သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောင်းလုံးအဝင် ကုန်စည်သယ်ယူခွင့် စစ်ကောင်စီ တင်းကြပ်စစ်ဆေး


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ ယခင်မှတ်တမ်းဓာတ်ပုံ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေအတွင်း မီးရှို့ခံခဲ့ရတဲ့ နေအိမ်များ ယခင်မှတ်တမ်းဓာတ်ပုံ

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် အခြေခံစားသောက်ကုန်၊ ဆေးဝါးသယ်ယူခွင့်ကို အရင်ကထက်ပိုပြီး တင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဘက်က ရေကြောင်းကနေ စစ်ကူတိုက်ခိုက်တာလည်း အရင်ထက်ပိုပြီးလုပ်လာတယ်လို့ ပြောပါတယ်။ လောင်းလုံးမြို့နယ်က အခြေအနေ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းက လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၃ ရက်နေ့က တော်လှန်ရေးအင်အားစုတွေ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ ထားဝယ်ခရိုင်တပ်ပေါင်းစု ဦးဆောင်တဲ့ ဒေါနစစ်ကြောင်းတပ်ခွဲ - ၇၊ ဖက်ဒရယ် ဓူဝံတပ်ဖွဲ့၊ နွေဦးပျောက်ကြားတပ်ဖွဲ့နဲ့ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာပါ။

ကျောက်နီမော်တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ပျူစောထီးနဲ့ စစ်ကောင်စီ တပ်သား ၄၀ ထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ဘက်က ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က မြေပြင်၊ ရေပြင်နဲ့ လေကြောင်းတိုက်ခိုက်မှု အင်အားသုံးဆောင်ရွက်လာတယ်လို့ ပြောပါတယ်။ လောင်းလုံး အဝင် စစ်ဆေးရေးဂိတ်အပြင် ထားဝယ်ခရိုင်အတွင်းက မြို့နယ်အားလုံးဆီ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ပိုပြီးတင်းကြပ်လိုက်တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။

"ထားဝယ် ၄ မြို့နယ်လုံးကို ထွက်တဲ့ဂိတ်တွေမှာက အရင်ကတည်းက ဆေးဝါး၊ ဆန်၊ ဆီ၊ ခေါက်ဆွဲတို့ အခြေခံစားသောက်ကုန်တွေကို တင်းကြပ်ထားတာရှိတယ်ဗျ။ ကျောက်နီမော်မှာ တိုက်ပွဲဖြစ်ပြီးတော့ လည်းပဲ ကမြောကင်းတံတားဂိတ်ကနေပြီးတော့ အခြေခံစားသောက်ကုန်တွေကို အရင်ကထက် ပိုကြပ် လာတာမျိုးတော့ တွေ့ရတယ်ဗျ။ ဒါပေမဲ့ တချို့ကားသမားတွေ ပြောတာကတော့ သယ်လို့ရတယ် ပြောတယ်။ ဒါပေမဲ့ ပိုက်ဆံတောင်းတာပေါ့ဗျာ။ သူတို့ (စကစ) ငွေလိုတဲ့အတွက် ဒီလိုပဲ ကြပ်နေတဲ့ ပုံစံမျိုးတော့ ကျနော်တို့ သိထားရတယ်ဗျ။"

တိုက်ပွဲအပြီး အခုရက်ပိုင်းထဲ ပင်လယ်ပြင်မှာ စစ်ကောင်စီဘက်က အင်အားတိုးချထားတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဒေသခံတွေအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့ ဒေသခံတွေကတော့ စစ်ကောင်စီရဲ့ ကုန်းပေါ်နဲ့ ရေပြင်မှာရှိတဲ့နှစ်ဖွဲ့လုံးကို ငွေကြေးပေးဆောင်နေရ တယ်လို့ ပြောပါတယ်။ ရေတပ်အင်အားတိုးတာ အတည်မပြုနိုင်ပေမယ့် ကျောက်နီမော်တိုက်ပွဲတုန်းက ရေတပ်အင်အားကူတာ အရင်ထက်ပိုလာတယ်လို့ ကိုမင်းလွင်ဦးက ဆက်ပြောပါတယ်။

"ဒီတခါ ကျောက်နီမော်တိုက်ပွဲ ဖြစ်တဲ့အခါမှာတော့ ရေကြောင်းကနေ စစ်ကူပေးတဲ့ဟာက နဂို သူတို့ လက်နက်ကြီးနဲ့ စစ်ကူပေးတာထက်တော့ ပိုပြီးတော့များတဲ့ အနေအထားမျိုးပေါ့ဗျာ။ အင်အား နည်းနည်းတိုးတဲ့ အနေအထားမျိုးတော့ တွေ့ရတယ်ဗျ။"

တနင်္သာရီတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ပွင့်လင်းရာသီကစပြီး စစ်ရေးအရှိန်မြှင့် ဆောင်ရွက်လာသလို နှစ်ဘက်အပြန်အလှန် တိုက်ပွဲတွေလည်း ပိုပြင်းထန်လာတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ မကြာခဏဆိုသလို ထွက်ပြေးတိမ်းရှောင် ရတယ်လို့လည်း သူကပြောပါတယ်။

"ကျနော်တို့ လောင်းလုံးမှာဆိုရင် ပင်လယ်နဲ့ကပ်လျက် ရွာတွေမှာဆိုရင် ရေကြောင်းကိုလည်း ကြောက် ရတယ်ဗျာ။ ရေကြောင်းကနေ လက်နက်ကြီးနဲ့လှမ်းထုတဲ့ဟာမျိုးတွေရှိတယ်။ ပြီးတော့ လေကြောင်း ကလည်းပဲ တိုက်ပွဲဖြစ်တယ်ဆိုလို့ရှိရင် လေကြောင်းကနေလာတယ်။ အဲလိုမျိုးတွေဆိုတော့ စစ်ဘေးရှောင်တွေအတွက်လည်း တော်တော်လေး အခက်အခဲရှိနေတဲ့ အနေအထားမျိုးတော့ ရှိတာပေါ့ဗျာ။"

တနင်္သာရီတိုင်းထဲမှာ ကုန်စည်သယ်ယူခွင့်ကို စစ်ကောင်စီဘက်က ဟိုအရင်ကတည်းက ကန့်သတ်ထား တာပါ။ ကုန်စည်သယ်ယူနိုင်ဖို့နဲ့ ဒေသခံတွေဝမ်းရေးအတွက် ငါးဖမ်းထွက်ချိန်မှာလည်း စစ်ကောင်စီ ဘက်ကို ငွေကြေးပေးရတဲ့ အခြေအနေက အရင်ထက်ပိုပြီး ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Forum

XS
SM
MD
LG