သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

သင်္ကြန်ပြန် အလုပ်သမားတွေ ထိုင်းနယ်စပ်မှာ အထူးသတိရှိဖို့လို


သင်္ကြန်ကာလ မြန်မာပြည်ပြန်ဖို့ ထိုင်းမြန်မာ နယ်စပ်ဂိတ်မှာ တန်းစီနေကြတဲ့ မြန်မာအလုပ်သမားတွေ

မြန်မာနိုင်ငံမှာ မကြာခင် ကျရောက်တော့မယ့် နှစ်သစ်ကူး သင်္ကြန်အချိန်အခါတွက် နေရပ်ပြန်လာကြတဲ့ ထိုင်းရောက် မြန်မာအလုပ်သမား တွေအနေနဲ့ တဘက်နယ်စပ်မှာ စီးပွားရေး အမြတ်ထုတ်မှုတွေ သတိထားသင့်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက သတိပေး လိုက်ပါတယ်။ မြန်မာ အလုပ်သမားတွေကို ဗီဇာကြေး ပေးစရာမလိုပဲ နေရပ်ပြန်ဖို့ ထိုင်းအစိုးရက ဒီကာလအတွင်း ခွင့်ပေးခဲ့တာကြောင့် ရွှေ့ပြောင်းအလုပ်သမား ထောင်ပေါင်းများစွာ မြန်မာနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ပြန်နေကြပြီ ဖြစ်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ သင်္ကြန်ကာလ နေရပ်ပြန်ကြမယ့် အလုပ်သမားတွေနဲ့ ပတ်သက်လို့ ဗီဇာ အထွက်တုံးအတွက် ငွေကုန်ကျစရာမလိုပဲ နေရပ်ပြန်ခွင့် ထိုင်းအစိုးရက ခွင့်ပြုပေးခဲ့တာပါ။ ဒီအတွက် ပထမဦးဆုံးနေ့မှာတော့ အလုပ်သမား ၅ ထောင်လောက် ပြန်နေကြပြီး ဧပြီလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ အလုပ်သမားတွေ သောင်းဂဏန်းနဲ့ ပြန်နေပါတယ်။ နေရပ်ပြန် မြန်မာအလုပ်သမား တဦးကတော့ တချို့ အလုပ်ရှင်တွေက အဲဒီလောက် ၂၅ ရက်ကြာအထိ ခွင့်မပေးတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ ၅ ရက်ကနေ ၃၀ရက်နေ့ထိ အလုပ်တွေက ခွင့်တွေလည်း ရတဲ့သူလည်းရတယ်။ မရတဲ့သူလည်း မရဘူး။ အလကား ဆိုလို့ရှိရင်တော့ သူတို့ပေးတဲ့ရက်ထိပဲ ပြန်လာရမယ်။ ကိုယ့်ဖာသာ တုံးကြီးထုသွားမယ်ဆိုရင်တော့ ကြိုက်တဲ့ရက် ပြန်လာလို့ ရတယ်။”

နယ်စပ်ကိုဖြတ်ပြီး နေရပ်ပြန်ကြသူတွေအနေနဲ့ ထိုင်းကနေ အထွက်မှာ ဗီဇာတုံးထုခ ဘတ်ငွေ (၁,၀၀၀)လောက် ကုန်ကျပေမယ့် ပွဲစားတွေနဲ့ လုပ်မယ်ဆိုရင် ဘတ်ငွေ (၁,၆၀၀)ထိ ကုန်ကျတာပါ။ အခုသင်္ကြန်မှာတော့ ၂၅ ရက်အတွင်း ပြန်မယ်ဆိုရင် ဗီဇာကြေးက အခမဲ့ ဖြစ်တာကြောင့် အလုပ်သမားတွေ နေရပ်ပြန်နေကြတာ ဖြစ်တယ်လို့ မဲဆောက်အခြေစိုက် မြန်မာအရေး ပူးတွဲလှုပ်ရှားမူကော်မတီ ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“ထိုင်းတော်ဝင် လူဝင်မှုကြီးကြပ်ရေး ဌာနကနေ ဧပြီလ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ဗီဇာအခမဲ့ ၀န်ဆောင်မှုပေးတယ်။ မြန်မာ အလုပ်သမားတွေက ဧပြီလ ၅ ရက်နေ့ကစလို့ တဖွဲဖွဲပြန်နေကြတယ်။ ဒီနေ့ဆို အရေအတွက် များတယ်”

သင်္ကြန် အိမ်ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေ
သင်္ကြန် အိမ်ပြန်ကြတဲ့ မြန်မာအလုပ်သမားတွေ

မြန်မာအလုပ်သမားတွေ ချစ်ကြည်ရေးတံတားပေါ်ကနေ သောင်းဂဏန်းနဲ့ချီ နေရပ်ပြန်နေကြသလို တရားမ၀င် လာကြသူတွေ၊ နိုင်ငံကူးလက်မှတ် မရှိသူတွေကတော့ တံတားအောက်မှာရှိတဲ့ ဂိတ်တွေကိုဖြတ်ပြီး လှေလမ်းကနေ ထောင်ဂဏန်းလောက် ပြန်နေကြ သူတွေလည်း ရှိကြပါတယ်။ ထိုင်းမြန်မာ နယ်စပ်မှာတော့ နာမည်အမျိုးမျိုးတပ်ထားတဲ့ ကုမ္ပဏီတွေ၊ ပွဲစားရုံးခန်းတွေကတော့ ၀န်ဆောင်မှု ပေးမယ်ဆိုပြီး မသိနားမလည်တဲ့ မြန်မာအလုပ်သမားတွေ ထံကနေ ငွေတောင်းခံ နေတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် မြ၀တီမြို့မှာတော့ နေရပ်ပြန် မြန်မာတွေက ထိုင်းဘတ်ငွေကနေ မြန်မာကျပ်ငွေ လဲလှယ်တဲ့အခါ ဈေးဆိုင်တချို့က ငွေကြေး အပြည့်မပေးပဲ လိမ်လည်မှုတွေလဲ ရှိနေတာပါ။ ဘန်ကောက်ပြန် အလုပ်သမားတွေအနေနဲ့ ပွဲစားတွေ လူလိမ်တွေရဲ့ နည်းအမျိုးမျိုးသုံးပြီး လိမ်လည်မှုတွေ မခံရအောင် မြန်မာရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက သတိပေးတာ၊ ပညာပေးတာတွေကို လုပ်ဆောင်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG