သုံးရလွယ်ကူစေသည့် Link များ

ကြိုတင်မဲ မပေး လိုက်ရသူ အချို့ အတွက် မဲပြား ပြန်ပို့မည်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး

နိုင်ငံပြင်ပမှာ ရှိနေတဲ့ မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးရာမှာ မဲပြား မစုံလင်တဲ့အတွက် ရသလောက်ပဲ မဲပေးခဲ့ကြသူတွေနဲ့ မဲစာရင်းနာမည် ပါပေမယ့် မဲပြားမရလို့ မဲမပေးရသူတွေ အတွက် မဲပြားတွေ ထပ်မံပို့ပေးမယ် လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆို လိုက်ပါတယ်။ အချိန် အကန့်အသတ်ကြောင့် နိုင်ငံ အနီးအနား တိုင်းပြည်တွေကိုဘဲ ပေးပို့နိုင်မယ်လို့လည်း သူကပြောဆိုလိုက်ပါတယ်။ လက်ရှိကြိုတင်မဲပေးရာမှာ တွေ့ကြုံနေရတဲ့ ပြဿနာတွေဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ အားနည်းချက်ကြောင့် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်း ထောက် မေခကပေးပို့ထားပါတယ်။

ဒီကနေ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေတွေ့ဆုံချိန်မှာ အခုလိုပြောဆို လိုက်တာပါ။ ကြိုတင်မဲပေးရာမှာ အခက်အခဲကြုံတွေ့နေရ တဲ့ ပြည်ပရောက် မဲဆန္ဒရှင်တွေအနေနဲ့ အချိန် ကန့်သတ်ချက် ရှိတာကြောင့် ဝေးလံတဲ့နိုင်ငံရပ်ခြား တိုင်းပြည်တွေ မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကတော့ ပြန် ပြီးမဲပေးခွင့်ရဖို့ မသေချာဘူးလို့ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုလိုက်ပါတယ်။

“အားနည်းချက်တွေကတော့ ကော်မရှင်ဖက်ကကော၊ နိုင်ငံခြားရေးဝန်ကြီးဖက် ကကော၊ မဲဆန္ဒရှင်တွေဖက်ကကော အတွေ့အကြုံတွေမရှိတဲ့အခါကတော့ ဒီအပေါ်မှာ ချို့ယွင်း အားနည်းချက်တွေ ရှိကောင်းရှိပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကော်မရှင် အနေနဲ့တော့ အစွမ်းကုန်ကြိုးစားပေးနေတယ်လို့ ကျနော်ပြောချင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် မပါသွားဘူးဆိုရင် အချိန်မှီတဲ့ တိုင်းပြည်တွေဆိုရင် ကျနော်တို့ ပို့ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ဒါကို ကျနော်တို့ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ညှိနေပါတယ်။ အချို့သော တိုင်းပြည်တွေက အချိန်မမှီဘူးဆိုရင်လည်း ပိုဖြစ်တော့မှာ မဟုတ်ပါဘူး။ ကျနော်ပြောနိုင်တာကတော့ စင်္ကာပူတို့လို အနီးအနားမှာ ရှိတဲ့ အများစုပါ ၊ ဒါမျိုးဆိုရင် ဘယ်သူတွေဟာ နာမည်စာရင်း ပါပါလျှက် မဲလက်မှတ်မရဘူး ဆိုရင် ပို့ပေးပါမယ်။ ဝေးတဲ့ဟာတွေ ကျတော့ ကျနော်တို့ အခက်အခဲရှိပါတယ်။ ဖြစ်နိုင်သမျှ နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ကော်မရှင်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးမယ် လို့ ပြောချင်ပါတယ်။”

နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးခွင့် မရတဲ့ကိစ္စကို ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ အကူညီပေးရင် အဆင်ပြေသွားနိုင်ပေမယ့် ကော်မရှင်အနေနဲ့ ဘယ်လိုလုပ်မယ် ဆိုတာ တိတိကျကျပြောတာ မရှိဘူးလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အဲတော့ ကော်မရှင်က အကူအညီပေးမယ်ဆိုရင် တချို့နေရာတွေမှာ သက်သာသွားမယ် လို့ အန်ကယ်တို့ထင်တယ်။ သို့သော် ကော်မရှင် က ဘာလုပ်လဲ ဆိုတာတော့ ကျနော်တို့ မသိပါဘူး။ အကျိုးဆက်ကလေ အန်ကယ်တို့တော့ မျှော်လင့်တယ်၊ အနည်းစုဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်။ အများစုဖြစ်တယ် ဆိုရင်တော့ ဒီရွေးကောက်ပွဲက မျှတမှုမရှိတော့ဘူး လို့ ပြောရမှာပေါ့။ အနည်းစုဆိုရင် ချင့်ချိန်ပြီးတော့ ဆုံးဖြတ်ရမှာပေါ့။ အနည်းစုဖြစ်ပါစေလို့ပဲ ဆုတောင်းတယ်။”

အမျိုးသားဒီမိုကရေစီပါတီသစ်က ဦးကျော်ကတော့ ကြိုတင်မဲ ပြဿနာကို ဖြေရှင်းဖို့ ကော်မရှင် မှာ တာဝန်ရှိတယ်လို့ ခုလိုပြောပါတယ်။

“အဲဒါ သံရုံးနဲ့ ကော်မရှင်ပေါ်မှာ မှုတည်တယ်။ အပြည့်အစုံသူက ပို့ပေးရမယ်။ အမျိုးသားလွှတ်တော်မဲကို အမျိုးသားလွှတ်တော်မဲကို ပို့ပေးရမယ်။ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်မဲကိုပို့ပေးရမယ်။ ပို့ပေးတာက အလွှတ်တွေပဲ ပို့ပေးရမှာ။ အဲဒီကျမှ သံရုံးက အရာရှိက မဲရုံမှူးကိုယ်စား လက်မှတ်ထိုးပြီး ထုတ်ပေးရမှာ၊ အဲဒီစာရွက်က သူ့ဆီမှာ မရှိဘူးဆိုရင်တော့ ကော်မရှင်ရဲ့ တာဝန်ဖြစ်သွားပြီပေါ့။ ဒါကော်မရှင်တာဝန်ဖြစ်သွားတာဆိုတော့ ဒီမဲနစ်နာမှုက တိုင်းပြည်အတွက် နစ်နာတာနဲ့ အတူတူပဲဖြစ်သွားပြီ။

အခုလို မဲပေးခွင့်ဆုံးရုံးတဲ့ ပြည်ပရောက်နိုင်ငံသားတွေအတွက် ဒီမဲရရှိဖို့အတွက်ကို သံရုံးနဲ့ UEC နဲ့ ဆက်သွယ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ရင် ဒီကိစ္စပြေလည်သွားနိုင်ပါတယ်။ ဒီမဲစာရင်းပို့တာ ဘာမှ ပြဿနာမဟုတ်ဘူးလေ။ ဘာဖြစ်လို့ မဲစာရင်း စာရွက်မရောက်ရမှာလဲ၊ မရ ရမှာလဲဆိုတာ ကောင်းတဲ့ အလားအလာမဟုတ်ဘူး။ မဲစာရွက်မရဘူးဆိုတာ ဒါမဖြစ်သင့်တဲ့ဟာ။

လက်ရှိမှာတော့ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာရှိတဲ့ သံရုံးပေါင်း ၄၄ရုံးက သက်ဆိုင်ရာ သံရုံးတွေ အစီအစဉ်နဲ့ မဲပေးရက်သတ်မှတ်ပြီး ကြိုတင်မဲပေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပါတယ်။ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်းနဲ့ သြစတြေးလျ၊ ဗြိတိန်နိုင်ငံ စတဲ့ နိုင်ငံတကာရောက် မြန်မာနိုင်ငံ သားတွေ ကြိုတင်မဲ ပေးကြတဲ့အချိန် မဲစာရင်းထဲပါပေမဲ့ မဲလက်မှတ် မပါတာ၊ မဲပေးတဲ့ပုံစံဖြည့်ပေမဲ့ မဲစာရင်းထဲမပါတာ ကြိုတင်မဲလက်မှတ် အရေအတွက် မှားယွင်းမှုတွေ ရှိနေတာ စတဲ့ အခက်အခဲတွေ များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒီအတွက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ် လျက်ရှိပါတယ်။

ပြည်ပရောက်မြန်မာတွေအနေနဲ့ ကြိုတင်ဆန္ဒမဲတွေကို နိုင်ငံတကာသံရုံးတွေမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နောက်ဆုံးထားပေးခဲ့ကြတာပါ။ မဲပေးသူ များပြားလွန်းလို့ အချိန်မလောက်တာကြောင့် စင်ကာပူနိုင်ငံနဲ့ ဂျပန်နိုင်ငံ မြန်မာသံရုံးတွေကတော့ ကြိတင်ဆန္ဒမဲ ပေးရက်ကို တိုးမြှင့်ပေးခဲ့ပါတယ်။ မဲမပေးခဲ့ရသူတွေအတွက် မဲပြားတွေ ထပ်ပို့ပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပေမယ့်၊ မဲထပ်ပေးနိုင်ဖို့ သံရုံးတွေအနေနဲ့ ဘယ်လို စီမံပေးမလဲဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ပြည်တွင်းမှာတော့ ကြိုတင်မဲတွေကို အောက်တိုဘာ ၂၉ရက်နေ့မှ စတင်ပေးရမှာဖြစ်ပါတယ်။

နိုင်ငံတကာက မြန်မာသံရုံးတွေမှာ ကြိုတင်ဆန္ဒမဲပေးကြတဲ့အခါ အမှားအယွင်း အချို့ရှိခဲ့တဲ့ အပေါ်မှာ သံရုံးအချို့က ကြေညာချက်တွေ ထုတ်ခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ မှာရှိတဲ့ အမေရိကန်ဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးကျော်မျိုးထွဋ် ကလည်း ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။ ကြိုတင် ဆန္ဒမဲပေးမှုတွေ အောင်မြင်စွာ ပြီးဆုံး ခဲ့သည်ဟု ပြောဆိုလိုသော်လည်း၊ အကြောင်းကြောင်းကို ထောက်ရှုပြီး ပြောဆိုရန် ၀န်လေးမိပါသည်ဟု သံအမတ်ကြီး ဦးကျော်မျိုးထွဋ်က ရေးသားထားပါတယ်။

ကြိုတင်ဆန္ဒမဲ ပေးသူအချို့ ဆန္ဒများ မပြည့်ဝခဲ့သည်ကို ၀မ်းနည်းစွာ ကြုံတွေ့ခဲ့ရပါသည် လို့လည်း ရေးထားပါတယ်။ ကြိုတင်ဆန္ဒမဲ ပေးခွင့်မရသူတွေ အတွက် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိပြိး၊ ကြိုတင်မဲလက်မှတ်တွေ ပြန်လည် ရရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် သို့ ပြန်လည် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ချက်ရှိကြောင်းလည်း ၀ါရှင်တန် သံအမတ်ကြီးရဲ့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG