သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Vita Food Factory ထိုင်းသစ်သီးဖျော်ရည်စက်ရုံ ကိုဗစ်ကူးသူတွေထဲ မြန်မာအများစုပါ

Zawgyi/Unicode

ထိုင်းနိုင်ငံက နာမည်ကြီး Vita Food Factory သစ်သီးဖျော်ရည်စက်ရုံက အလုပ်သမား ၄၀၀ ကို ကိုဗစ်စစ်ဆေးတာမှာ သုံးပုံတပုံကျော် ကိုဗစ်ပိုး ကူးနေတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒီထဲမှာ အများစုက မြန်မာနိုင်ငံသားတွေဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီပြည်နယ်၊ ထမကန်ဒေသက Vita Food Factory သစ်သီးဖျော်ရည်စက်ရုံမှာ အလုပ်သမား ၃,၀၀၀ ကျော် အလုပ်လုပ်ကိုင်နေကြတာပါ။ ဒီထဲမှာ အများစုကမြန်မာရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြပါတယ်။

အဲဒီစက်ရုံက လူ ၄၀၀ လောက်ကို ကိုဗစ်စစ်ဆေးတဲ့အခါမှာတော့ လူ ၁၄၀ ကျော်မှာ ကိုဗစ်ပိုးကူးစက်နေတာတွေ့ရတယ်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

"ထာမကန်ဆိုတဲ့အပိုင်းမှာ Vita Food Factory သစ်သီးဖျော်ရည်တွေ ထုတ်လုပ်တာ နာမည်ကြီးပဲ၊ အဲဒီစက်ရုံကဝန်ထမ်းတွေ အများကြီးတွေ့တယ်၊ အယောက် ၄၀၀ စစ်တာ၊ ၁၄၁ ယောက်တွေ့တယ်။ အဲဒီစက်ရုံမှာ ဝန်ထမ်းက ၃,၀၀၀ ကျော်ရှိတယ်။ မြန်မာနိုင်ငံသားကအများကြီး အလုပ်လုပ်နေတာ၊ မနေ့ကတည်းက ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ အဲဒီစက်ရုံပိတ်ဖို့ အမိန့်ပေးလိုက်ပြီ။ ဆက်ပြီးစစ်ရဦးမယ်၊ အခုမှ ၄၀၀ ပဲစစ်ရတယ်။ ဖြစ်ပြီဆိုကတည်းက ဒီလောက်လူအများကြီးက ထိတွေ့သွားလာဆက်ဆံသူတွေမှာ ကူးနေမှာ၊ ဘယ်လောက်ကူးနေပြီလဲဆိုတာ သူတို့လိုက်ရတော့မှာ၊ ရက်သတ္တပတ် နှစ်ပတ်အတွင်း သူတို့ဘယ်တွေသွားသလဲဆိုတာတွေ လိုက်စစ်ရတာပေါ့နော်။"

အဲဒီစက်ရုံနဲ့နီးတဲ့ ရပ်ကွက်တွေမှာလည်း အပြင်သွားလာခွင့်မပေးဘဲ ပိတ်ဆို့ကန့်သတ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ နေ့စဉ် သောင်းဂဏန်းနဲ့ချီ ကူးစက်မှုတွေ ဖြစ်လာပြီးတဲ့နောက် ထိုင်းအစိုးရရဲ့ကပ်ရောဂါထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအပေါ်မှာ ဝေဖန်ထောက်ပြမှုတွေရှိလာပါတယ်။ အခုဆိုရင် ရက်ပိုင်းအတွင်း ကိုယ့်ဖာသာ အဆုံးစီရင်တဲ့အမှုတွေ၊ လမ်းပေါ်မှာသေဆုံးတာတွေ ခပ်စိတ်စိတ်ဖြစ်လာတယ်လို့လည်းဦးမင်းဦးကပြောပါတယ်။

"လမ်းဘေးမှာသေတာတွေ၊ ဆွဲကြိုးချသေတာတို့၊ တိုက်ပေါ်ကခုန်ချသေတာတို့၊ ဆေးကုသဖို့နေရာထိုင်ခင်းမရတာတို့၊ လှမ်းပြီးအကြောင်းကြားရင် အရေးပေါ်ကားက မလာနိုင်ဘူး ဒီတော့ကိုယ့်ဖာကိုယ် သတ်သေတာတွေဖြစ်လာတယ်၊ ကျနော်တို့တွေ့တာပဲ လေးငါးခြောက်မှုရှိနေပြီ။ ဒီနေ့လည်းတွေ့တယ်။ တမြန်နေ့ကတွေ့တယ်၊ လွန်ခဲ့တဲ့နှစ်ရက်က ကလေးသေလို့ အဖိုးကသေတာတို့၊ လမ်းဘေးမှာလဲကျပြီး ပိုင်ရှင်မဲ့အလောင်း ဆိုပြီးသေတာ။ သတင်းထဲမှာကိုတွေ့တာ ၆ လောင်း ၇ လောင်းလောက်ရှိပြီ၊ တချို့ဆိုလည်း လမ်းဘေးမှာမောရင်း သေတာတို့ များလာတယ်။"

ကိုဗစ်ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းများနေတဲ့ ပြည်နယ် ၁၃ ခုလောက်ကို အနီရင့်ရောင်နယ်မြေအဖြစ် သတ်မှတ်ပြီး ကပ်ရောဂါထိန်းချုပ်ရေးတွေ လုပ်ဆောင်နေပေမယ့် နေ့စဉ်ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းက မြင့်တက်နေဆဲပါ။

ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်အတည်ပြုလူနာ ၄၅၃,၀၀၀ ကျော်ရှိနေပြီး မြန်မာတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာလည်း ကူးစက်မှုတွေ တိုးလာနေတာပါ။ ဇူလိုင်လ ၂၂ ရက်နေ့ တရက်ထဲမှာပဲ နောက်ထပ်ကူးစက်သူ ၁၃,၃၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကတော့ ၃,၇၀၀ နီးပါးရှိလာပြီလို့ ထိုင်းကျန်းမာရေးဌာနကအတည်ပြုထုတ်ပြန်ထားပါတယ်။

Vita Food Factory ထိုင်းသစ်သီးဖျော်ရည်စက်ရုံ ကိုဗစ်ကူးသူတွေထဲ မြန်မာအများစုပါ
please wait

No media source currently available

0:00 0:03:32 0:00
တိုက်ရိုက် လင့်ခ်


Unicode













This item is part of
XS
SM
MD
LG