သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန်ခရီးစဉ်အပေါ် ကျေနပ်အားရ


(၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ (စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၂)
(၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန်။ (စက်တင်ဘာလ ၂၇ ရက်၊ ၂၀၁၂)
ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတ်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ အတိုင်းထက်အလွန် အောင်မြင်ခဲ့တယ်လို့ အတူပါလာတဲ့ သမ္မတ အကြံပေးတဦးက ပြောပါတယ်။ အမေရိကန်သမ္မတ ဘရက်အိုဘားမား မြန်မာနိုင်ငံကို အလည်လာဖို့လည်း သမ္မတ ဦးသိန်းစိန်က ဖိတ်ကြားခဲ့တယ်လို့ ပြောပါတယ်။ သမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ ပတ်သက်လို့ အတူပါလာတဲ့ သမ္မတရဲ့ စီးပွားရေး၊ လူမှုရေး၊ အကြံပေးကောင်စီဝင် ဒေါက်တာကျော်ရင်လှိုင်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားတာပါ။

ဒေါက်တာ ကျော်ရင်လှိုင်ခင်ဗျ၊ အခု သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ခရီးစဉ်ပေါ့၊ ပြန်လည်း ပြန်ခါနီးပြီဆိုတော့ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ဘယ်လိုများ မြင်လဲ။ ကျေနပ်အားရမှုရှိလား။ -

“သမ္မတကြီးရဲ့ အခုလက်ရှိလာတဲ့ ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကို တက်ဖို့အတွက် ခရီးစဉ်က အတိုင်းအထက်အလွန် အောင်မြင်ပါတယ်ခင်ဗျ။ ဒါက ကျနော်တို့က ကုလသမဂ္ဂ ညီလာခံမှာဆိုလို့ရှိရင်လည်း လာတက်ကြတဲ့အခါမှာ ခါတိုင်းဆိုရင် လူတွေက နည်းနည်းပဲ တက်ကြပေမဲ့ သမ္မတကြီးနေ့မှာတော့ လူတွေ အများကြီး တက်ကြပါတယ်။ နောက်ပြီးတော့ အမေရိကန်အစိုးရ အဖွဲ့က အရာရှိကြီးတွေလည်း လာပြီးတော့ သမ္မတကြီးကို ဂါရ၀ ပြုကြတယ်။ သမ္မတဟောင်း ဘီလ်ကလင်တန်၊ နောက် ဟင်နရီ ကစ်ဆင်ဂျာ လို အရေးကြီး ပုဂ္ဂိုလ်ကြီးတွေကလည်း လာပြီး သမ္မတကြီးကို ဂါရ၀ ပြုကြပါတယ်။ သူတို့တွေ အားလုံးကလည်း မြန်မာနိုင်ငံနဲ့ အမေရိကန် ဆက်ဆံရေး တိုးတက်ဖို့ အတွက် သူတို့တွေ အင်တိုက် အားတိုက် လုပ်ကြမယ်ဆိုတာကို ကတိပြုပြီး ပြောကြတယ်လေ။ ကျနော်ကတော့ အတိုင်းနဲ့အလွန်ကို အောင်မြင်တယ်လို့ ထင်ပါတယ်ခင်ဗျ။”

တဆက်တည်းပဲ ကျနော်တို့ကြားရတဲ့ သတင်းတချို့မှာတော့ အမေရိကန် သမ္မတ အိုဘားမား ကလည်း မြန်မာနိုင်ငံကို သွားမယ်လို့ ကြားနေလို့။ အဲဒါနဲ့ ပတ်သက်လို့ရော သူတို့ဘက်က ဘာများ ပြောတာဆိုတာ ရှိပါလဲခင်ဗျ။ -

“ဒါကတော့ ဒီလို သွားမယ်ပြုမယ် ဆိုတာကတော့ ဘာမှမရှိသေးပါဘူး ခင်ဗျ။ သမ္မတကြီး ဦးသိန်းစိန် ကနေ ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့တဲ့အခါမှာ သမ္မတကြီး အိုဘားမားကို နှုတ်ခွန်းဆက်တဲ့ စာလေးတစောင် ပေးပါတယ်။ အဲဒီစာထဲမှာတော့ သမ္မတကြီး အိုဘားမားကို သမ္မတကြီး ဦးသိန်းစိန်က အချိန်အားတဲ့အခါမှာ မြန်မာနိုင်ငံကို လာလည်ပါဦးလို့ ဖိတ်ကြားတာ ရှိပါတယ်။ အခုချိန်မှာလည်း အမေရိကန် နိုင်ငံမှာ ရွေးကောက်ပွဲ အချိန် ဖြစ်နေတဲ့ အခါကျတော့ သမ္မတကြီး အိုဘားမား ကလည်း အလုပ်တွေ အရမ်း များနေပါတယ်။ နောက် သူ အချိန်အားတဲ့အခါမှာ လာနိုင်မလာနိုင်ကတော့ အဲဒီအခါကျမှ သူ စဉ်းစားပြီး ဆုံးဖြတ်မှာပေါ့လေ။ အခုကတော့ ကျနော်တို့ဘက်က သမ္မတကြီး အိုဘားမားကို မြန်မာနိုင်ငံကို အချိန်အားတဲ့အခါမှာ လာရောက် လည်ပတ်ပါဦးလို့ ဖိတ်ကြားထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။”

နောက်ဆုံးတချက်လေး မေးချင်ပါတယ်။ အခုက မြန်မာသမ္မတ တဦးအနေနဲ့ အမေရိကန် ခေါင်းဆောင်တဦး အနေနဲ့ ဆယ်စုနှစ်နဲ့ချီကြာ ပထမဆုံးအကြိမ် ခရီးပေါ့။ အဲဒီတော့ အမေရိကန်-မြန်မာ ဆက်ဆံရေးဟာ ဒီခရီးစဉ်ကြောင့် ဘယ်လိုများ ထိရောက်မှု ရှိတယ်လို့ မြင်ပါလဲ။ -

“ဟုတ်ကဲ့။ အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အဓိက က ဘာလဲ ဆိုတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ မြန်မာနဲ့ အမေရိကန် ဆက်ဆံရေးဟာ အတော်လေး မကောင်း ဖြစ်ခဲ့တယ်လေ။ ဖြစ်ခဲ့ပေမဲ့ သမ္မတကြီး ဦးသိန်းစိန် လာတဲ့အခါမှာတော့ အားလုံးက၊ ပထမဆုံးလာတဲ့ နိုင်ငံ ခေါင်းဆောင် အနေနဲ့ လာတဲ့ခရီးစဉ်၊ နောက်ပြီးတော့ ရှေ့ဆက် မြန်မာနိုင်ငံ အတွက် ဘာလုပ်ပေးချင်လဲ။ သမ္မတကြီး လာတာကို မြင်တဲ့အခါမှာ ဒီကပြည်သူတွေကလည်း သမ္မတကြီး ပြောတာတွေကို နားထောင်ပြီးတဲ့ အခါကျတော့ အရမ်း တက်ကြွတယ်။ သမ္မတကြီးကိုလည်း ယုံကြည်လာကြတဲ့ အခါကျတော့၊ သမ္မတကြီးရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ယုံကြည်တာနဲ့အညီ အမေရိကန် အစိုးရဘက်ကလည်း လုပ်ပေးချင်တာ တွေကလည်း ပို ပိုများတယ်။ ရှေ့လျှောက် ကျနော်တို့ မြန်မာ-အမေရိကန် ဆက်ဆံရေးဟာ အလွန် အင်မတန် ကောင်းမွန်လာမယ်လို့ ကျနော် မြင်ပါတယ်ခင်ဗျ။”

သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးနဲ့ လူမှုရေး အကြံပေး ကောင်စီဝင် ဒေါက်တာကျော်ရင်လှိုင်ကို ကိုသားညွှန့်ဦးက ဆက်သွယ် မေးမြန်းထားတာပါ။

သမ္မတဦးသိန်းစိန်ဟာ အခု ခရီးစဉ်အတွင်းမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံခဲ့သလို၊ သမ္မတဟောင်း ဘီလ်ကလင်တန်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟင်နရီ ကစ်ဆင်ဂျာ တို့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သန်းကြွေသူဌေး ဂျောဂျ်ဆိုးရော့စ် လို ပုဂ္ဂိုလ်မျိုးအပြင်၊ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ စီစဉ်မှုနဲ့ အမေရိကန် စီးပွားရေး လုပ်ငန်းက တာဝန်ရှိသူ အတော်များများကိုလည်း လက်ခံတွေ့ဆုံခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့လည်း ဒီနေ့ တွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ လူမှု စီးပွားဖွံ့ဖြိုးရေး ကိုပါ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့တဲ့ ခိုက်ရန်ဖြစ်ပွားမှုတွေနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ လူမျိုးစုတွေအကြား သဟဇာတရှိရေး မြှင့်တင့်ဖို့နဲ့ ဖွံ့ဖြိုးရေး ကြိုးပမ်းကြဖို့ အပါအဝင် နှစ်ဘက် တင်းမာမှု အခြေခံ အကြောင်းရင်းတွေကို ဆန်းစစ် ကိုင်တွယ်ဖို့ အတွက် ချက်ချင်း လက်ငင်းသာမက ရေရှည်ရှုဒေါင့်ကနေ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ သမ္မတဦးသိန်းစိန်တို့က သုံးသပ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ရေရှည် အကျိုးသက်ရောက်မှုတွေကို ကိုင်တွယ်သွားမှာ ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က တုံ့ပြန်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ အခု ကုလသမဂ္ဂခရီးစဉ်ဟာ နှစ် ၅၀အတွင်း မြန်မာအစိုးရ အကြီးဆုံး ခေါင်းဆောင်တဦး အနေနဲ့ ပထမဆုံး ကုလသမဂ္ဂ အထွေထွေညီလာခံကို တတ်ရောက်တဲ့ခရီးစဉ် ဖြစ်သလို၊ အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ပြောင်းလဲလာတဲ့ အခြေအနေတရပ်လို့လည်း သုံးသပ်လို့ရပါတယ်။
XS
SM
MD
LG