သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်က ဒုက္ခသည် တသိန်းခွဲကျော် အရေးပေါ်အကူအညီ လိုအပ်နေ


ကချင် စစ်ပြေးဒုက္ခသည် မိသားစုများ
ကချင် စစ်ပြေးဒုက္ခသည် မိသားစုများ

အစကတည်းက စစ်ပြေးဒုက္ခသည်တွေ ရှိနေတဲ့ ကချင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းဒုက္ခသည် ငါးသောင်းကျော် တိုးလာခဲ့တဲ့အတွက် အခုဆိုရင် ဒုက္ခသည်စုစုပေါင်း တစ်သိန်းခွဲကျော်အထိ ရှိသွားပြီလို့ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောပါတယ်။ ဒုက္ခသည်တွေ ထက်ဝက်ကျော်များလာတဲ့အတွက် အခြေခံစားနပ်ရိက္ခာနဲ့ လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေကြပါတယ်။ KIO ထိန်းချုပ်နယ်မြေမှာရော အစိုးရထိန်းချုပ်နယ်မြေတွေကြားက ဒုက္ခသည်စခန်းတွေမှာ လုံခြုံရေးစိတ်မချရတဲ့ အခြေအနေမှာ ဒုက္ခသည်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက မေ့မထားဖို့လည်း သူတို့က တိုက်တွန်းပါတယ်။ ကချင်ပြည်နယ်ထဲက ဒုက္ခသည်တွေ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုသိနိုင်ဖို့ (KWAT) ကချင်အမျိုးသမီးအစည်းအရုံး တွဲဖက်အတွင်းရေးမှူး San Htoi ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

San Htoi ။ ။ ကျမတို့ ကချင်ဒေသမှာ ဒီစစ်ပြေးဒုက္ခသည်တွေက တစ်သိန်းက - ၂၀၁၁ စစ်ပြန်ဖြစ်လာကတည်းက ရှိနေတဲ့ဒုက္ခသည်တွေ ဖြစ်တယ်။ အခု စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၂၀၂၁ နောက်ပိုင်းမှာ တိုးလာတာကလည်း ငါးသောင်းအထက် ရှိတယ်။ ကျမတို့ လက်လှမ်းမှီသလောက် စာရင်းအရ တိုးလာတဲ့သူတွေရောဆိုရင် ဒီကချင်ဒေသမှာ တစ်သိန်းငါးသောင်း၊ တစ်သိန်းခြောက်သောင်း ဝန်းကျင်လောက်အထိကို ရှိတယ်။ အရင်တုန်းကလို ကူညီနိုင်တဲ့အနေအထားကလည်း မရှိတော့ အရမ်းဒုက္ခ ဖြစ်တယ် အခုအသစ်တိုးလာတဲ့ ဒုက္ခသည်ကို ပြောတာပေါ့နော်။ လက်ရှိရှိနေတဲ့ ဒုက္ခသည်တွေအတွက်ကလည်း အခက်အခဲက အများကြီးရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ပိုဆိုးလာတယ်။ ၂၀၁၆ NLD အစိုးရဖြစ်တုန်းကလည်း ကချင်ဒေသမှာ ဒုက္ခသည်တွေကို ကူညီနေတဲ့ဟာတွေကို လျှော့ချထားပြီးသား။ အဲ့သလိုလျှော့ချလိုက်တဲ့အတွက် ကချင်ဒုက္ခသည်တွေ အများကြီးဒုက္ခရောက်ခဲ့တယ်။ တချိန်တည်းမှာပဲ ဒီအာဏာသိမ်းမှုက ပြန်ဖြစ်တယ်ဆိုတော့ သူတို့ကို ကူညီတဲ့အကူအညီတွေက မရှိသလောက်ကို ဖြစ်သွားတယ်။ အခုအခြေအနေက ပိုကိုဆိုးဝါးသွားတယ် အခုလောလောဆယ် ဒီနိုင်ငံရေးအခြေအနေမှာ ကိုယ့်ရဲ့ဒေသကိုပြန်ဖို့ တာဆူနေပေမဲ့ ပြန်ဖို့မရေရာတဲ့ အခြေအနေမှာ Camp ထဲမှာ ဒုက္ခတွေက အများကြီးရှိနေပါတယ်ရှင့်။

