သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း မိုဘိုင်းဘဏ်အကောင့်တွေကို စိစစ်နေ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ အမျိုးသမီးတယောက်က သူ့ရဲ့မိုဘိုင်းဖုံးထဲမှာရှိနေတဲ့ မိုဘိုင်းဘဏ်အကောင့်ကိုပြနေစဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်မှာ အမျိုးသမီးတယောက်က သူ့ရဲ့မိုဘိုင်းဖုံးထဲမှာရှိနေတဲ့ မိုဘိုင်းဘဏ်အကောင့်ကိုပြနေစဥ်။ (ယခင်မှတ်တမ်းဓာတ်ပုံ)

အွန်လိုင်း ငွေကြေးအလိမ်အညာ ရာဇဝတ်လုပ်ငန်းတွေကို တားဆီးဖို့ မိုဘိုင်းဖုံး ဘဏ်အကောင့် ၁၀၆ သန်းရဲ့အချက်အလက်တွေကို စိစစ်သွားမယ်လို့ ထိုင်းအစိုးရကပြောကြောင်း ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ထိုင်းအခြေစိုက် မြန်မာအဖွဲ့အစည်းတွေကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘဏ်စာရင်းဖွင့်ထားတဲ့ ဖုန်းနံပါတ်တွေ၊ ဖြည့်စွက်ထားတဲ့ အချက်အလက်တွေ မှန်၊ မမှန်စစ်ဆေးထားဖို့ သတိပေးထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေသုံးနေတဲ့ ဘဏ်စာရင်းတွေကိုစိစစ်ဖို့ ထိုင်းအစိုးရက အခုမေလကုန်မှာ လုပ်ဆောင်သွားဖို့ရှိတာကြောင့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာတွေအနေနဲ့ မိမိဖွင့်ထားတဲ့ ဘဏ်စာရင်းတွေမှာ အချက်အလက် မှန်ကန်အောင်ဖြည့်စွက်ထားဖို့ မြန်မာအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ အထူးသဖြင့် ဘဏ်စာရင်းဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကဒ်နဲ့ နေထိုင်ခွင့် အထောက်အထားတွေ ကိုက်ညီမှု ရှိ၊ မရှိ ပြန်ပြီးစစ်ဆေးကြဖို့ သတိပေးနေတာပါ။

ထိုင်းအစိုးရက ဒါကို နောက်တကြိမ် အတည်ပြုထုတ်ပြန်လာသည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ်စေ ဥပဒေအရကြည့်မယ်ဆိုရင် ဒါက လုပ်သင့်တဲ့ကိစ္စဖြစ်တယ်လို့ ရခိုင်အလုပ်သမားများအဖွဲ့ရဲ့ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ပြောပါတယ်။

"ကျနော်တို့ ရွှေ့ပြောင်းမြန်မာအများစုကတော့ ဆင်းမကဒ်တွေကို တလတခါ တကဒ်ဝယ်ပြီး အသုံးပြုတာတွေ များစွာတွေ့ရတယ်။ တလတကဒ်၊ အင်တာနက် သုံးလို့ရရင်ပြီးပြီဆိုတဲ့ ပုံစံမျိုးနဲ့က အသုံးပြုကြတဲ့အခါကျတော့ ငွေကြေးနဲ့ပတ်သက်ပြီးတော့ အွန်လိုင်းက လိမ်လည်နေတဲ့ပုံစုံတွေကလည်း များစွာ ရှိလာတဲ့အခါကျတော့ ထိုင်းအစိုးရအနေနဲ့ ဒါကို ဂရုတစိုက်လုပ်လာတဲ့ပုံစံကို တွေ့ရတယ်။ တတ်နိုင်ရင်တော့ ဒီဆင်းမ်ကဒ်တွေကို ကိုယ်ကိုင်ဆောင်ထားတဲ့ လက်မှတ်တွေနဲ့ တရားဝင်လျှောက်ထားဖို့၊ နောက်ပြီး ဒီဆင်းမ်ကဒ်တွေကို ရေရှည်အသုံးပြုမယ်ဆိုရင် အကယ်၍များ အရေးပေါ်တခုခု ဆက်သွယ်ရမယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ပုံသေသတ်မှတ်ထားရင် ပိုပြီးလွယ်ကူတာကို တွေ့ရတယ်ပေါ့။"

ဘဏ်ကဒ်တွေကို လူအလွှဲအပြောင်းလုပ်ပြီး အသုံးမပြုဖို့လည်း သူက အကြံပြုပါတယ်။ ငွေစာရင်းစိစစ်မှုတွေနဲ့ပက်သတ်ပြီး ထိုင်းအစိုးရက ဒီလိုကိစ္စတွေကို မကြာခဏလုပ်ဆောင်လေ့ရှိပေမဲ့ ဒီတခါမှာတော့ အချက်အလက် မှန်ကန်မှုမရှိတဲ့ ဘဏ်စာရင်းတွေကို အပြီးပိတ်သိမ်းနိုင်တယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့သတင်းတွေလည်း ထွက်နေပါတယ်။ မြန်မာနိုင်ငံသားတချို့ကတော့ စိုးရိမ်ပြီး ဘဏ်ထဲကငွေကို ပြန်ပြီး ထုတ်ယူတာတွေရှိတယ်လို့ ဆုံခလာခရိုင်မှာနေတဲ့ မြန်မာနိုင်ငံသား တဦးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ပြပြီး ဖုန်းဆင်းမ်ကဒ် ဝယ်ယူထားသူတွေအနေနဲ့ ဖုန်းစင်တာတွေမှာ နောက်တကြိမ်သွားပြီး မှတ်ပုံတင်သင့်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာပြည်ဖွား ဂေါ်ရခါးလူငယ် အစည်းအရုံးဝင် မလေးလေးဝင်းက အကြံပြုထားပါတယ်။

"အရင်တခေါက်ကလည်း ATM တွေကနေ ပိုက်ဆံလွှဲတာတွေလေ ထိုင်းဘတ် (အထောက်အထား) သို့မဟုတ် ကိုယ့် ATM မရှိရင် ပိုက်ဆံလွှဲလို့တောင် မရဘူး အဲလိုမျိုးပေါ့။ အခုကျ သူတို့က ကိုယ့်ဖုန်းနဲ့မဟုတ်တဲ့ဘဏ်အကောင့်တွေကို ဖျက်ပစ်မယ်တို့ ဘာတို့ အခု အဲသတင်းထွက်နေတာပေါ့။ (ဆင်းမ်ကဒ်) ဝယ်တဲ့အချိန် မှတ်ပုံတင်ပေးပြီး၊ ပတ်စ်ပို့တ်တွေပေးပြီးဝယ်တဲ့ဟာတွေ မဆိုင်ဘူးပေါ့နော် သူတို့ (ဖုန်း)စင်တာကြီးမှာသွားပြီး သပ်သပ် မှတ်ပုံတင်ရတယ်။ အပြင်မှာဝယ်ရင်လည်း ပတ်စ်ပို့တော့ ပေးရတယ်လေ။ ဒါပေမဲ့ အဲဒါ register မဖြစ်ဘူးပေါ့နော်။"

ထိုင်းကိုရောက်နေတဲ့ မြန်မာလုပ်သားက ၄ သန်းကျော်ရှိတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။ ဒီထက်လည်း များနိုင်ခြေရှိတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အခုလို ဘဏ်စာရင်းတွေ ကြပ်မတ်တာကို ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) က ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ကော်မရှင်၊ ဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေ၊ ပုဂ္ဂလိကဘဏ်တွေနဲ့ အတူတွဲပြီး လုပ်ဆောင်နေတာပါ။ မေလ ၂၁ ရက်မှာ အသေးစိတ်အချက်အလက်တွေကို ဒီအဖွဲ့တွေက ထပ်ပြီးဆွေးနွေးခဲ့ကြတာပါ။ ဖုန်းအသုံးပြုသူတွေရဲ့ ဘဏ်စာရင်းတွေကို စိစစ်မဲ့ လုပ်ငန်းတွေကို မေလ ၂၇ ရက်မှာ စတင်မှာဖြစ်ပြီး ရက်ပေါင်း ၁၂၀ အတွင်းမှာ အပြီးသတ်နိုင်ဖို့လည်း ထိုင်းအမျိုးသား ရုပ်သံထုတ်လွှင့်ရေးနှင့် ဆက်သွယ်ရေးကော်မရှင် (NBTC) ဘက်က ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG