သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြမ်းဖက်မှု တပတ်အတွင်း ၆၀ ကျော် သေဆုံး


ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု ၆၀ ကျော်သွားပြီဖြစ်ပါတယ်။
ရခိုင်အကြမ်းဖက်မှုကြောင့် လူသေဆုံးမှု ၆၀ ကျော်သွားပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ထားတဲ့ ပဋိပက္ခတွေကြောင့် သေဆုံးသူပေါင်း ၆၀ ကျော် ရှိနေပြီး၊ ဒုက္ခရောက်နေသူတွေ အတွက် အစားအသောက် အကူအညီတွေကို ပေးနေပါတယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူကပြောပါတယ်။ နေရေးထိုင်ရေး အတွက် စီစဉ်ပေးနိုင်ဖို့ကိုလဲ စပြီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ တချိန်ထဲမှာပဲ ရခိုင်ပြည်ထဲက ပရဟိတအဖွဲ့တခုကလဲ ဆေးရုံတက်နေရသူတွေ၊ တခြားဒုက္ခရောက်နေသူတွေ အတွက် အကူအညီတွေပေးနေပါတယ်။ ခုလို အခြေအနေနဲ့ ပါတ်သက်လို့ စုံစမ်းထားတဲ့ ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

ဒီကနေ့ သောကြာနေ့မှာတော့ ရခိုင်ပြည်နယ်ဖက်မှာ အခြေအနေတွေ ငြိမ်သက်နေပါတယ်။ ဒါပေမဲ့ အောက်တိုဘာ ၂၁ ရက်နေ့ ညပိုင်းကစပြီးတော့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ကျောက်တော်၊ ရသေ့တောင် မြို့နယ်တွေမှာ သေဆုံး ဒဏ်ရာရသူပေါင်း ၆၀ ကျော် ရှိသွားပြီလို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က VOA မြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဖြစ်စဉ် စဖြစ်တဲ့နေ့ကနေ စပြီးတော့ ၆ မြို့နယ်ပေါ့၊ ရသေ့တောင်နဲ့ ကျောက်တော်ပါ အပါ၊ သေဆုံးတာ ကျား ၃၃ ဦး၊ အမျိုးသမီးက ၃၁ ဦး၊ ဒဏ်ရာရတာက အမျိုးသားက ၆၄ ဦး၊ နှစ်ဖက်စလုံးပါ။ အမျိုးသမီးလေးက ၄ ဦး၊ ဖြစ်စဉ်တခုလုံးရဲ့ သေဆုံးတဲ့ လူဦးရေပေါ့ခင်ဗျ။”

ပဋိပက္ခတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေ အားလုံးမှာ ဒုက္ခရောက်နေသူတွေအတွက် အစားအသောက် အကူအညီတွေကို ပြည်နယ်အစိုးရက စတင်ပေးနေပြီ ဆိုတာကိုလဲ ဦးဝင်းမြိုင်က ခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ခရိုင်အုပ်ချုပ်ရေးမှူးက မြေပုံမှာ ထိုင်ပြီးတော့ လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ကျန်တာကတော့ မြို့နယ်တိုင်းမှာတော့ သူ့အုပ်ချုပ်ရေးမှူးတွေမှာ အရင်ဖြစ်စဉ်ကတည်းက ကြိုတင်ပို့ထားတာတွေရှိတယ်။ အဲ့ဒီ့မှာ သူတို့မှာ အကုန်လုံး စားစရာ၊ သောက်စရာတွေ အကုန်လုပ်ထားပေးပြီးသား၊ အဲ့ဒီ့မှာ သူတို့ကူညီနေ ပါတယ်။ နေရေးထိုင်ရေး ကတော့ အခုမှ ဖြစ်တယ်ဆိုတော့ အဲ့ဒီ့မှာ သူတို့မြို့နယ်အုပ်ချုပ်ရေးမှူးက စီစဉ်ပေးဖို့ ရှိပါတယ်။ အဲ့ဒီ့မှာ တာဝန်ကျတဲ့သူတွေရော၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ သူတို့ ဆောင်ရွက်ပေးဖို့ ရှိပါတယ်ခင်ဗျ။ ကျနော်တို့က အစိုးရအဖွဲ့ ဆိုတော့ ဘက်လိုက်တာတွေ၊ ဘာတွေ မရှိပါဘူး။ နှစ်ဖက်စလုံးကိုပဲ ပေးပါတယ်။”

လက်ရှိမှာတော့ ကူညီကယ်ဆယ်ရေးအတွက် အစိုးရအဖွဲ့တွေနဲ့ တခြား နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

“ အခုလောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ သူတို့လည်း အဲ့ဒီ့ဘက်တွေက မမျှော်လင့်ပဲ ပြန်ဖြစ်လာတဲ့အခါကျတော့ ကျနော်တို့က ဒီဘက်ဖြစ်နေတဲ့ဟာတွေပဲ ပြီးပြီဆိုပြီးတော့ နောက်ထပ်ဖြစ်တာတွေက မမျှော်လင့်ပဲ ဖြစ်သွားတဲ့ အခါကျတော့ လောလောဆယ် ဒီမှာပဲ ပုံနေတာပေါ့။ အဲ့ဖက်တွေ အခုသွားဖို့ပြင်ဆင်နေပါပြီ။ ကြက်ခြေနီအဖွဲ့တွေ၊ ဘာတွေရောပဲ အခုပဲ ကျနော်တို့ပြည်နယ်ရုံးမှာ သူတို့ဆောင်ရွက်နေပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေ လုပ်ဖို့။”

ပြည်နယ်အစိုးရရဲ့ စာရင်းအရ အခုတခေါက် ထပ်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူပေါင်း ၄ ထောင်ဝန်းကျင် လောက်ရှိတယ်လို့ ပြောပါတယ်။ အခုလို ဒုက္ခရောက်နေကြသူတွေအတွက် ရခိုင်ပြည်နယ်ထဲက ဝံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းကလဲ အကူအညီတွေ ပေးနေပါတယ်။ ဝံလက် အဖွဲ့ပြောခွင့်ရသူ ကိုခိုင်ကောင်းစံက သူတို့ ဘယ်လိုကူညီနေသလဲဆိုတာကို ခုလိုပြောပြပါတယ်။

“ဝံလက်ဖောင်ဒေးရှင်းကနေ လူငယ် ၂၀ကနေ ၃၀လောက်အထိ ကွင်းဆင်းပြီးတော့ အလှူခံပါတယ်။ ရတဲ့အလှူငွေတွေကို ကျနော်တို့ စစ်တွေမြို့ ပြည်သူ့ဆေးရုံမှာ ရောက်ရှိနေတဲ့ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ နောက်ပြီးတော့ မင်းပြားမြို့နယ်တွေက လာတဲ့ လူနာတွေ လာပြီးဆေးကုသမှုခံနေတဲ့ လူနာတွေ၊ နောက် ရန်ကုန်ကို ပို့နေရတဲ့ လူနာတွေ၊ အဲ့တာတွေကို ကျနော်တို့က ငွေကြေးသွား လှူဒါန်းပါတယ်။

ဒီနေ့မှာဆိုရင် ကျနော်တို့ ကျောက်ဖြူမြို့ကို ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ဦးဆောင်ပြီးတော့မှ သွားနေပါတယ်။ ဘာကြောင့်ဆိုတော့ ကျောက်ဖြူမှာ မီးလောင်ခံထားရတဲ့ မိသားစုတွေရှိပါတယ်။ နောက် ဆေးရုံတက်နေရတဲ့ လူနာတွေ ရှိတယ်။ နောက် ကျောက်တော်၊ မြောက်ဦးကိုလည်း ကျနော်တို့ ဆေးရုံတက်နေရတဲ့ လူနာတွေအတွက်ရော၊ မီးရှို့ခံရတဲ့သူတွေအတွက်ရော ကျနော်တို့ စစ်တွေမှာ အလှူခံကောက်ပြီးမှ အဲ့ဒီ့ကို သွားလှူဒါန်းနေပါတယ်ခင်ဗျ။”

ဒီရက်ပိုင်းပြန်ဖြစ်တဲ့ ပဋိပက္ခတွေကြောင့် ဆေးရုံတွေမှာ ကုသမှုခံယူနေရသူပေါင်း ၅၀ လောက်ရှိတယ် လို့လဲ ဝံလက်အဖွဲ့က ဆိုပါတယ်။

“ကျောက်ဖြူမြို့နယ်၊ မြေပုံမြို့နယ် နောက်ပြီးတော့ စစ်တွေ၊ မြောက်ဦး၊ နောက်ပြီးတော့ ရသေ့တောင်၊ မင်းပြားပါခင်ဗျ။ ကျောက်တော်ရော ပါ ပါတယ်ခင်ဗျ။ လူနာ ၅၀လောက်ရှိပါတယ်ခင်ဗျ။”

မေး။ ။ အဲ့တော့ သူတို့ကရော ဘယ်လိုဒဏ်ရာတွေ ရတာများပါလဲရှင့်။

“အဲ့ဒီ့မှာ ဓားဒဏ်ရာ တချို့ပါတယ်။ နောက်ပြီးတော့ ဂျင်ကလိလို့ခေါ်တဲ့ မြှားနဲ့ပစ်တဲ့ ဒဏ်ရာ၊ နောက် မီးနဲ့ အပစ်ခံရတဲ့ ဒဏ်ရာပါ ပါတယ်။ နောက် ကျည်ဆံထိတဲ့ လူနာတွေလည်း ပါပါတယ်ခင်ဗျ။”

မေး။ ။ ကျည်ထိတယ်ဆိုတော့ ကျည်က ဘယ်သူပစ်တာပါလဲရှင့်။

“ လူနာနဲ့ပါလာတဲ့သူတွေက သူတို့က ပြောရခက်တယ်လို့ ပြောပါတယ်ခင်ဗျ။ ဒါပေမယ့် မနေ့က ကျောက်တော်မှာ ဖြစ်တဲ့ဟာဆိုရင် စစ်တပ်က ပစ်တယ်ဆိုတဲ့သတင်းက ခိုင်ခိုင်လုံလုံ ပြောနေကြပါတယ်ခင်ဗျ။

ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သမ္မတရုံးက ကြာသပတေးနေ့တုန်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပဋိပက္ခရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေ ရှိနေတာကိုလဲ ဖော်ထုတ်ပြီးတော့ ဥပဒေအရ အရေးယူသွားမယ် လို့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG