သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ် နယ်စပ်ဖြတ်ကျော်မှု မတော်တဆမှုအဖြစ် ထိုင်းအစိုးရတုန့်ပြန်


ထိုင်းအစိုးရသစ် စုပေါင်းဓာတ်ပုံရိုက်ကူးနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)
ထိုင်းအစိုးရသစ် စုပေါင်းဓာတ်ပုံရိုက်ကူးနေစဉ် (စက်တင်ဘာ ၅၊ ၂၀၂၃)

မကြာသေးခင်က မြန်မာနိုင်ငံနယ်စပ်ဒေသ တိုက်ပွဲတွေအတွင်း ထိုင်းနယ်စပ်ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်လာတာဟာ မတော်တဆသာ ဖြစ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီလဆန်းက နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့အပေါ် လွှတ်တော်အမတ်တဦးက အစိုးရကို မေးခွန်းထုတ်ခဲ့ပြီးနောက် ထိုင်းကာကွယ်ရေး ဝန်ကြီးသစ်က တုန့်ပြန်လိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံပိုင်နက်အတွင်းကို စက်တင်ဘာလ ၃ရက်နေ့က လက်နက်ကိုင်ထားတဲ့ မြန်မာစစ်သား ၁၀၀ ဝန်းကျင်ခန့် ဝင်ရောက်လာတာနဲ့ပတ်သက်လို့ ထိုင်းလွှတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်က တိုင်းပြည်ရဲ့လုံခြုံရေးအရ စိုးရိမ်စရာဖြစ်တာကြောင့် ထိုင်းကာကွယ်ရေးဌာနနဲ့နိုင်ငံခြားရေးဌာနက ဖြေရှင်းပေးဖို့ စက်တင်ဘာလ ၁၁ ရက်နေ့ကတောင်းဆိုထားတာပါ။ ဒီသတင်းနဲ့ပတ်သက်လို့ စက်တင်ဘာလ ၁၃ရက်နေ့က ထိုင်းကာကွယ်ရေး ဝန်ကြီးသစ် Mr. Suthin Khlangsaeng က ထိုင်းဘာသာနဲ့ပြောသွားပါတယ်။

"မြန်မာစစ်သားတွေ ထိုင်းနယ်မြေထဲဝင်လာတယ်ဆိုတဲ့ ဒီသတင်းနဲ့ပါတ်သက်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက သိရှိပြီးဖြစ်လို့ နယ်စပ်ကတာဝန်ရှိတဲ့သူတွေကို စုံစမ်းစစ်ဆေးပြီးဖြစ်ပါတယ်။ တကယ်ဆိုရင်အခုလိုပဲ ဖြစ်လေ့ရှိတာပါပဲ။ အခုလို ဝင်လာတာဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့အခါတိုင်း စစ်ရှောင်ရင်း ဝင်ရောက်လာတတ်ပါတယ်။ အခုလိုဝင်လာတိုင်း နယ်စပ်က စစ်တပ်တွေက ဝင်ရောက်ညှိနှိုင်း ဖြေရှင်းခဲ့ရပါတယ်။ အခုဝင်လာတဲ့မြန်မာစစ်သားတွေဟာ ထိုင်းပြည်သူတွေကို ထိခိုက်နစ်နာစေတဲ့အပြုမှုတွေ ထိုင်းနယ်မြေကိုဖျက်ဆီးမှုမရှိသေးတဲ့အတွက် နယ်စပ်မှာ သက်ဆိုင်ရာစစ်ဒေသတွေကို တရားဝင် ကန့်ကွက်ကြောင်းသတင်းပို့ ထားပြီးဖြစ်ပါတယ်။ စိုးရိမ်စရာတော့ မရှိသေးပါဘူး ဒီထက်ပိုတဲ့ ဖြစ်ရပ်တွေ ဖြစ်လာရင်တေ့ လုံခြုံရေးဆိုင်ရာကို တဆင့်မြင့် ရမှာဖြစ်ပါတယ်"

ထိုင်းအစိုးရသစ်ရဲ့ အရပ်သား ကာကွယ်ရေးဝန်ကြီး ဖြစ်တဲ့ Mr. Suthin Khlangsaeng, ဆူတင် ကလန်စန် ဟာ တာဝန်စတင်ထမ်းဆောင်တဲ့စက်တင်ဘာလ ၁၃ရက်နေ့မှာပဲ လုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ မြန်မာနယ်စပ်အရေးနဲ့ပါတ်သက်ပြီး သတင်းထောက်တွေရဲ့မေးခွန်းတွေကို ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG