သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လမ်းလေ ျှာက်သင်္ကြန် ပုံစံသစ် ပိုပျော်စရာကောင်း


၂၀၁၈ သင်္ကြန်အကျနေ့မြင်ကွင်း
၂၀၁၈ သင်္ကြန်အကျနေ့မြင်ကွင်း

၂၀၁၈ အတာသင်္ကြန်ပွဲတော်ဟာ အရင်ထက်စာရင် ခိုက်ရန်ဖြစ်ပွားမှု လျော့နည်း လာသလို၊ သင်္ကြန်ပွဲကျင်းပပုံ ပုံသဏ္ဍန် အပြောင်းအလဲတွေ ကြောင့်လည်း ပြည်သူတွေ ပျော်ရွှင်နေတာကို ပိုမြင်လာရတယ်လို့သင်္ကြန်မဏ္ဍပ်တွေမှာ လိုက်လံဖျော်ဖြေနေကြတဲ့ အနုပညာရှင်တချို့က ပြောဆိုပါတယ်။ နေပြည်တော် မန္တလေးနဲ့ ချင်းတွင်း သင်္ကြန်ပွဲတော်မြင်ကွင်းတွေကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဒီကနေ့ဟာ သင်္ကြန်အကျနေ့ ဖြစ်တာနဲ့အညီ မြို့တိုင်း ဒေသတိုင်းမှာ မြန်မာပြည်သူတွေ သင်္ကြန်ပွဲတော်ကို ပိုပြီးဆင်နွှဲလာကြပါတယ်။ အရင် စစ်အစိုးရခေတ် စီးပွားဖြစ် သင်္ကြန်တွေမှာလို မဟုတ်တော့ပဲ NLD အစိုးရလက်ထက် သင်္ကြန်ရေပက်မဏ္ဍပ်တွေမှာ နားနေအိပ်ခန်းတွေ မတွေ့ ရတော့သလို၊ လမ်းလျှောက်သင်္ကြန်က လူတွေအတွက် ပိုပျော်စရာကောင်းလာတယ်လို့ ထင်မိကြောင်း အစိုးရရုံးစိုက်ရာ နေပြည်တော်က Skynet မဏ္ဍပ်မှာ ဖျော်ဖြေနေတဲ့ အဆိုတော် မီမီဝင်းဖေက ပြောပါတယ်။

“ ဟိုလို နည်းနည်းလေး အပိုအခန်းတွေပါတဲ့ မဏ္ဍပ်တို့၊ ဟို ပွင့်ပွင့်လင်းလင်း မရှိတဲ့မဏ္ဍပ်တွေက မနှစ်ကတည်းက မရှိတော့ဘူး။ အားလုံးက အများကနေ မြင်နေရမယ့် မဏ္ဍပ်မျိုးတွေကိုပဲ ပေးဆောက်ထားတယ်ဆိုတာ သိပါတယ်။ နောက်ပြီး ဒီနှစ်က နည်းနည်းထူးခြားတာက မြို့နယ် မဏ္ဍပ်တွေ လုပ်ကြတယ်။ ဆိုတော့ မြို့နယ်တိုင်းမှာ ဖျော်ဖြေရေးတွေ ရှိနေတယ်ပေါ့နော်။ ပြီးတော့ လမ်းလျှောက်သင်္ကြန် လုပ်ကြတာ ဆိုတော့ ကားတွေဘာတွေ မပိတ်တာတို့၊ အန္တရာယ် ပိုကင်းတယ်လို့တော့ ပြောကြတယ်။ လူတွေက လမ်းလျှောက်သင်္ကြန်မှာ ပျော်ကြတယ်။ သီးချင်းဆိုတဲ့သူ တဦးအနေနဲ့ ပြောရရင် တနှစ်တခါ ကိုယ်ဖျော်ဖြေနေတဲ့ မဏ္ဍပ်ရှေ့လာကြတဲ့ သူတွေထဲမှာပေါ့နော် လူတန်းစား အများကြီးပါတဲ့ အထဲမှာ၊ ပိုသဘောကျမိတာကတော့ တကယ့်ကို အောက်ခြေလူတန်းစားတွေလည်း လာကြည့်ကြပြီးတော့ သူတို့ဘ၀ ခဏတာ အမောပြေအောင် ဖျော်ဖြေရတဲ့အတွက် သဘောကျမိပါတယ်။”

သင်္ကြန်မြို့တော်လို့ နာမည်ကြီးတဲ့ မန္တလေးမြို့မှာတော့ ဒီနှစ်သင်္ကြန်ဟာ ပိုယဉ်ကျေးလာတယ်လို့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။

“ ဟုတ်ကဲ့ အရမ်းစည်ကားပါတယ်။ မန္တလေးသင်္ကြန်ကတော့ ကျမ အနှစ်(၂၀)နီးပါးရှိပြီ၊ ဖျော်ဖြေရတဲ့ အပိုင်းမှာလည်း အခါတိုင်းကတော့ အယ်လ်ပိုင်း Alpine မဏ္ဍပ်မှာ (၁၅)နှစ်နီးပါးဖျော်ဖြေခဲ့တာ။ ဒီနှစ်ကတော့ ကျမ မြို့တော်ဝန်မဏ္ဍပ်မှာပါရှင့်။ မြို့တော်ဝန်မဏ္ဍပ်ဆိုတော့ ပရိတ်သပ်ကလည်း တော်တော်လေး စည်းကမ်းတကျ ဖြစ်နေတာကိုတွေ့ရပါတယ်၊ မြို့တော်ဝန်မဏ္ဍပ် ဆိုတာထက် လမ်းလျှောက်သင်္ကြန် ကြောင့်မို့လို့ များလားမသိဘူး။ ရန်ဖြစ်တာတွေ ဘာတွေလည်း မတွေ့ရပါဘူး။ မန္တလေး အချင်းချင်းကိုယ်က ခါတိုင်းနှစ်ထက်စာရင် တော်တော် ယဉ်ကျေးလာပါတယ်။ လမ်းလျှောက်သင်္ကြန် ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်းလဲ ပိုချစ်ခင်ရင်းနှီး လာကြတယ်လို့ မြင်ရပါတယ်။ ဟို လမ်းလျှောက်ရင်းနဲ့ပေါ့နော်။ ကျမတို့ မြန်မာလူမျိုးက တော်တော်ပျော်ကြတာပဲ သင်္ကြန်ဆိုရင်လေ… သင်္ကြန်ကို တကယ် စိတ်ရောကိုယ်ပါ ဆင်နွှဲကြပါတယ်။ သင်္ကြန်ဆိုတာ ကျမတို့ မြန်မာလူမျိုးတွေရဲ့ တကယ်ရင်ခုန်ရတဲ့ ပွဲတော်ကြီး တခုပါပဲ .. ကျမ မြင်တာကတော့။”

၂၀၁၈ ရန်ကုန်သင်္ကြန်မြင်ကွင်း
၂၀၁၈ ရန်ကုန်သင်္ကြန်မြင်ကွင်း

ဒီနှစ်မှာ ထူးခြားလာတာကတော့ မုံရွာမြို့နားက ချင်းတွင်း သင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ ဘယ်လို ထူးခြားချက်ရှိသလဲဆိုတာနဲ့ ပတ်သက်လို့ လူရွှင်တော် ကင်းကောင်က ရှင်းပြပါတယ်။

“ ကျနော်တို့ ချင်းတွင်းမြစ် ကမ်းနဘေးက သောင်ပြင်ပေါ့ဗျာ။ ဘယ်လိုပြောမလဲ မြို့မကျ- တောမကျ သောပြင်မှာ လုပ်တာလေ။ အထူးခြားဆုံးကတော့ သဲပုံပန်းပုက အထူးခြားဆုံးပဲ။ ကျနော်တို့ ငယ်ငယ်တုန်းက ဥပမာ- လက်တွေခြေထောက်တွေ ထည့်ပြီးတော့ ဂူလေးတွေဆောက်တာ ၊ ကားလမ်းလေးတွေ ဖေါက်တယ်ဆိုတဲ့ ကလေးအမြင်လေးကနေ အခုက စင်္ကာပူက ပညာရှင်တွေဘာတွေ ပါလာပြီးတော့ သဲပုံ ပုံစံတို့၊ ရဲတိုက်ရုပ်တွေ လုပ်တယ်။ ဆင်ရုပ်တုတွေလုပ်တယ်၊ ကလေးပုံတွေ လုပ်တယ်။ အဲဒါတွေကို သူတို့က ကော်နဲ့ Spray ဖြန်းပြီးတော့ သဲမပြိုအောင် လုပ်သွားတဲ့ဟာကတော့ ဒါဗမာပြည်မှာ ပထမဦးဆုံးလို့ ပြောလို့ရတယ်။ တော်တော်ကောင်းတယ်။ အဲဒီမှာတော့ အရမ်းစည်တယ်။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သင်္ကြန်အကျ ဒီကနေ့ ၊ နေပြည်တော်က တိုင်ချီတိုတို့ ရေကစားမဏ္ဍပ်မှာ အစိုးရအဖွဲ့ဝင် မိသားစုတွေနဲ့အတူ ရေကစားခဲ့ပါတယ်။ ၂၀၁၈ သင်္ကြန်ပွဲတော်ကို ဧပြီလ(၁၆)ရက် တနင်္လာ သင်္ကြန်အတက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG