေးဖို့တားဆီးစဉ် မောင်းပြေးခဲ့တဲ့ကားတစင်း လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်မိရာက ကားပေါ်မှာပါလာတဲ့ မြန်မာ ၇ ဦး သေဆုံးသွားပါတယ်။ ထိုင်းနိုင်ငံတွင်းတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသားတွေ မကြာခဏ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုတွေ ရှိနေတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန့်လန်မြို့နယ်ထဲက ထိုင်းစစ်ဆေးရေးဂိတ်တခုမှာ မြန်မာအလုပ်သမား ၇ ဦးကိုတင်လာတဲ့ ပစ်ကပ်ကားက စစ်ဆေးတာမခံဘဲ မောင်းပြေးရာကနေ ဓါတ်တိုင်ကို ဝင်တိုက်မိပြီး မြန်မာအားလုံး သေဆုံးခဲ့တယ်လို့အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက VOAကို အခုလိုပြောပါတယ်။
"နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီခွဲလောက်က ထိုင်းနိုင်ငံ၊အလယ်ပိုင်း နခွန်ပထုံခရိုင်၊ ဘန့်လန် မြို့နယ်ထဲမှာ ISUZU ဗင်ကားတစီးကို လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးစစ်ဆေးတာ အစစ်အဆေး မခံဘဲမောင်းပြေးတာ။ မောင်းပြေးတော့လမ်းဘေးဓါတ်တိုင်နဲ့ဝင်တိုက်ပြီး ဆုံးသွားတာ။ အဲဒီမှာ ၇ ယောက်သေဆုံးတယ်။ အခုချိန်ထိတော့ သူတို့နဲ့ပတ်သက်တဲ့မိသားစုတွေကတော့ ဆက်သွယ် လာတာတွေ မရှိသေးဘူး၊ ကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံပို့ဆောင်ပေးတာရှိတယ်။ထိုင်းနိုင်ငံထဲကိုတရားမဝင်ခိုးဝင်လာတာဖြစ်လို့ နစ်နာကြေး လျော်ကြေး ရဖို့တော့မရှိဘူး။"
သေဆုံးသူတွေနဲ့အတူ အိုးခွက်ပန်ကန်တွေ၊ အဝတ်အစားတွေပါလာတဲ့အတွက် သေဆုံးသူ မြန်မာတွေက တနေရာကနေတနေရာကို ရွှေ့ပြောင်းဖို့လာကြသူတွေလို့ယူဆဖွယ်ရှိနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေမကြာခနကြုံနေရတယ်လို့လည်းအလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကလည်းပြောပါတယ်။
"တရားမဝင်လမ်းကြောင်းကနေ ခိုးဝင်လာသူမှန်သမျှ မကြာခဏကြုံနေရတာပါ။ ဒီယာဉ်တိုက်မှု ဖြစ်တယ်။ ကားထဲမှာအလုံပိတ်ပြီး အသက်ရှူကြပ်ပြီးသေတယ်၊ ကားအလုံပိတ်တွေနဲ့သေတယ်။ ကားသမား ကယ်ရီသမားက တောလမ်းမှာပဲအလောင်းတွေထားခဲ့တယ်။ ထိုင်းရဲတွေကတားတော့ ဟိုင်းဝေးလမ်းမှာမောင်းပြေးတယ်။ အဲဒီတော့ ကားမှောက်ပြီးသေကြတယ်။ အဲဒါမျိုး မကြာခဏ ဖြစ်နေတာပေါ့။"
၂၀၂၄ ခုနှစ်ဆန်းကစပြီး အခုလိုဖြစ်ရပ်မျိုးနဲ့သေဆုံးသူ ၃၀ နီးပါးထိရှိပြီလို့လည်း ဦးမိုးကြိုးက ပြောပါတယ်။
"၂၀၂၄ ခုနှစ်ထဲမှာ ဒီလိုဖြစ်စဉ်နဲ့ဆိုရင် သေဆုံးတာ မြန်မာ ၃၀ ဝန်းကျင်ရှိပြီ။ ထိခိုက်ဒဏ်ရာရတာက ၉၀ ဝန်းကျင်လောက်ရှိတယ်။"
သေဆုံးသူတွေထဲမှာ မြန်မာပြည်ကနေ နိုင်ငံရေးလှုပ်ရှားမူတွေနဲ့ CDM လုပ်လာသူတွေပါတယ်လို့ သိရပေမယ့် သူတို့ဟာဘယ်သူတွေဖြစ်တယ်ဆိုတဲ့ တိကျတဲ့ သတင်းအချက်အလက်တွေတော့ မရသေးပါဘူး။
Forum