မြန်မာနိုင်ငံလုပ် “ယာဘ” စိတ်ကြွဆေးပြား ဆယ်သန်းနဲ့ တရုတ်တံဆိပ်တပ် လက်ဘက်ခြောက်ထုပ်တွေထဲမှာ ဖွက်ပြီးထည့်လာတဲ့ Crystal Meth စိတ်ကြွဆေး အလေးချိန်တန် တဝက်နီးပါးကို ဘန်ကောက်မြို့က ကားတန်း တခုထဲမှာ ဖမ်းဆီးမိလိုက်တယ်လို့ ထိုင်းရဲတို့က ဒီကနေ့ပြောပါတယ်။
ဒေါ်လာ ၄၅ သန်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံရဲ့ မူးယစ်ဆေးဝါးလမ်းကြောင်းဖြစ်တဲ့ နိုင်ငံ အလယ်ပိုင်း Ayutthaya ကိုဖြတ်ပြီး ဘန်ကောက်မြို့ကနေတဆင့် မလေးရှားနိုင်ငံတောင်ပိုင်းကို တင်ပို့ချိန်မှာ ဖမ်းမိလိုက်တာပါ။ မြန်မာနိုင်ငံက ချက်ပြီး တင်ပို့လာတဲ့ မူးယစ်ဆေးဝါးတွေ သိုလှောင်ထားရာနေရာဖြစ်တဲ့ အယုဒ္ဒယမြို့ကနေ ထွက်လာတဲ့ကားလေးစီးကို ရဲတို့က ခြေရာခံလိုက်ခဲ့တာဖြစ်ပါတယ်။
ဘန်ကောက်မြို့လယ်ကို ကားတန်းတွေ ရောက်ရှိသွားချိန်မှာ ရဲတို့က ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတို့ကပြောပါတယ်။ အခကြေးငွေယူပြီး မူးယစ်ဆေးဝါးသယ်ပေးသူတွေအဖြစ် သံသယရှိခံထားရတဲ့ ထိုင်းလူမျိုး ၆ ဦးကိုဖမ်းဆီးထားတယ်လို့ ထိုင်းရဲချုပ် Chaktip Chaijinda ကပြောပါတယ်။ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအချို့က ပြည်ပနိုင်ငံတွေဆီတင်ပို့ဖို့ဖြစ်တယ်လို့ ထိုင်းရဲချုပ်က သတင်းထောက်တွေကိုပြောပါတယ်။
အဲဒီမူးယစ်ဆေးတွေဟာ ရှမ်းပြည်အခြေစိုက် "ဝ" လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဆေးတွေဖြစ်တယ်လို့လည်း ရဲချုပ်ကပြောပါတယ်။ ရှမ်းပြည်နယ်ကို ကမ္ဘာ့ဒုတိယအကြီးဆုံး မူးယစ်ဆေးဝါး ထွက်ရှိရာဒေသအဖြစ်လည်း သတ်မှတ်ထားကြတာဖြစ်ပါတယ်။