သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုက်အခံတွေဖိနှိပ်ဖို့ စစ်ကောင်စီနဲ့ ထိုင်းပူးပေါင်း လို့ HRW စွပ်စွဲ


ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့ Lion Battalion စစ်ကြောင်းတပ်ဖွဲ့ဝင် ၃ ဦး
ထိုင်းနယ်စပ်မှာဖမ်းဆီးခံရတဲ့ Lion Battalion စစ်ကြောင်းတပ်ဖွဲ့ဝင် ၃ ဦး

ထိုင်းအာဏာပိုင်တွေဟာ မြန်မာအတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို မြန်မာနိုင်ငံကိုအတင်းအကြပ်ပြန်လွှတ်ပြီး ၊ မြန်မာစစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို အထောက်အကူပေးနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က မဲဆောက်မြို့မှာ ဆေးလာကုတဲ့ Lion Battalion အဖွဲ့က ကိုသီဟ၊ ကိုထက်နေဝင်း နဲ့ စောဖြိုးလေးတို့ ၃ ယောက်ကို ဖမ်းဆီးပြီးတော့ မြန်မာစစ်ကောင်စီရဲ့ လက်အောက်ခံ နယ်ခြားစောင့် တပ်တွေကို လွှဲပေးခဲ့ပြီး ဒီလူတွေဟာလည်း စစ်ကောင်စီရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေ နဲ့ တခြားလူ့အခွင့်အရေး ချိုးဖောက်မှု အန္တရာယ်တွေကို စိုးရိမ်ဖွယ်ရာ ရင်ဆိုင်နေရတယ်လို့ HRW အဖွဲ့က ပြောပါတယ်။

“ထိုင်းအာဏာပိုင်တွေဟာ အတိုက်အခံတက်ကြွလှုပ်ရှားသူ ၃ ယောက်ရဲ့ အသက်နဲ့ လွတ်လပ်မှုအပေါ် အန္တရာယ်ရှိတဲ့ကြားက မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒီလူတွေကို ပြန်ပို့ခဲ့ကြောင်းနဲ့ အဲဒီလူတွေ မြန်မာနိုင်ငံမှာရင်ဆိုင်ရမယ့် အန္တရာယ်ကိုလည်း မျက်ကွယ်ပြုခဲ့တယ်လို့” HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Elaine Pearson က ပြောပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အဲဒီလူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ နဲ့ သူတို့ကို ဘာပုဒ်မတွေနဲ့ တရားစွဲထားသလဲဆိုတာတွေကို ချက်ချင်းထုတ်ပြန်သင့်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံက Commoners’ Party က အခုလို မြန်မာအတိုက်အခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကို ထိုင်းအာဏာပိုင်တွေဖမ်းဆီးပြီး စစ်ကောင်စီဘက်ကို လွှဲပေးလိုက်တာကို တရားဝင်စာထုတ်ပြီး ကန့်ကွက်ထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံအနေနဲ့ ၎င်းတို့ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ " ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် လက်စဖျောက် ဖမ်းဆီးခြင်းကို ဆန့်ကျင်သည့်ဥပဒေ (Act Against Torture and Enforced Disappearance)" ကို ချိုးဖောက်တာဖြစ်တယ်လို့ Commoners' Party ပါတီက စွပ်စွဲထားပြီး ဒီအတွက်ဖြေရှင်းချက်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

HRW အဖွဲ့ကတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအနေနဲ့ အခုလို ထိုင်းအစိုးရက နိုင်ငံတကာဥပဒေချိုးဖောက်တာကို အဆုံးသတ်ဖို့ တရားဝင်ဖိအားပေးသင့်ကြောင်းနဲ့ မြန်မာအစိုးရကိုလည်း ဒီလူတွေနဲ့ ပတ်သက်ပြီး တာဝန်ခံဖို့ တောင်းဆိုသင့်တယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG