ထိုင်းနိုင်ငံရဲ့ လက်ရှိအာဏာရ စစ်အစိုးရက ထိုင်းနိုင်ငံရေးပါတီသစ်ရဲ့ ခေါင်းဆောင် Thanathorn Juangroongruankit ကို နိုင်ငံတော် ပုန်ကန်ရန်ကြံစည်မှုနဲ့ ဒီကနေ့မှာ စွဲချက်တင်လိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က ကျောင်းသားတွေရဲ့ သပိတ်မှောက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တာကြောင့် သူ့ကို အခုလိုစွဲချက်တင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားလိုက်ပြီး သူဘက်ကတော့ အဲဒီစွဲချက်တွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။
သူ့ကို အရပ်ဘက် ပြစ်မှုဆိုင်ရာ တရားရုံးမှာ စွဲဆိုတာမဟုတ်ဘဲ စစ်ခုံရုံးမှာ အခုလို စွဲဆိုခဲ့တဲ့အပေါ်မှာ စိုးရိမ်တယ်လို့လည်း သူကပြောကြားလိုက်ပါတယ်။ တကယ်လို့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ သူ့အနေနဲ့ ထောင်ဒဏ် ၉ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။ ထိုင်းနိုင်ငံသား အတော်များများဟာ နိုင်ငံတော် ပုန်ကန်ရန်ကြံစည်မှုနဲ့ စွဲခံရပေမယ့်လည်း သူ့အပေါ် ဘာအမှုနဲ့ စွဲတယ်ဆိုတာ အတည်တကျ မဖြစ်သေးဘူးလို့ ပြောပါတယ်။
ဘန်ကောက်မြို့က ရဲစခန်းကို ရောက်ရှိလာချိန်မှာတော့ သူ့ကို ထောက်ခံအားပေးသူတွေက သူ့ရဲ့ နာမည်ကို အော်ဟစ်ပြီး ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကြွေးကြော်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး တပတ်အကြာမှာ သူ့အပေါ် အခုလို တရားစွဲဆိုလိုက်တာဟာ နိုင်ငံရေးအရဖြစ်တယ်လို့ Future Forward ပါတီကို တည်ထောင်ခဲ့တဲ့ Thanathorn က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ စစ်တပ်က ၂၀၁၄ ခုနှစ်ကတည်းက အာဏာသိမ်းယူခဲ့တာဖြစ်ပြီး စစ်ဗိုလ်ချုပ် ပရာရွတ်ချန်အိုချာက လက်ရှိမှာ ဝန်ကြီးချုပ်အဖြစ်နဲ့ တာဝန်ယူနေတာဖြစ်ပါတယ်။