မဆုမွန် ။ ။ အရင်တုန်းကဆိုရင် KIO/KIA ထိန်းချုပ်နယ်မြေမှာရှိတဲ့ ကချင်စစ်ပြေး ဒုက္ခသည်စခန်းဆိုပြီး ရှိတယ်။ နောက် အစိုးရထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကချင်စစ်ပြေးဒုက္ခသည်စခန်းဆိုပြီး ရှိခဲ့တယ်ပေါ့နော်။ အခုလက်ရှိ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့မြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေတဲ့ ဒုက္ခသည်တွေပေါ့။ အထူးသဖြင့် ကချင်ပြည်သူတွေရဲ့ အဓိက လုံခြုံရေးအခြေအနေ အနေအထားကရော ဘယ်လောက်အထိမှ အခက်အခဲတွေ ရှိကြလဲ။ သူတို့အတွက် စားနပ်ရိက္ခာပိုင်းမှာလည်း အခက်အခဲရှိသလို သူတို့အတွက် လုံခြုံရေးအနေအထားကရော ဘယ့်လောက်အထိ စိန်ခေါ်မှုတွေရှိနေပါလဲရှင့်။

San Htoi ။ ။ လုံခြုံရေးကတော့ အရင်ကတည်းကကို စိုးရိမ်ရတဲ့အခြေအနေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်မြေပြင်မှာရှိနေကြရတဲ့ ဒုက္ခသည်တွေလိုကို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုရင် စစ်တိုက်ကြတဲ့အခါ မြေပြင်စစ်ကိုပဲ သုံးတာမဟုတ်ဘူးလေ။ ဝေဟင်ကနေ လေယာဉ်နဲ့ဗုံးကြဲတာလိုမျိုး ဝေဟင်စစ်ဆင်ရေး လုပ်တာမျိုး ရှိတယ်။ ဒီဟာက အချိန်မရွေး ဒုက္ခသည်စခန်းတွေထဲကမှာ KIO-KIA ထိန်းချုပ်နယ်မြေတွေထဲက ဒုက္ခသည်စခန်းတွေထဲ အချိန်မရွေး ကျနိုင်တယ်။ ကျခဲ့ဖူးတဲ့အတွေ့အကြုံလည်း ရှိခဲ့တယ်ပေါ့။ ၂၀၁၇-၂၀၁၈ လောက်တုန်းက လိုင်ဇာဘက်က ဒုက္ခသည်စခန်းထဲမှာ ကျခဲ့ပြီး လူတွေ ဒဏ်ရာတွေရခဲ့တဲ့ အဖြစ်အပျက်တွေလည်း ဖြစ်ခဲ့ဖူးတယ်။ ဆိုတော့ လုံခြုံရေးက စားဝတ်နေရေးအတွက်တင်မဟုတ် ကျန်းမာရေးအတွက်တင် မဟုတ်ဘူး ဒီအသက်အန္တရာယ် လုံခြုံရေးကလည်း အမြဲတမ်း ခြိမ်းခြောက်မှုကတော့ ရှိနေပါတယ်။

မဆုမွန် ။ ။ ဟုတ်ကဲ့ရှင့်။ နောက်တခုက အရင် NLD အစိုးရလက်ထက်တုန်းက KBC ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဆရာတော် ခလမ်ဆွမ်ဆောင်တွေပါ ပါတယ်ပေါ့နော်။ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်းပြီး ကချင်ဒုက္ခသည်တွေတချို့ကို နေရပ်ပြန်ပို့ဖို့ အစီအစဉ်တွေ ရှိခဲ့တယ်။ အဲ့ဒီ့ လက်ရှိလုပ်ထားခဲ့တဲ့ အနေအထားတွေကရော ဒုက္ခသည်တွေပြန်နိုင်ဖို့ လုံခြုံစိတ်ချရတဲ့ အနေအထားရှိနေပြီလား။ နောက် မိုင်းရှင်းဖို့ ပြဿနာတွေကလည်း ရှိနေသေးတယ်ဆိုတော့ အခုလက်ရှိအနေအထားက သူတို့နေရပ်ရင်းကို ပြန်ဖို့အစီအစဉ်တွေက အဆင်ပြေနိုင်ပါ့မလားရှင့်။

San Htoi ။ ။ ဟုတ်တယ် နေရပ်ပြန်ရေးအတွက်ကိုတော့ KBC ကချင်အဖွဲ့အစည်းတွေကနေ စီစဉ်နေတာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ရဲ့ မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး အခြေအနေ စစ်ရေးအခြေအနေအရ ပြန်ဖို့အတွက်က ဒုက္ခတွေ ဖြစ်နိုင်တယ်။ အခုနကပြောသလို Landmine ကိစ္စကလည်း ပြဿနာအများကြီး ရှိတယ်။ Landmine တွေကြောင့် လူ့အသက်တွေ သေခဲ့ရတာ ကျမတို့ KWAT က Documentary လုပ်ခဲ့တယ်။ တချို့ပြန်ကြတယ်။ ကြိုးစားပြီး ပြန်ကြတဲ့အချိန်မှာ ၂၀၁၀-၂၀၂၁ ကြားထဲမှာ Landmine က ပြဿနာတွေဖြစ်တယ်။ နောက် အဲ့ဒီ့နေရာတွေမှာ စစ်တပ်ရဲ့ Military Base တွေ ရှိတယ်။ ဆိုတော့ အချိန်မရွေး စစ်ပြန်ဖြစ်နိုင်တဲ့နေရာတွေ ဖြစ်တယ် အမြဲတမ်း စစ်ရေးတင်းမာနေတဲ့ ဒေသတွေ ဖြစ်တယ်ဆိုတော့ ပြန်ဖို့အတွက်က လူတကာက ကိုယ့်အိမ်ကိုယ်ပြန်ချင်ကြတာချည်းပါပဲ ဒါပေမဲ့ နိုင်ငံရေးအခြေအနေအရ စစ်ရေးအခြေအနေအရ အများကြီး အခက်အခဲတွေကြားထဲမှာတော့ အခုလက်ရှိက တချို့ဘာသာရေးအဖွဲ့အစည်းတွေရဲ့ အစီအစဉ်အရ ပြန်နေကြတာတော့ ရှိတယ်။ သို့သော် နောက်ဆက်တွဲပြဿနာတွေ Landmine တွေ စားဝတ်နေရေးကိစ္စတွေတော့ တောက်လျှောက်ရှိနေကြတာကို ကျမတို့သွားတွေ့ရတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ ဆိုတော့ ဆရာမပြောပြသလို ပထမ ဒုက္ခသည်က တစ်သိန်း ရှိတယ်။ နောက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငါးသောင်းကျော် ရှိလာတယ်ဆိုတော့ စုစုပေါင်းက တစ်သိန်းခွဲ ရှိလာတယ်ပေါ့နော်။ IDP တွေ ဒုက္ခသည်တွေက။ ဆိုတော့ အခုပုံစံအတိုင်းဆို ပြန်ဖို့ကလည်း အဆင်မပြေသေးဘူး။ အခုလက်ရှိမှာ တချို့ ကျမလေ့လာမိသလောက် ကချင်ဒုက္ခသည် ပြည်သူတွေကပဲ သူတိုအတွက် ကိုယ်ပိုင်ဝင်ငွေရလာနိုင်မယ့် လက်မှုပစ္စည်းလေးတွေ လုပ်ရောင်းချပြီး သူတို့အတွက် စားနပ်ရိက္ခာတွေကို ကိုယ့်ဘာသာကိုယ် ရှာဖွေစားသောက်တာလိုမျိုးလို ဘယ်လိုအစီအစဉ်တွေနဲ့ သူတို့ဘာတွေ လုပ်နေကြတာရှိလဲ နည်းနည်းရှင်းပြပေးပါဦး။

