သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စစ်ကောင်စီနဲ့ AA တို့ သင်္ကြန်ပွဲ အပြိုင်အဆိုင် ကျင်းပဖို့ပြင်ဆင်နေ


ရခိုင်ရိုးရာသင်္ကြန် (၂၀၁၁၊ ဧပြီ)
ရခိုင်ရိုးရာသင်္ကြန် (၂၀၁၁၊ ဧပြီ)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ အခုနှစ် ရိုးရာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်အောင် ကျင်းပဖို့ စစ်ကောင်စီကရော၊ AA အဖွဲ့ကပါ ပြင်ဆင်နေပါတယ်။ AA အဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်းက တချို့ဒေသတွေမှာ ကိုယ်ပိုင် အုပ်ချုပ်တဲ့ဒေသတွေ ရှိနေတာကြောင့် သူထိန်းချုပ်ထားတဲ့ နယ်မြေတချို့မှာ သင်္ကြန်ပွဲကို စည်ကားစွာ ကျင်းပနိုင်အောင် ကြိုးပမ်း လုပ်ဆောင်နေတာပါ။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လတ်တလော တည်ငြိမ်အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများ လာမယ့် ဧပြီလ ၁၂ရက်နေ့မှာ ကျရောက်မယ့် ရိုးရာ အတာသင်္ကြန်ပွဲတော်အတွက် စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်းက ကျောက်ဖြူမြို့မှာဆိုရင်လည်း စစ်ကောင်စီက ဦးဆောင်ပြီးတော့ အတာသင်္ကြန်အတွက် ဗဟိုမဏ္ဍပ်ဆောက်လုပ်တာတွေအပြင် ရိုးရာပွဲတော်တွေကိုပါ ထည့်သွင်းလုပ်ဆောင်သွားမယ်လို့ ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ဗဟိုမဏ္ဍပ်လုပ်တာပေါ့။ မဏ္ဍပ်က ပေ ၉၀ အကြီးကြီးပေါ့။ ရေကစား မဏ္ဍပ်နဲ့ အတွဲလိုက်လုပ်မယ်။ နိုင်ငံကျော်အဆိုတော်တွေပါမယ်။ ယိမ်းအဖွဲ့တွေ ပါမယ်။ သင်္ကြန်ရဲ့ ထုံးစံအတိုင်းပဲ လုပ်မှာပါ အားလုံး၊ နံသာသွေးပြိုင်ပွဲတို့၊ ရိုးရာနဲ့ပတ်သတ်တဲ့ ပွဲတွေလည်း အကုန်ပါမှာပါ။ အန္တရာယ်ကင်းတို့၊ သက်ကြီးပူဇော်ပွဲတွေလည်း ပါပါတယ်။ ဒါက သင်္ကြန်မှာ လုပ်နေကြအတိုင်း လုပ်တာပါပဲ။”

ဒါ့အပြင် ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမှာလည်း စစ်ကောင်စီက လမ်းလျောက်သင်္ကြန်တွေအပါဝင် ဗဟိုမဏ္ဍပ်တွေဆောက်လုပ်ပြီးတော့ သင်္ကြန်အတွက် ပြင်ဆင်နေတာပါ။

ကျောက်တော်မြို့နယ်မှာဆိုရင်လည်း ရခိုင်လက်နက်ကိုင် AAအဖွဲ့က ဦးဆောင်ပြီးတော့ ဇီးချောင်း ရိုးရာအတာသင်္ကြန်အတွက် ပြင်နေတာတွေရှိတယ်လို့ ကျောက်တော်ဒေသခံ မငုဝါချေက ပြောပါတယ်။

“ဒီနှစ်လည်း ရခိုင်တပ်တော်က ဦးဆောင်ပြီးတော့ ဇီးချောင်းမှာပေါ့နော်၊ သင်္ကြန်မဏ္ဍပ်တွေ ဆောက်နေတာတွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် အခုလို တိုက်ပွဲတွေရပ်နေတဲ့ ကာလမျိုးမှာ ပြည်သူတွေကို ပျော်ရွှင်အောင်လုပ်ပေးတဲ့ ရက္ခိုင့်တပ်တော်ကိုလည်း ကျေးဇူးတင်ပါတယ်။”

မြန်မာနိုင်ငံအနှံ့က တိုင်းနဲ့ပြည်နယ်တချို့မှာ ပဋိပက္ခတွေကြောင့် ပြည်သူတွေအနေနဲ့ တစ်နှစ်မှာတခါသာ ကျရောက်တဲ့ ဒီအတာသင်္ကြန်ပွဲတော်ကို ဆင်နွဲ့ဖို့ အခြေအနေ မရှိကြပါဘူး။ ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်တန့်နေတဲ့အချိန် ခဏတာပျော်ရတာမို့လို့ အတာသင်္ကြန် ပိုပါဝင်ဆင်နွှဲသွားမယ်လို့ စစ်တွေဒေသခံတဦးဖြစ်တဲ့ မခင်သူသူက ပြောပါတယ်။

“ဒါက ဘာနဲ့ ဆိုင်လည်းဆိုတော့ ဒေသအခြေအနေနဲ့ ဆိုင်တာပေါ့နော်။ အရင်နှစ်တွေက ညီမတို့ ရခိုင်မှာ တိုက်ပွဲတွေရှိတော့ ပျော်ပွဲရွင်ပွဲတွေ ချတာမရှိဘူး။ ကိုယ်တို့ဒေသ တည်ငြိမ်နေတဲ့ အနေအထားမှာရှိတယ်ဆိုတော့ ဒီဟာက ရိုးရာသင်္ကြန် တစ်နှစ်မှာ တစ်ခါပဲကျတာဆိုတော့ ဒေသကလည်း အေးချမ်းနေတယ်။ အစိုးရဖက်ကလည်းလုပ်ပေးတယ်၊ AA ဖက်ကလည်း သူတို့ထိန်းချုပ်ဒေသမှာ လုပ်ပေးတယ်ဆိုတော့ ညီမတို့လည်း သင်္ကြန်မှာပျော်ဖို့ အစီအစဉ် ရှိပါတယ်။”

မနှစ်ကလည်း ရခိုင်ပြည်နယ်မှာ အတာသင်္ကြန်ပွဲတော်က ရခိုင်ဒေသခံတွေအပြင် မြန်မာနိုင်ငံ အနှံ့က ပြည်သူတွေလည်း လာရောက် ဆင်နွဲကြပါတယ်။ ဒီနှစ်မှာလည်း သံတွဲမြို့နယ်က ငပလီကမ်းခြေမှာ သင်္ကြန်ကာလအတွက် ဟိုတယ်အခန်းတွေအားလုံး ကြိုတင်ငှားရမ်းထားပြီး ဖြစ်နေပြီလို့ ဟိုတယ်တာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။ အများအားဖြင့် လာရောက်အပန်းဖြေကြသူ အများစုဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စတဲ့ မြို့နယ်တွေက လူတွေများတယ်လို့လည်း ဟိုတယ်တာဝန်ရှိသူတွေက ပြောပါတယ်။

{Unicode}











XS
SM
MD
LG