သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသူအများစု မြန်မာနိုင်ငံက ဝင်ရောက်


ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသူများ
ထိုင်းနိုင်ငံတွင်း လူကုန်ကူးခံရသူများ

ထိုင်းနိုင်ငံအတွင်း လူမှောင်ခိုကူးခံရသူတွေကို ကယ်တင်နိုင်တဲ့ အရေအတွက်ဟာ ဖမ်းဆီးရမိတဲ့ အရေအတွက်ဟာ အခုနှစ်အတွင်း အများဆုံးဖြစ်မယ်လို့ထိုင်းအစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေမှာ ဖော်ပြထားပါတယ်။ ကယ်တင်ခံရသူ အများစုဟာ မြန်မာ နိုင်ငံသားတွေဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံထဲမှာ လုပ်အားခသက်သာတဲ့ အလုပ်သမား လိုအပ်မှုတွေ ရှိနေတာကြောင့် အခုလို တရားမဝင် လူမှောင်ခိုကူးတဲ့လုပ်ငန်း ကြီးထွားလာနေတာလို့ ဆိုပါတယ်။

လက်ရှိအချိန်ထိ တရားမဝင် လူမှောင်ခိုကူးခံရသူ ၉၇၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ဖြစ်တာကြောင့် မနှစ်က တနှစ်လုံးမှာ ၆၂၂ ဦးသာ ကယ်တင်နိုင်ခဲ့တာနဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ များလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် တနှစ်လုံးမှာ ၉၈၂ ယောက် ကယ်တင်ပြီး အများဆုံး စံချိန် ချိုးခဲ့ဘူးတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းအစိုးရ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေးဌာနက ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံအတွင်းက ငါးဖမ်းလုပ်ငန်းနဲ့ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ် အသုံးပြုနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း နိုင်ငံတကာရဲ့ ဝေဖန် ပြောဆိုမှုတွေကို ထိုင်းအစိုးရက ရင်ဆိုင်နေရတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနက အခုနှစ်အတွက် ထုတ်ပြန်တဲ့ လူမှောင်ခိုကူးမှုဆိုင်ရာ အစီရင်ခံစာမှာလည်း ထိုင်းနိုင်ငံအနေနဲ့ လူမှောင်ခိုကူးတဲ့ လုပ်ငန်းတွေကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းခြင်းမရှိဘူးဆိုပြီး ဝေဖန်ထားပါတယ်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမား ငါး သန်းနီးပါး ရှိနေတာမှာ ဒါဟာ ထိုင်းနိုင်ငံရဲ့ အလုပ်သမားဦးရေ စုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းကျော် ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီ ရွှေ့ပြောင်းအလုပ်သမား အများစုဟာ အိမ်နီးချင်း မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ်တို့က ဖြစ်တယ်လို့ ဆိုပါတယ်။

ကယ်တင်ခံရသူအများစုက မလေးရှားမှာ သွားအလုပ်လုပ်ကြမယ်လို့ ပြောဆိုကြတာကြောင့် အခုနှစ်မှာ ဖမ်းမိတဲ့အရေအတွက်ဟာ စံချိန်တင်သွားနိုင်တယ်လို့ ထိုင်းနိုင်ငံ လက်ထောက်ရဲမင်းကြီး Mana Keebsattabudh က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG