သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံဖွံ့ဖြိုးရေးအတွက်ပဲ ဦးစားပေးဖို့ သမ္မတဦးသိန်းစိန်ကိုပန်ကြား


သမ္မတဦးသိန်းစိန်။
သမ္မတဦးသိန်းစိန်။
အမေရိကန်ပြည်ထောင်စုကို ၄ ရက်ကြာ ခရီးလာရောက်နေတဲ့ သမ္မတ ဦးသိန်းစိန်ဟာ တနင်္လာနေ့မှာ အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့တကွ အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေကို ဆိုင်းငံ့သဘောမျိုး မဟုတ်ဘဲ အပြီးတိုင် ရုပ်သိမ်းပေးဖို့ တောင်းဆိုမှာဖြစ်ပါ တယ်။ အခုလိုတောင်းဆိုတဲ့ အခါမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက်ပဲ ဦးစားပေးဖို့ လိုလားသလို၊ ပြည်တွင်း ငြိမ်းချမ်းရေးကို အကြောင်းပြုပြီး စစ်ရေး အကူအညီတွေပါ တောင်းဆိုမှာ ကို မြန်မာ့နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားသူတွေဘက်က စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်း နဲ့ သေသေချာချာ လျှောက်လှမ်းနေတာမျိုး မဟုတ်သေးတဲ့ အတွက် အပြီးတိုင်ရုပ်သိမ်းပေးဖို့ အချိန်မတန်သေးဘူးလို့လည်း ပြောဆိုကြ ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။


မြန်မာသမ္မတဦးသိန်းစိန်ရဲ့ လက်ရှိ အမေရိကန်ပြည်ထောင်စုကို တရားဝင် လာရောက်တဲ့ ခရီးစဉ်အပါအဝင် မကြာသေးခင် အချိန်တွေက ဥရောပနိုင်ငံတွေကို သွားရောက်မှုတွေဟာ စစ်အာဏာရှင် လက်အောက် နှစ်ပေါင်းများစွာ ကျရောက်ခဲ့ရပြီး၊ တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တဲ့ မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတွေမှာ အမြင်ပွင့်လင်းလာနိုင်တဲ့အတွက် မြန်မာ့နိုင်ငံရေး အင်အားစုတွေက ကြိုဆိုကြပါတယ်။

ဒါပေမဲ့ ပြည်တွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေဆဲ ပဋိပက္ခနဲ့ပတ်သက်ပြီး တိုင်းရင်းသားတွေနဲ့ နားလည်မှုရှိအောင် ကြိုးပမ်းဖို့ လိုအပ်သလို အမေရိကန်အစိုးရဆီက အကူအညီတွေ တောင်းခံတဲ့အခါမှာ လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်ပဲ ဦးစားပေးတောင်းခံဖို့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးတော့ လက်နက်ကိုင်တော်လှန်တယ်ဆိုတာ ရပိုင်ခွင့်တွေ မတူညီလို့ဖြစ်နေတဲ့ကိစ္စပဲ။ ဘယ်အဖွဲ့ကမှ ကိုယ့်ဟာကိုယ် ကိုယ်ပိုင်လွတ်လပ်ရေး ကြေညာမယ်၊ ခွဲထွက်မယ်လို့ ကြေညာထားတာမရှိဘူး။ တကယ်တမ်းကျတော့ တန်းတူရည်တူအခွင့်အရေးကိုပဲ တောင်းဆိုနေကြတာ။ ဒီစနစ်ပြောင်းလဲလာတဲ့ နောက်ပိုင်းမှာပေါ့လေ ဒါတွေကို အစိုးရကနေ ပြီးတော့ ခြေလှမ်း ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသားနဲ့ ထင်ထင်ပေါ်ပေါ်ဖြစ်အောင် ကျနော်တို့ကတော့ လုပ်စေချင်တယ်။

“အဲဒီလိုမဟုတ်ဘဲနဲ့ အမေရိကန်ကိုသွားပြီးတော့ ပိတ်ဆို့မှုတွေ ဖြေလျှော့ဖို့၊ အထူးသဖြင့် စစ်ရေးအရ ပိတ်ဆို့ထားတာတွေကို ဖြေလျှော့ပြီးတော့ လက်နက်တွေ အရောင်းအဝယ်လုပ်မယ်။ နောက်ပြီးတော့ အဲဒီကရတဲ့လက်နက်တွေနဲ့ တိုင်းရင်းသားတွေကို ပြန်ထုနှက်မယ်။ အဲဒါမျိုးကို ရည်ရွယ်ချက်ထားပြီးတော့ ပြောတာဆိုတာထက် စစ်ရေးအကူအညီရရှိရေးဆိုတဲ့ အတိုင်းအတာမှာတော့ တို့တိုင်းရင်းသားတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့အတွက်၊ တို့ တိုင်းရင်းသားတွေနဲ့ လက်တွဲပြီးတော့ ပြည်ပရန်ကို ကာကွယ်ဖို့ရောက်စေ ချင်ပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရအနေနဲ့လည်း အထောက်အကူပြုမယ်။ ပိတ်ဆို့မှုတွေ ဖြေလျှော့ဖို့ဆိုတဲ့နေရာမှာ တကယ်တမ်း တိုင်းပြည်ရဲ့တိုးတက်မှု အတွက်ဆိုရင် ကျနော်တို့အများကြီး ထောက်ခံပါတယ်။ တိုင်းပြည်ကို ပြန်ပြီးတော့ စစ်မီးလျှံထဲကို ဆွဲချသွားမယ့်လုပ်ရပ်မျိုး ဆိုရင်တော့ ကျနော်တို့ အဲဒါကို သိပ်ပြီးတော့ သဘောတူညီမှု မရှိနိုင်ဘူးလို့ ယူဆပါတယ်ခင်ဗျ။”

အမေရိကန်ဘက်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတယ်လို့ အသိအမှတ်ပြုခဲ့တဲ့ မြန်မာသမ္မတဦးသိန်းစိန်ရဲ့ လက်ရှိလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ပြည်တွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေ အပေါ် သမ္မတဦးသိန်းစိန်ရဲ့ တပ်မတော်အပေါ် စစ်ရေးထိန်းချုပ်နိုင်မှုတွေမှာ အားနည်းချက်တွေ အများကြီးရှိသေးတယ်လို့ ကချင်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ထောက်ပြဝေဖန်လိုက်ပါတယ်။

“လက်နက်ကိုင်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သူ ခိုင်ခိုင်မာမာပေါ့နော်၊ သေသေ ချာချာ မဖြေရှင်းနိုင်သေးဘူးလို့ပဲ ကျမတို့မြင်ပါတယ်။ သမ္မတကြီး အနေနဲ့ အောက်ခြေအထိ ကြည့်ပြီးမှ ဆောင်ရွက်တယ်ဆိုရင်တော့ အောင်မြင်မှု ပိုရမှာပါ။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ တပ်မတော်ပိုင်းကို သေသေချာချာ ပြောပေးနိုင်ဖို့တော့ လိုအပ်နေတယ်လို့ ကျမတို့မြင်ပါတယ်။”

အောက်ခြေတပ်တွေအပေါ် သမ္မတရဲ့ သြဇာသက်ရောက်မှု အားနည်းနေသေးတဲ့အပြင် မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဘာသာရေးအသွင်ဆောင်တဲ့ အကြမ်းဖက်ပဋိပက္ခတွေမှာ လုံခြုံရေးတပ်တွေအပေါ် ကိုင်တွယ်မှုဟာ အားနည်းချက်တွေရှိခဲ့ပြီး၊ ထိပ်တန်းအုပ်ချုပ်ရေးပိုင်းမှာ ပြုပြင်စရာတွေရှိသေးတယ်လို့လည်း ရွှေညဝါဆရာတော်က မိန့်ကြားပါတယ်။

“ယုံကြည်စိတ်ချရလောက်တဲ့ ဥပဒေနဲ့ ယုံကြည်စိတ်ချရလောက်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ယုံကြည်စိတ်ချရလောက်တဲ့ ဘာသာရေး လူမျိုးရေး ပဋိပက္ခ ပြဿနာတွေ ရှိနေဆဲဖြစ်နေတော့ ကိုင်တွယ်ပုံအနေအားဖြင့်တော့ အားနည်းချက်တွေ အများကြီးရှိသေးတယ်။”

အရပ်သားအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေပေမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြည့်ပြည့်ဝဝလျှောက်လှမ်းနေတယ်လို့ သူ့အနေနဲ့ မထင်သေးကြောင်း ဝါရင့်သတင်းစာဆရာကြီး တစ်ဦးဖြစ်တဲ့ ကြေးမုံဦးဘဟန်ကလည်း သုံးသပ်ပါတယ်။

“ဦးသိန်းစိန်တို့ လုပ်နေတာဟာ ဒီမိုကရေစီလမ်းကိုသွားနေတယ် ဆိုပေမဲ့ ပြည့်ပြည့်၀၀ လျှောက်နေတယ်လို့ မထင်ဘူးဗျ။ အခု သူပေးနေတဲ့ လွတ်ငြိမ်းခွင့်ဆိုတာကလည်း သူ့အနေနဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို မပေးနိုင်သေးဘူး။ ဒီမိုကရေစီမဆန်သေးဘူး။ ဖွဲ့စည်းပုံက ပြည်ထောင်စု စစ်စစ်မူလည်း မဟုတ်သေးဘူး။ ဒီမိုကရေစီကို ကျင့်သုံးနေတဲ့ ဦးဆောင်ဦးရွက်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့က သူတို့ရဲ့လုပ်ရပ်တွေ တကယ့်ဒီမိုကရေစီ ပြည့်ဝလား၊ မပြည့်ဝသေးဘူးလား သုံးသပ်ပြီးတော့ ထိန်းချုပ်ဖို့တော့ လိုသေးတယ်လို့ ထင်တယ်ခင်ဗျ။”

မြန်မာသမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စုခရီးစဉ်ဟာ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း ပထမဆုံး အစိုးရထိပ်သီးခေါင်းဆောင်အနေနဲ့ တရားဝင်လာရောက်တာလည်းဖြစ်ပါတယ်။
XS
SM
MD
LG