သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံမှာ ၆ ရက် အတွင်း မြန်မာ ထောင်ချီ ဖမ်းခံရ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသူများ၊ ဇန် ၂၁၊ ၂၀၁၉
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထားသူများ၊ ဇန် ၂၁၊ ၂၀၁၉

ထိုင်းနိုင်ငံမှာ သီတင်းတပတ်နီးပါး အတွင်း ပြစ်မှုကျူးလွန်သူပေါင်း ၁ သောင်း နီးပါး ဖမ်းဆီးခဲ့တဲ့ အထဲ မြန်မာက ထက်ဝက်နီးပါး ပါဝင်ကြောင်း ထိုင်း ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံတော်လုံခြုံရေးအတွက် ထိုင်းနယ်စပ်တလျှောက်နဲ့ ခရိုင်အသီးသီးမှာ တရားမဝင်နေထိုင်နေသူတွေ၊ ရာဇဝတ်မှုကျူးလွန်တဲ့ နိုင်ငံခြားသားတွေ ၊ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်သူတွေကိုတပတ်အတွင်းပြင်းပြင်းထန်ထန်ဖမ်းဆီးလာတာမှာ ၆ရက်အတွင်းဖမ်းမိတဲ့နိုင်ငံခြားသား ၉၅၀၀ ကျော်ရှိတယ်လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းမိတဲ့အထဲမှာ တဝက်ကျော်က မြန်မာနိုင်ငံသားတွေဖြစ်ပြီး လူဦးရေ ၄ထောင်ကျော်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမြန်မာတွေ အစုလိုက်အပြုံလိုက်ဖမ်းဆီးခံနေရသလို စျေးရောင်းတာတွေနဲ့ နိုင်ငံခြားသားတွေလုပ်ခွင့်မရှိတဲ့ အလုပ်အကိုင်တွေကို ဝင်လုပ်လို့ဆိုပြီး ဆက်တိုက်ဖမ်းဆီးနေတာပါ။

ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ဖို့လာကြသူတွေရော မြန်မာနိုင်ငံမှာစစ်မှု ထမ်းဥပဒေကြောင့် အတင်းအကြပ် စစ်မှု ထမ်းခိုင်းတာကိုတိမ်းရှောင်တဲ့အနေနဲ့ရော ထိုင်းကို ဝင်လာကြသူတွေ ဒီရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက်အဖမ်းခံနေရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကလည်းပြောပါတယ်။

“လူတွေက ကြောက်အားလန့်အားနဲ့ ထွက်ပြေးနေကြတာဆိုတော့ အနီးစပ်ဆုံး ထိုင်းနိုင်ငံထဲကိုပဲပြေးလာကြတာ။ နောက်ပိုင်းမှာလည်း အစုလိုက်အပြုံလိုက်ထွက်ပြေးလာမယ့်အခြေအနေတွေရှိပါတယ်။ အခုလည်းဒီရက်ပိုင်းမှာပဲ လွန်ခဲ့တဲ့ ၃ရက်လောက်ကပဲဖမ်းမိတာက ၅၀၀ကျော်ရှိတယ်။ ကျနော်တို့သိတဲ့သတင်းပဲရှိသေးတယ်။ မသိတာတွေကအများကြီးပဲ နေ့စဉ်လည်းအဖမ်းခံနေရပါတယ်။”

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းကလည်း နိုင်ငံခြားသား ၄ ဦး ဆေးရုံတခုမှာ အကြမ်းဖက်ကျူးလွန်တဲ့ဖြစ်စဉ်တရပ်ဖြစ်ပွားခဲ့ပါသေးတယ်။ မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်မြို့နယ်အတွင်းနေထိုင်နေတဲ့ နိုင်ငံခြားသားတွေက အများပြည်သူပိုင်တဲ့နေရာတွေမှာ နေထိုင်လာတယ်ဆိုပြီး ထိုင်းအာဏာပိုင်တွေ တိုင်ကြား ဝေဖန်ပြောဆိုခံခဲ့ရတာပါ။ အဲဒီနောက် ဖေဖော်ဝါရီ ၁၈ ရက်နေ ၂၄ ရက်အတွင်း ထိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ မှုခင်း ပပျောက်စေဖို့နဲ့ အများပြည်သူအန္တရာယ်ကင်း လုံခြုံစွာနေထိုင်နိုင်ရေး ခေါင်းစဉ်နဲ့ နိုင်ငံခြားသားများစုပေါင်းနေထိုင်တဲ့နေရာတွေကို ဝင်ရောက်စစ်ဆေးဖို့အတွက် ထိုင်းအစိုးရက အရေးပေါ်ထုတ်ပြန်ခဲ့တာပါ။

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က နိုင်ငံအတွင်းမှုခင်းတွေ ပပျောက်စေရေးအတွက်ရဲနဲ့ လ၀က အပါအဝင် မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့တွေကို ညွှန်ကြားပြီး စတင်ဖမ်းဆီးလာခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့တွေက သက်ဆိုင်ရာ နယ်မြေအတွင်းမှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးအရေးယူနိုင်ရေး၊ လူကုန်ကူးမှု နဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ တရားမဝင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်နေမှုတွေကို ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၄ ရက်အထိ ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ၆ ရက်အတွင်းစစ်ဆေးဖမ်းဆီးရာမှာ ပြစ်မှုကျူးလွန်သူ နိုင်ငံခြားသား ၉၅၃၂ ဦးတို့ကို အရေးယူနိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖမ်းဝရမ်းထုတ်ထားပြီးသူ ၂၀၇ ဦး၊ တရားမဝင်နေထိုင်သူ ၆၂၃၉ ဦး၊ Over stay နဲ့နေထိုင်သူ၈၇၅ ဦး၊ နိုင်ငံသားမှတ်ပုံတင်ရုပ်သိမ်းခံထားရသူ ၁၂၀ ဦး၊ ခွင့်မပြုမထားတဲ့ တားမြစ်လုပ်ငန်းလုပ်ကိုင်သူ ၄၆၃ ဦးနဲ့ အခြားဥပဒေချိုးဖောက်သူ ၁၆၂၈ ဦးတိုပါဝင်တယ်လို့ဆိုပါတယ်။ နိုင်ငံအလိုက်ဖမ်းဆီးအရေးယူခံရသူတွေထဲမှာတော့ ထိုင်းနိုင်ငံသား ၅၆၄ ဦး၊ မြန်မာနိုင်ငံသား ၄၈၇၉ ဦး၊ လာအို ၁၆၉၉ ဦး၊ ကမ္ဘောဒီးယား ၁၃၇၆ ဦး၊ ဗီယက်နမ် ၁၀၃ ဦနဲ့ အခြားနိုင်ငံသား ၉၁၁တို့ ပါဝင်တယ်လို့လည်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG