သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Robert Mugabe ထားရစ်တဲ့ အစဉ်အလာ


ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတဟောင်း ရောဘတ် မူဂါဘီ

ဇင်ဘာဘွေနိုင်ငံရဲ့ သမ္မတဟောင်း ရောဘတ် မူဂါဘီဟာ အသက် ၉၅ နှစ်အရွယ်မှာ လူကြီးရောဂါ နဲ့ စင်္ကာပူနိုင်ငံမှာ ကွယ်လွန် သွားပါပြီ။ တချို့က သူ့ကို လွတ်လပ်ရေး ခေါင်းဆောင် သူရဲကောင်းတဦး အဖြစ် ချီးကျူးပြောဆိုခဲ့ကြသလို တချို့ကတော့လည်း ပြည်သူတွေကို အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ ညှုဉ်းဆဲ အုပ်ချုပ်ခဲ့သူ၊ တိုင်းပြည်ကို ဆင်းရဲတွင်း နက်အောင် ဆွဲချခဲ့သူအဖြစ် ဝေဖန်ကြတာလည်း ရှိပါတယ်။

VOA ၀ိုင်းတော်သူ မခွာညို က ဦးကျော်ဇံသာကို မေးမြန်းထားပါတယ်။

မခွာညို ။ ဇင်ဘာဘွေရဲ့ ကွယ်လွန်သူ သမ္မတဟောင်း ရောဘတ်မူဂါဘီ အပေါ် အခုလို ဝေဖန်ချက်အမျိုးမျိုးနဲ့ ပတ်သက်လို့ ဘယ်လို သဘောရပါသလဲ။

ဦးကျော်ဇံသာ။ ။ နှစ်ခုလုံးမှန်တယ်ပြောရမှာပါ။ ဗြိတိသျှ ကိုလိုနီနိုင်ငံကို ဇင်ဘာဘွေ နိုင်ငံအဖြစ် ဖန်တီးခဲ့တဲ့နေရာမှာ သူအဓိက ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်ရေးရပြီး နှစ်တွေမှာ ဇင်ဘာဘွေ နိုင်ငံရဲ့ ပညာရေး ၊ ကျန်းမာရေး၊ အဆင့်အတန်း မြင့်အောင်လုပ်နိုင်ခဲ့တယ် အာဖရိကတိုက်ရဲ့ ဆန်အိုးကြီးလို့ ပြောရလောက်အောင် ဇင်ဘာဘွေရဲ့ ကောက်ပဲသီးနှံတွေလည်း အင်မတန် အထွက်နှုန်းကောင်းခဲ့ပါတယ်။ ဒါ့အပြင် သူဟာ အာဖရိကတိုက်တခုလုံးအကျိုးကို ဥရောပတိုက်နဲ့ တန်းတူဖြစ်လာအောင် မြှင့်တင်ဖို့ ကြိုးပမ်းခဲ့တဲ့ အာဖရိကန်နစ် ခေါင်းဆောင်တယောက်ဖြစ်တယ်လို့လည်း အသိအမှတ်ပြုခံခဲ့ရတဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။ ဒါချီးကျူးခံထိုက်ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အာဏာယစ်မူးလာပြီးတော့ ပျက်စီးလာတယ်။ အတိုက်အခံတွေကို နှိပ်ကွတ်တယ်။ တိုင်းပြည်ဟာ သူ့လက်ထဲမှာ ချွတ်ခြုံကျပြီးတော့ ကုန်းကောက်စရာမရှိအောင် မွဲသွားခဲ့တယ်။ အဲဒီ အတွက်ကြောင့် သူ့ကို ဝေဖန်ကြပါတယ်။ နောက်ဆုံးမှာ စစ်တပ်က အာဏာသိမ်းပြီးတော့ အတင်းမောင်းထုတ်ရတဲ့အဆင့်အထိ ရောက်သွားတာဟာ သူ့နောက်ပိုင်း ကျဆုံးမှုတွေကြောင့်ဖြစ်ပါတယ်။

မခွာညို ။ ။ သူက ကောင်းနေရာကနေ ဘယ်အချိန်မှာ စပြီး ဆိုးသွားခဲ့တာလဲဆိုတာနဲ့ ဘယ်လို အခြေအနေတွေကြောင့် အဆိုးဘက်ကို ရောက်သွားခဲ့ရတာလဲဆိုတာကိုလည်း ပြောပြပေးပါရှင့်။

ဦးကျော်ဇံသာ။ ။ အဓိကအားဖြင့် နိုင်ငံရေးအရ စိန်ခေါ်မှုတွေ ကြုံလာတဲ့အခါမှာ သူလက်မခံနိုင်တော့ဘူး။ ပထမဦးဆုံးကတော့ သူနဲ့ လွတ်လပ်ရေးတိုက်ပွဲကို အတူတွဲခေါင်းဆောင်ခဲ့တဲ့ Nkomo ဆိုတဲ့ ပုဂ္ဂိုလ် ။ အင်ခိုဘိုလ် က သူ့လောက် ရွေးကောက်ပွဲမှာ မဲအများကြီးမရလို့ အတိုက်အခံဖြစ်လာသူပါ ။ ဒါပေမယ့် Nkomo.က သူ့ကို လုပ်ကြံဖို့ကြိုးပမ်းတယ်ဆိုပြီးတော့ အကြောင်းပြပြီး အင်ခိုဘိုလ်ကို ဖမ်းဆီးထောင်ချတယ်။ နည်းမျိုးစုံနဲ့ အတိုက်အခံတွေကိုနှိပ်ကွတ်တယ် ဒါကြောင့် Nkomo ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်က စပြီးတော့ သူ့အာဏာကို စိန်ခေါ်လာမယ်ဆိုရင် လက်မခံဘူးဆိုတဲ့သဘော ပြသလာတာကို တွေ့ရပါတယ်။

နောက်ပိုဆိုးသွားတဲ့တခုက တချိန်က လူဖြူလူနည်းစု ပိုင်ဆိုင်ထားတဲ့ လယ်ယာတွေကို လူမည်း ပြည်သူလူထုအများစုဆီကို ခွဲဝေပေးမယ်ဆိုတဲ့ စီမံကိန်း အဲဒါက ထင်သလောက်မအောင်မြင်ဘူး။ အဲဒါကြောင့် စီးပွားရေးလည်း ကျဆင်းလာတယ် ။ ကျဆင်းလာတာနဲ့ အတိုက်အခံတွေက ပိုများလာတယ် ရွေးကောက်ပွဲမှာ သူအနိုင်မရလာတာတွေ ဖြစ်လာတယ်။ အဲဒီအချိန်မှာ သူက ရွေးကောက်ပွဲကို သူကြိုက်သလို ကြံစည်ဖန်တီးပြီးတော့ အာဏာကို ဆက်ပြီး ရယူထားတယ် အဲဒီအချိန်မှာ စပြီး သူပျက်ဆီးတယ်လို့ ပြောရမှာပါပဲ။

မခွာညို ။ ။ ဒီနေရာမှာ ဇင်ဘာဘွေ နိုင်ငံ ဆင်းရဲတွင်းနက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် နိုင်ငံတကာက ဝေဖန်ကြ၊ ပိတ်ဆို့ဒဏ်ခတ်တာတွေ လုပ်လာကြတဲ့ ဂယက်တွေကြောင့်ရော မပါနိုင်ဘူးလား။ တခြား အဓိကကျတဲ့ ဘယ်လို အကြောင်းတွေလည်း ရှိတယ်လို့ ထင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ တချို့သုံးသပ်တာကတော့ ဟိုတုန်းက လယ်ယာမြေတွေကို တယောက်တည်းပိုင်ပြီးတော့ လယ်ပိုင်ရှင်တွေက အကြီးစားလုပ်ငန်းအဖြစ် လုပ်နေတာကို ဆင်းရဲသားတွေကို ခွဲဝေပေးလိုက်တဲ့အခါ သူတို့က မလုပ်တတ်မကိုင်တတ်နဲ့ အစကတည်းက မအောင်မြင်ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူ လူ့အခွင့်အရေးတွေ ချိုးဖောက်တယ်ဆိုတဲ့ နာမည်နဲ့ ထွက်လာတဲ့အခါမှာ အကူအညီတွေလည်း ရပ်ဆိုင်းလာတယ် အဲဒီမှာ ပိုပြီးဆိုးသွားတယ်။ နောက်တခုက လယ်ယာမြေတွေ ဝေခွဲရေး လုပ်တဲ့ အခါမှာလည်း တကယ်မှန်မှန်ကန်ကန် မျှမျှတတ လုပ်တယ် ဆိုတာထက် အာဏာရှိသူတွေရဲ့ အပေါင်းအသင်းတွေ ခရိုနီတွေကိုသာ အဓိက ဦးစားပေးပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။

မခွာညို ။ ။ စောစောပြောခဲ့သလို ရောဘတ်မူဂါဘီလိုပဲ တိုင်းပြည်ကို ကျေးဇူးပြုခဲ့တဲ့ သူရဲကောင်းတွေ၊ လွတ်လပ်ရေး ဗိသုကာတွေဟာ နောက်ပိုင်းကျတော့ အာဏာရှင်ဖြစ်သွားတတ်တဲ့ အဖြစ်မျိုးတွေလည်း မကြာခန တွေ့မြင်နေရတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ခြုံငုံပြီးတော့ ဘယ်လိုပြောချင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ အဲဒါကတော့ အင်မတန်မှန်တဲ့ နိယာမ တရားပါပဲ။ ရောဘတ်မူဂါဘီ တင်မကပါဘူး ကမ္ဘာမှာ တော်တော်များများက ဖြစ်ခဲ့ဖူးတဲ့ ကိစ္စပါ။ မြန်မာနိုင်ငံ နမူနာပဲ ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အာဏာစပြီး ယူခါစက ပြည်သူလူထုတချို့က ကြိုဆိုကြတယ်။ အထောက်အထားအနေနဲ့ ပြောရရင် ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မိတ်ဆွေတဦးလည်းဖြစ်တဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာ ကျော်သက် အမေရိကန်ကို ရောက်တဲ့အခါ ကျနော် BBC ကနေပြီးတော့ အင်တာဗျူးလုပ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဘာကြောင့် ကျဆုံးသလဲ ဆိုတာ မေးတာပါ။ အဲဒါ ဒေါက်တာ ကျော်သက် က ပြောပါတယ် ဗိုလ်ချုပ်ကြီးနေ၀င်းဟာ အာဏာစယူတုန်းက အင်မတန်ကောင်းတဲ့ စေတနာနဲ့ တက်လာတာပဲ။ ဒါပေမယ့် လူတွေက အာဏာမှာ အကြာကြီး တည်မြဲလာပြီဆိုရင်တော့ တဖြေးဖြေး ယစ်မူးပျက်စီးသွားကြတယ်လို့ ဒေါက်တာ ကျော်သက် က ပြောပါတယ်။ ဆိုတော့ အဲဒီအတိုင်းပဲ ဖြစ်တယ်လို့ ယူဆပါတယ်။

မခွာညို ။ ။ ကာယကံရှင်ရဲ့ပင်ကိုယ် စိတ်ထား နဲ့ သူ့ရဲ့ သဘာဝနဲ့ရော သက်ဆိုင်မနေနိုင်ဘူးလား။

ဦးကျော်ဇံသာ။ ။ သက်ဆိုင်ပါတယ်။ သဘာဝဆိုတာလည်း လူ့သဘာဝပေါ့ ။ လူတွေက အာဏာကို ရေရှည်ကိုင်တွယ်လာပြီဆိုရင် သူ့ကိုယ်သူ သိပ်ယုံကြည်လာတယ်၊ သူ့ကို ဝေဖန်ထောက်ပြတဲ့ လူတွေ အကြံပေးတဲ့လူတွေကလည်း သူ့အရှေ့မှာ အကောင်းဆုံးကို ပြောပြီးတော့ အောက်ခြေမှာ ဖြစ်ချင်တာဖြစ်နေမှာပဲ ဆိုတော့ အဲဒီ ပုဂ္ဂိုလ် တွေဟာ အောက်ခြေမှာဖြစ်နေတာ တကယ်သိရဲ့လားဆိုတာတော့ ဒီနေရာမှာ မေးစရာရှိပါတယ်။ မြန်မာစကားပုံ တခုရှိပါတယ် “မင်းပင်ကောင်းလျက် မင်းမြှောင်ဖျက်” ဆိုတာပါ။

Robert Mugabe ထားရစ်တဲ့ အစဉ်အလာ
please wait

No media source currently available

0:00 0:04:54 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG