သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရာထူးကနုတ်ထွက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (ဇူလိုင် ၂၇၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော် သတင်းစာရှင်းလင်းပွဲတခုမှာတွေ့ရတဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina (ဇူလိုင် ၂၇၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူအသေအပျောက်တွေ ကြုံခဲ့ရတဲ့ ဆန္ဒပြပွဲတွေ နိုင်ငံအနှံ့ ပေါ်ပေါက်ခဲ့ပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina ဒီနေ့ပဲ ရာထူးက နုတ်ထွက်သွားပါတယ်။ စစ်တပ်က ညမထွက်ရအမိန့်ထုတ်ထားတာကို အာခံပြီး ထောင်ချီတဲ့ ဆန္ဒပြသူတွေ ဝန်ကြီးချုပ်စံအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး မကြာခင်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာပါ။ ဒါကာမြို့တော်မှာရှိတဲ့ စံအိမ်ကနေ ဝန်ကြီးချုပ် ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပြီးနောက် ဆန္ဒပြသူတွေ စီးနင်းဝင်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ၁၅ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်ခဲ့ပြီး ဝန်ကြီးချုပ် နုတ်ထွက်ခဲ့ပြီးနောက် သမ္မတရဲ့ လမ်းညွှန်ချက်အရ ယာယီအစိုးရတရပ် ဖွဲ့စည်းမယ့်အကြောင်း စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-uz-Zaman က ဒီနေ့နှောင်းပိုင်းမှာပဲ ကြေညာခဲ့တာပါ။ ဆန္ဒပြသူတွေကို နှိမ်နင်းနေတာတွေကိုလည်း စစ်တပ်က ရပ်ဆိုင်းမှာဖြစ်ပြီး အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို သွေးထွက်သံယို နှိမ်နင်းခဲ့တဲ့ လုပ်ရပ်တွေကို စုံစမ်းစစ်ဆေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးရဖို့ အတွက်လည်း ဆန္ဒပြကျောင်းသားတွေနဲ့ ပြည်သူလူထုကို တိုက်တွန်းခဲ့တာပါ။ အစိုးရအလုပ်အကိုင် နေရာအတွက် ခွဲတမ်းစနစ်ကို မကျေနပ်တဲ့ ကျောင်းသားတွေ ဆန္ဒပြရာက စတင်ခဲ့တဲ့ အုံကြွမှုတွေဟာ နောက်ပိုင်းမှာ ဝန်ကြီးချုပ် Hasina ရာထူးက ထွက်ဖို့ တောင်းဆိုတဲ့အထိ ဦးတည်ခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေကို အစိုးရက အင်အားသုံးနှိမ်နင်း၊ ညမထွက်ရအမိန့်ထုတ်၊ အင်တာနက်တွေ ဖြတ်တောက်ခဲ့ပေမဲ့ အခြေအနေတွေ ပိုဆိုးလာခဲ့တာပါ။ ဆန္ဒပြပွဲတွေနဲ့ အဓိကရုဏ်းတွေကို နှိမ်နင်းမှုတွေအတွင်း လူပေါင်း ၃၀၀ နီးပါး သေဆုံးခဲ့သလို၊ ထောင်သောင်းချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ဝန်ကြီးချုပ် Hasina ဟာ ဒါကာမြို့တော်ကနေ အိန္ဒိယနိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG