သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒေသကနေ ရန်ကုန်ရောက် သီလရှင်ငယ်လေးတွေရဲ့ အနာဂတ်အိပ်မက်


 မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်ရှိ သီလရှင်များ
မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်ရှိ သီလရှင်များ

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေကြား နယ်စပ်ဒေသတွေက ကျောင်းနေအရွယ် ကလေးငယ်တွေဟာ မိဝေး၊ ဖဝေး မိုင်ပေါင်းများစွာ ကွာဝေးတဲ့ မြို့ကြီးတွေက ဘုန်းတော်ကြီး စာသင်တိုက်တွေနဲ့ သီလရှင်စာသင်တိုက်တွေမှာ ပညာသင်ကြားနေကြရပါတယ်။ သူတို့ရဲ့ အခက်အခဲတွေကြားက အနာဂတ် အိပ်မက်တွေက ဘာတွေဖြစ်ပါမလဲ။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပေးပါမယ်။




ရန်ကုန်မြို့ ဆင်ခြေဖုံး ဒေသတခုက မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်မှာ အသက် ၄ နှစ်ကနေ ၁၈ နှစ်အတွင်းရှိတဲ့ သီလရှင် ၆၆ ပါးရှိပါတယ်။ သူတို့ဟာ လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်ကြား စစ်ရေး ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မွေးဖွားသူ ပလောင်လူမျိုး တွေပါ။ လွတ်လပ်ရေးရပြီး နောက်ပိုင်းကတတည်းက ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ မြန်မာနိုင်ငံ နယ်စပ် ဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလိုတာနဲ့ သဘာ၀ သယံဇာတ ပစ္စည်းတွေကြောင့် လက်နက်ကိုင် အဖွဲ့တွေနဲ့ အစိုးရစစ်တပ်ကြား ပဋိပက္ခတွေရှိခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ကြိုးပမ်းနေပေမဲ့လည်း အောင်မြင်မှု မရသေးပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ မတည်ငြိမ်တဲ့ ဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျောင်းတွေလည်း ပိတ်ထားရတာပါ။

သီလရှင်စာသင်တိုက်ကို ရောက်လာပြီး ပညာသင်ရတဲ့ အကြောင်းကို အသက် ၁၇နှစ်အရွယ် သီလရှင်လေး မခေမာသီက အခုလိုပြောပါတယ်။

“အဆင်ပြေတယ် ။ ရွာမှာလည်း ဆရာမတွေက စာလာမသင်ရဲဘူး။ စစ်ကို ကြောက်တော့ မြန်မာဆရာမတွေက လာမသင်ရဲဘူး ။ ရွာမှာနေရင် စစ်ကိုကြောက်ရတယ် မနေချင်ဘူး။ မိဘတွေကိုတော့ သတိရတယ်။”

ရန်ကုန် သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှုး တဦးဖြစ်သူ ဦးစိန်မော်ရဲ့ ပြောကြားချက် အရ နယ်စပ် တိုက်ပွဲတွေရဲ့ အကျိုးဆက် ကြောင့် ရန်ကုန်မြို့က ဘုန်းတော်ကြီး စာသင်တိုက်တွေနဲ့ သီလရှင်စာသင်တိုက်တွေမှာ ကိုရင်ငယ်တွေနဲ့ သီလရှင်လေးတွေ ၁၈၀၀၀ နီးပါး ပညာသင်နေကြရတယ်လို့ သိရပါတယ်။ မင်္ဂလာ သိဒ္ဓိ သီလရှင် စာသင်တိုက်က သီလရှင်လေးတွေ ဟာ မနက် ၄ နာရီ အိပ်ယာထရပြီး ၂ နာရီကြာ ဘုရားဝတ်ပြု ဆုတောင်း ကြရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ ထဲ ရပ်ကွက်တွေမှာ တပတ် ၂ ရက် ဆွမ်းဆန်ခံထွက်ကြရပါတယ်။ တခြားရက်တွေမှာတော့ သူတို့ဟာ အစိုးရကျောင်း သင်ရိုးနဲ့ အညီ ပရဟိတ စာလာသင်ပေးကြတဲ့ ဆရာ၊ ဆရာမတွေဆီမှာ ပညာဆည်းပူးကြရပါတယ်။ သူတို့ရောက်လာတုန်းက မြန်မာစကား မပြောတတ်ကြသလို ပြောဖို့အတင်းအကြပ် တိုက်တွန်းတာလည်း မရှိဘူးလို့ တိုက်အုပ် သီလရှင်ကြီး ဒေါ်ဝါရညာဏီ ကပြောပါတယ်။ သီလရှင်လေးတွေအနေနဲ့ သူတို့ မွေးရပ်မြေကို အလည် ပြန်ကြတာ လည်း မရှိသလောက်ပါပဲလို့ လည်းသီလရှင်ကြီးက ပြောပါတယ်။

အသက် ၁၇ နှစ်အရွယ် သီလရှင်လေး ခေမာသီကတော့ အထက်တန်းဆင့်ထိ ပညာသင်ပြီးရင်တောင် လူဝတ်မလဲပဲ သီလရှင်အဖြစ်နဲ့ ဆက်နေသွားမယ်လို့ ပြောပါတယ်။

“လှတဲ့ မိန်းကလေးတွေကို တွေ့ရင် ကိုယ်လည်းလူထွက်ချင်တယ်။ ဒါပေမယ့် ထွက်ရင် ကိုယ့်ဘဝက သူများနဲ့မှမတူတာ ၊ အဲဒါကြောင့်မို့လို့ မထွက်တော့ဘူးလို့ ဆရာလေးလိုပဲ နေတော့မယ်လို့။”

အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ သီလရှင် မဓမ္မသိဂီ ၤရဲ့ ငယ်ဘဝအိမ်မက်ကတော့ အင်ဂျင်နီယာဖြစ်ချင်ခဲ့ပြီး ဘောလုံး အားကစားကို နှစ်သက်သူပါ။ အခက်အခဲတွေကြားက သူ့အနာဂတ်အိမ်မက်ကရော ဘယ်လိုပါလဲ။

“ဆွမ်းခံသွားတာ နေပူဒဏ် သိပ်မခံနိုင်ဘူး။ ၁၀ တန်းအောင်ပြီးရင်တော့ တက္ကသိုလ်တွေ ထပ်တက်မယ်။ ဘွဲ့ရတဲ့အထိ လုပ်မယ်။ ဘွဲ့ရရင်တော့ အင်ဂျင်နီယာကြီးကို ဖြစ်ချင်တယ်။ ဘောလုံးလည်း ကန်ချင်တယ် လူထွက်ပြီးတော့ ကန်တာ ဘောလုံး ပထမဆု ရခဲ့တယ်။”

မြန်မာနိုင်ငံမှာ ရှေးအစဉ်အလာအရ သီလရှင်တွေဟာ ဘုန်းတော်ကြီးတွေလောက် ဦးစားပေးခြင်းမခံကြရပါဘူး။ ဒါပေမဲ့ ဘုန်းတော်ကြီးတွေနည်းတူ သီလရှင်တွေမှာလည်း နေ့စဉ် စောင့်ထိန်းကြရတဲ့ သီလ၊ ကျင့်ဝတ်တွေ ရှိပါတယ်။ အခုလို စစ်ရေး ပဋိပက္ခတွေနဲ့ မတည်ငြိမ်တဲ့ ဒေသတွေကကျောင်းနေအရွယ် ကလေးငယ်တွေဟာ အခုလို စာသင်တိုက်တွေမှာ ပညာဆည်းပူးရင်း ဘဝကိုရှေ့ဆက်ကြဖို့ အိမ်မက်တွေကိုယ်စီနဲ့ ရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


..............

(Zawgyi/Unicode)











XS
SM
MD
LG