San Htoi ။ ။ ဟုတ်ကဲ့ အဓိကကတော့ စစ်ဖြစ်နေတဲ့ ကျမတို့ ကချင်ဒေသ တကြော့ပြန်စစ်ပွဲတွေ ဖြစ်လာတဲ့နောက်ပိုင်း ကချင်ဒုက္ခသည်တွေ အများကြီးဖြစ်လာတဲ့အချိန် နိုင်ငံတကာရဲ့အကူအညီက အစိုးရထိန်းချုပ်နယ်မြေတွေမှာတော့ အကူအညီတွေ ရကောင်းရနိုင်တယ်။ ဒါပေမဲ့ ဒုက္ခသည်အများစုရှိနေတဲ့ KIO Control ဧရိယာမှာတော့ နိုင်ငံတကာမှာ ရှိတဲ့ကချင်အဖွဲ့အစည်းတွေ၊ နောက် မြန်မာနိုင်ငံက အဖွဲ့အစည်းတွေ ဝိုင်းပြီးကူညီထောက်ပံ့တာနဲ့ ရပ်တည်နေကြတယ် နောက် လက်မှုလုပ်ငန်းလေးတွေနဲ့လည်း လုပ်ကိုင်ရပ်တည်နေကြတာရှိတယ်။ ဒုက္ခသည်တွေအတွက် အသေးစားဝင်ငွေလေးတွေ Small Income တွေ ရလာဖို့ အဖွဲ့အစည်းတွေကတော့ ကြိုးစားပြီးမှ သင်ပေးတာတို့ ပံ့ပိုးပေးတာမျိုးတွေ တဘက်တလမ်းကနေ မိသားစုရဲ့စားဝတ်နေရေးကို ဖြေရှင်းလုပ်နေကြတာတွေ ရှိတယ်။ ဒါပေမဲ့ ဆက်ပြီးတော့ အကူအညီတွေ အများကြီးဆက်ပေးဖို့လည်း လိုအပ်နေသေးပါတယ်ရှင့်။

မဆုမွန် ။ ။ ဟုတ်ကဲ့ရှင့် ဆိုတော့ ကချင်အမျိုးသမီးအစည်းအရုံး (KWAT) အနေနဲ့ကရော မဆမ်ထွယ်တို့ဘက်ကရော ဒုက္ခသည်တွေအတွက် အထူးသဖြင့် အမျိုးသမီးတွေနဲ့ကလေးငယ်လေးတွေအတွက် ဘာအစီအစဉ်တွေ ဆောင်ရွက်ပေးနေတာမျိုးရှိပါလဲရှင့်။

San Htoi ။ ။ ဟုတ်ကဲ့ရှင့်။ KWAT အနေနဲ့က အဓိက မိုင်ဂျာယန်ဘက်ပေါ့နော်။ KIO/KIA Control ဧရိယာအောက်မှာရှိတဲ့ မိုင်ဂျာယန်ဘက်မှာ ဒုက္ခသည်တွေအတွက် ကျန်းမာရေးအစီအစဉ်တွေမှာ ဝိုင်းဝန်းပံ့ပိုးကူညီပေးနေတာတွေ ရှိတယ်။ ဆေးကုတာလည်းလုပ်တယ်။ တဘက်မှာလည်း အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ရှိတာတွေကလည်း မကြာခဏလုပ်ပေးနေတာတွေ ရှိတယ် နောက်ပြီး အသစ် အသစ်ရောက်လာတဲ့ဒုက္ခသည်တွေကို Emergency Support လုပ်ပေးနေတာတွေရှိတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ကလေးတွေအတွက် ပြီးလို့ရှိရင် အသက်ကြီးတဲ့သူတွေအတွက် လိုအပ်တာတွေ ပံ့ပိုးပေးတယ် အဓိကကတော့ အမျိုးသမီးတွေ အသုံးအဆောင်နဲ Hygiene Kits တွေကို ကူညီနေတာတွေ ရှိတယ်။ တဘက်ကလည်း နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒုက္ခသည်တွေကို မမေ့မလျော့ကူညီပေးဖို့ Advocacy လုပ်နေတာတွေလည်း ရှိပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ နောက်ဆုံးမေးချင်တာကတော့ အခုဆိုရင် ကမ္ဘာ့ဒုက္ခသည်များနေ့လည်း ရောက်တော့မယ် ကမ္ဘာပေါ်မှာ အခုနှစ်မှာ ဒုက္ခသည်တွေ အများကြီးပိုပြီးတော့မှ တိုးပွားလာနေတာလည်း ရှိတယ်။ အထူးသဖြင့် ကချင်ဒုက္ခသည်တွေအတွက်ပေါ့နော် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ကချင်ဒုက္ခသည်တွေအတွက် နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် တာဝန်ယူထားတဲ့ တာဝန်ရှိသူတွေအားလုံးကို မဆမ်ထွယ် ဘာတောင်းဆိုချင်တာရှိလဲ ဒုက္ခသည်တွေအတွက် ဘာဆုတောင်းပေးချင်တာရှိပါလဲရှင်။

San Htoi ။ ။ ကမ္ဘာပေါ်မှာ ကပ်ရောဂါဆိုးကြီးနဲ့လည်း ကြုံနေရတဲ့အခြေအနေမှာ ပြီးလို့ရှိရင် စီးပွားရေးကလည်း ကမ္ဘာမှာပါ ကျဆင်းလာနေတဲ့အခြေအနေ အရမ်းကိုမှ ခက်ခဲလာနေတဲ့အနေအထားကြားထဲမှာမှ ဒုက္ခသည်စခန်းတွေထဲ နေနေကြရတယ်။ ပြေးလွှားပုန်းအောင်းနေကြရတဲ့ ဒုက္ခရောက်နေကြရတဲ့ ပြည်သူတွေ ကျန်းမာအောင်နေကြပါ ပြီးတော့ အားတင်းကြပြီးမှ အသက်ရှင်အောင် နေထိုင်ကြပါလို့ ကျမ ဆုတောင်းပေးချင်တယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ပြောချင်တာ ကျမတို့ဟာ ငြိမ်းချမ်းတဲ့ဆက်ဆံရေးတွေ အပြုအမူတွေနဲ့ မူပေါ်လစီတွေအရ လူသားတွေကို ကူညီနိုင်တဲ့အစီအစဉ်တွေကိုလည်း တစိုက်မတ်မတ် လုပ်ဆောင်ပေးဖို့ကိုလည်း ကျမ တောင်းဆိုချင်ပါတယ်ရှင်။

မဆုမွန် ။ ။ ဟုတ်ကဲ့ အခုလို ဗွီအိုအေမြန်မာပိုင်းကို အချိန်ပေးပြီးဖြေဆိုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

San Htoi ။ ။ ဟုတ်ကဲ့ပါရှင် ဗွီအိုအေကိုလည်း ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ် (KIA) နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား ၁၉၉၄ မှာ အပစ်အခတ်ရပ်စဲခဲ့ပေမဲ့ ၂၀၁၁ ခုနှစ်မှာ တိုက်ပွဲတွေဖြစ်နေတာ ဒီနေ့အထိ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်ကြသေးချိန် စစ်အာဏာသိမ်းလို့ နောက်ထပ် ဒုက္ခသည် ၅ သောင်း ထပ်တိုးလာခဲ့တာပါ။ အခုလောလောဆယ် ၁ သိန်းခွဲကျော်လောက် ရှိနေတဲ့ ကချင်စစ်ပြေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်နိုင်ဖို့ အခြေအနေလည်း အလှမ်းဝေးနေပါသေးတယ်ရှင်။

=== Unicode ====
















XS
SM
MD
LG