သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ဥပဒေနဲ့တရားဝင်ခွင့်ပြုဖို့ ထိုင်းအစိုးရစီစဉ်


ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ လွှတ်တော်အဆောက်အဦ (ဩဂုတ်၊ ၂၀၂၃)

ထိုင်းနိုင်ငံမှာ အွန်လိုင်းလောင်းကစားတွေကို တရားဝင်ခွင့်ပြုမယ်ဆိုတဲ့ အစီအစဉ်ကြောင့် ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ခဲ့သလို သူတို့လုပ်ငန်းတွေကို အွန်လိုင်းပေါ်ကို ရွေ့ပြီး တရားမဝင်ငွေကြေးခဝါချမှုတွေ လုပ်လာမှာ စိုးရိမ်လာကြပါတယ်။ အွန်လိုင်းလောင်းကစားတွေကို ခွင့်ပြုမယ့် ဥပဒေကြမ်း တလအတွင်း ထွက်လာနိုင်မယ်လို့ ထိုင်းနိုင်ငံ ဒစ်ဂျစ်တယ်စီးပွားရေးဆိုင်ရာ ဝန်ကြီး ပရာဆက် ဂျန်တာရူရန်တောင်က ပြီးခဲ့တဲ့အပတ်က ပြောခဲ့တာပါ။

လက်ရှိအစိုးရအဖွဲ့ရဲ့ နောက်မှာရှိသူလို့ ယူဆကြတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နဝပ်ကလည်း ဒီအစီအစဉ်ကို လိုလိုလားလားထောက်ခံခဲ့တာပါ။ အခုလို အွန်လိုင်းလောင်ကစားတွေ တရားဝင်ခွင့်ပြုအားဖြင့် အစိုးရအတွက် တနှစ်ကို အမေရိကန်ဒေါ်လာ သုံး ဘီလီယံနီးပါး ဝင်ငွေ တိုးလာနိုင်တယ်လို့ ဝန်ကြီးချုပ်ဟောင်း တက်ဆင်ကပြောခဲ့ပါတယ်။

ဥပဒေပြင်ပမှာရှိနေပြီးသား ဒီလုပ်ငန်းတွေကို တရားဝင်ခွင့်ပြုပေးခြင်းအားဖြင့် အဲဒီ နောက်ကွယ်က ရာဇဝတ်မှုကျူးလွန်သူတွေကိုလည်း မောင်းထုတ်နိုင်မယ်လို့ ဝန်ကြီး Prasert က ပြောပါတယ်။ တရားမဝင်ဖြစ်နေတဲ့ လောင်းကစားလုပ်ငန်းတွေကို တရားဝင်ဥပဒေဘောင်အတွင်း တင်းကြပ်ပြီး ထိုက်သင့်တဲ့အခွန်အတုတ်တွေ ရရှိနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ Prasert က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ဥပဒေနဲ့အညီ တရားဝင်ခွင့်ပြုဖို့ လုပ်နေချိန်မှာပဲ၊ အပန်းဖြေစခန်းတွေ ဟိုတယ်တွေအတွင်းမှာ ဖွင့်ထားတဲ့ ကာစီနို လောင်ကစားရုံတွေကိုလည်း တရားဝင်ခွင့်ပြုဖို့ ထိုင်းအစိုးရက ပြင်ဆင်ဆောင်ရွက်နေပါတယ်။ အွန်လိုင်းလောင်ကစားလုပ်ငန်း တရားဝင်ခွင့်ပြုမှုဆိုင်ရာဥပဒေကြမ်းကို ဝန်ကြီးချုပ်ရုံးကနေ အတည်ပြုချက် ရပြီဆိုရင်တော့၊ ထိုင်းလွှတ်တော်မှာ ဆွေးနွေးကြဖို့ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG