ရုရှားနိုင်ငံ မြို့တော် မော်စကိုမှာ စနေနေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေ အာဏာပိုင်တွေကို အာခံပြီး မြို့လယ်မှာ ချီတက်ခဲ့ကြပါတယ်။
အစိုးရ တာဝန်ရှိသူတွေရဲ့ သတိပေးချက်တွေကို လျစ်လျူရှုပြီး လာမယ့် မြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အရင်က ဆန္ဒပြပွဲတွေနဲ့စာရင် လူဦးရေ သိသိသာသာနည်းတဲ့ အခုဆန္ဒပြပွဲကိုတော့ ရဲတွေက အနှောင့်အယှက် မပေးခဲ့ပါဘူး။
ဒါပေမယ့်လည်း ကရင်မလင်နန်းတော် အနီးက Pushkin ရင်ပြင်ကို ဆန္ဒပြသူတွေ ရောက်လာချိန်မှာတော့ ဆန္ဒပြသူတွေ လမ်းမပေါ် မတက်နိုင်အောင် ရုပ်ဖျက်ထားတဲ့ ရဲတွေက လက်ချင်းချိတ်ထားခဲ့ကြပါတယ်။
လမ်းဘေး အနီးအနားတွေမှာလည်း အချုပ်ကားတွေနဲ့ မီးသတ်ကားတွေ ထူထူထပ်ထပ် ချထားတာ တွေ့ရပါတယ်။
အခုဆန္ဒပြပွဲမှာတော့ ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ ပတ်သက်ပြီး ရဲဘက်ကရော၊ လွတ်လပ်တဲ့ စောင့်ကြည့်အဖွဲ့တွေကပါ တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။
ဒါဟာ ထောင်နဲ့ချီ ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတွေပါ ဖြစ်တတ်တဲ့ အရင် ဆန္ဒပြပွဲတွေနဲ့တော့ ကွဲပြားနေတာ ဖြစ်ပါတယ်။ စနေနေ့က ဆန္ဒပြပွဲဟာဆိုရင် လစ်ဘရယ် တက်ကြွလှုပ်ရှားသူတွေနဲ့ မော်စကိုမြို့တော် အာဏာပိုင်တွေ၊ ရုရှားအစိုးရကြား ထိပ်တိုက်တွေ့မှုတွေထဲက တခုဖြစ်ပါတယ်။
ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ မြောက်ဘက် ကီလိုမီတာ အနည်းငယ် အကွာက လမ်းမကြီးတလျှောက် ချီတက်လာကြတဲ့ ဆန္ဒပြသူတွေက လက်ခုပ်တီးပြီး ရုရှား လွတ်မြောက်ရမယ်၊ Tsar ဘုရင်နဲ့အတူ ကျဆုံးပါစေ ဆိုတာတွေကိုလည်း သံပြိုင် ကြွေးကြော်ခဲ့ကြပါတယ်။