သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen အရေးအခင်း ၂၅ နှစ်ပြည့်


တရုတ်နိုင်ငံမှာ ဇွန် ၄ လှုပ်ရှားမှုလို့ သိကြတဲ့ Tiananmen ရင်ပြင် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှု အကြမ်းဖက် နှိမ်နင်းခံခဲ့ရတာ အခုဆို ၂၅ နှစ်ပြည့်ပြီဖြစ်ပါတယ်။ Tiananmen လှုပ်ရှားမှုနဲ့ပတ်သက်လို့ ရေးသားပြော ဆိုမှုတွေ နှစ်ပတ်လည် အခမ်အးနား ပြုလုပ်တာတွေကို တရုတ်အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ကန့်သတ်ထားဆဲရှိပါတယ်။

ဒီမိုကရေစီလွတ်လပ်မှုကို တောင်းဆိုတဲ့ ဆန္ဒပြမှုအပေါ် တရုတ်ကွန်မြူနစ်ပါတီကနေ အကြမ်းဖက်နှိမ်နင်းကိုင်တွယ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ကိုယ်တွေ့ကြုံ ခံစားရသူတွေအဖို့တော့ မမေ့နိုင်သေးတဲ့ ဖြစ်ရပ်ပါ။ ကိုယ်တွေ့ကြုံသူတွေနဲ့ ဖြစ်ရပ်မှတ်တမ်းစုခဲ့သူတွေကို Tiananmen အရေးအခင်းနဲ့ ပတ်သက်လို့ ဗွီအိုအေက မေးမြန်းထားတွေ ကိုသားညွန့်ဦးက စုစည်းတင်ဆက်ထားပါတယ်။

Tiananmen ရင်ပြင်လှုပ်ရှားမှုဟာ တက္ကသိုလ်ကျောင်းသားတွေက ဦးဆောင်ပြီး စတင်လာခဲ့ပြီး အလုပ်သမားတွေရော သာမန်ပြည်သူတွေပါ ပူးပေါင်းပါဝင်လာကြတဲ့ တရုတ်နိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးတရပ်ပါ။ ဒါပေမဲ့ တရုတ်ကွန်မြူနစ် ပါတီကတော့ ဆန္ဒပြလှုပ်ရှားသူတွေကို စစ်တင့်ကားတွေပါသုံးပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်နှိမ်နင်းခဲ့ပြီး၊ ဒီနှိမ်နင်းမှုမှာ ဆန္ဒပြသူတွေ ဘယ်လောက် အတိအကျ သေဆုံးခဲ့သလဲဆိုတာ ဒီနေ့ထက်ထိ တပ်အပ် မပြောနိုင်သေးပါဘူး။ ဖမ်းဆီးခံရသူဟာလည်း တထောင်ကျော်ပါတယ်။ အခုအချိန်အထိ တရုတ်အာဏာပိုင်တွေအဖို့ ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ ဆပ်ဆပ်ထိ မခံဖြစ်နေတုန်းပါ။ နှစ်ပတ်လည်လှုပ်ရှားမှု လုပ်သူတွေကို ဖမ်းဆီးနှိပ်ကွပ်တာတွေ၊ ဒီအဖြစ်အပျက် ရေးသားပြောဆိုမှုတွေကို ကန့်သတ်တာတွေ လုပ်နေဆဲပါ။

၁၉၈၉ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဆန္ဒပြမှုကို တရုတ်အာဏာပိုင်တွေက အကြမ်းဖက် ကိုင်တွယ်နှိမ်နင်းခဲ့ပြီးနောက် အမေရိကန် ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံကို အရေးယူဒဏ်ခတ်မှုတွေ အတော်များများ လုပ်ခဲ့ပါတယ်။ အခုချိန်အထိဆိုရင် စစ်လက်နက်ပစ္စည်းတွေ တရုတ်ကို မရောင်းရဘူးဆိုတဲ့ ကန့်သတ်ချက် အမေရိကန် ပြည်ထောင်စုမှာ ရှိနေတုန်းပဲလို့ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Winston Lord က ပြောပါတယ်။

“အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ ဒီအရေးယူမှု အတော်များများ ခုတော့ မရှိတော့ပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံကို စစ်လက်နက်ပစ္စည်း ရောင်းချကူညီမှုတွေကိုတော့ ရပ်ထားတုန်းပါ။ ဥရောပကို လုပ်ခဲ့တဲ့အတိုင်းပဲ ကျနော်တို့ အခုလို စစ်ပစ္စည်း ရောင်းချမှုတွေ ရပ်ခဲ့တာပါ။ အဲဒီကတည်းကစပြီး အခုလို စစ်လက်နက်ရောင်းချမှုတွေ ရပ်ထားတာကို သင့်တော်တယ်လို့ ကျနော်တော့ မြင်တယ်။ ဥရောပကိုတော့ အတော်လေး လျှော့ပေးလိုက်ပါပြီ။ အမေရိကန်ပြည်ထောင်စု အနေနဲ့ကတော့ တရုတ်နဲ့ ဆက်ဆံရေးကောင်း ထူထောင်လိုပါတယ်။ ဒါပေမဲ့လည်း လူ့အခွင့်အရေး ကျူးလွန်မှုတွေရှိပြီး ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်ရေးတည်ဆောက်မှု လုပ်နေတဲ့ ဒီနိုင်ငံကို လက်နက်ပစ္စည်းတွေ မရောင်းချပေးနိုင်ပါဘူး။”

ဆန္ဒပြသူ တထောင်ကျော် ဖမ်းခံရတဲ့အထဲမှာ သေဒဏ်တွေရော နှစ်ရှည်ပြစ်ဒဏ်တွေပါ ချမှတ်ခံရပါတယ်။ တချို့ လွတ်မြောက်ပေမဲ့ တချို့ကတော့ အခုအချိန်အထိ တရုတ်ထောင်တွေထဲ ရှိတုန်းလို့ ဆိုပါတယ်။ Wang Juntao ဟာ ဒီအရေးအခင်းအပြီး ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ်မှာတော့ ကျန်းမာရေး အကြောင်းပြချက်နဲ့ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာခွင့် ပေးခံခဲ့ရပါတယ်။ သူ့အတွက်တော့ ဒီအဖြစ်အပျက် နောက်ဆက်တွဲ မိသားစု ပြိုကွဲမှုကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။

“၂၀၀၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိဟာ အဖေကွယ်လွန်ပြီးနောက် ကျနော်တို့ဆန္ဒတွေ ဖြစ်မလာနိုင်တဲ့ ရှည်ကြာလွန်းတဲ့ အချိန်ကာလကြီးပါ။ ကျနော့်အကိုကြီးလည်း အိမ်ကို ပြန်မလာနိုင်တော့ဘူး။ မိဘတွေရဲ့ နောက်ဆုံး အချိန်ကာလမှာ ရှိမနေရတာဟာ အတော်ကြီးကို စိတ်မချမ်းမြေ့စရာပါ။ ကျနော့်အဖေကိုယ်တိုင်လည်း သူအသက်ရှင်တဲ့အချိန်ထိ အတော်ကြီးကို ဝမ်းနည်းကြေကွဲခဲ့ရပါတယ်။”

ဆန္ဒပြမှုကို စစ်တပ်က ပစ်ခတ်နှိမ်နင်းသလို တင့်ကားတွေပါသုံးပြီး ဆန္ဒပြကျောင်းသားတွေကို တက်ကြိတ်ခဲ့ပါတယ်။ Fang Zheng ဟာ နှိမ်နင်းမှုခံရစဉ် တရုတ်စစ်တင့်ကားနဲ့ ဖြတ်ကြိတ်ခံရလို့ ခြေထောက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပါတယ်။

“အဲဒီအချိန်တုန်းက မိန်းကလေးတဦးကို တွန်းထုတ်လိုက်တဲ့ အချိန်လေးပဲ ရပါတယ်။ အဲဒီနောက် တင်ကားက ကျနော့်ကို ဖြတ်ကြိတ်ပါတယ်။ အဲဒီအချိန် အကြိတ်ခံရတဲ့ ခံစားချက်က အရမ်းကို မြန်ပါတယ်။ ကျနော် မြေကြီးပေါ်ကို လဲကျသွားတယ်။ လူတယောက်ယောက် ဖြစ်ညစ်လိုက်သလို ခံစားလိုက်ရပါတယ်။ သတိရ တချက် မရတချက် ဖြစ်နေတယ်။ ကျနော်မှတ်မိသလောက်တော့ ကျနော့်ကို ဒရွတ်တိုက် ဆွဲသွားတယ်၊ တကိုယ်လုံးကို ဖိကြိတ်သွားတယ်၊ အတော့်ကြီးကို တုန်တုန်ခါခါ လှုပ်ရှားမှု ခံစားရပြီးနောက် တင့်ကားဘီးကနေ ပြန်လွတ်ခဲ့တာပါ။”

ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တရုတ်ပြည်တွင်းမှာ ပြောဆိုခွင့် ရေးသားပုံနှိပ်ခွင့် မရပေမဲ့ ပြည်ပမှာတော့ Tiananmen အရေးအခင်းနဲ့ ပတ်သက်လို့ စာအုပ်တွေ အတော်များများ ထွက်လာပါတယ်။ Wu Renhua ဟာ အရေးအခင်းမှာ ကိုယ်တိုင်ပါဝင်ခဲ့သလို၊ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ စာအုပ်သုံးအုပ် ရေးသား ထုတ်ဝေခဲ့သူပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက် မှတ်တမ်းတစုံလုံး ဖြစ်လာဖို့ဆိုရင် ကျူးလွန်သူတွေကိုပါ အသေအချာ မှတ်တမ်းပြုရမယ်လို့ သူက ပြောပါတယ်။

“ဒီသမိုင်းဝင် အဖြစ်အပျက်ကြီးကို အပြည့်အစုံ ပြန်ပြီး မှတ်တမ်းယူမယ်ဆိုရင်တော့၊ သေဆုံးသူ ထိခိုက်ဒဏ်ရာရသူတွေရဲ့ စာရင်းကိုပဲ ကျနော်တို့ လိုအပ်တာ မဟုတ်ပါဘူး၊ သွေးတွေ လက်မှာစွန်းသွားတဲ့ ဒီအဖြစ်အပျက် ကျူးလွန်ကြသူတွေရဲ့ စာရင်းကိုပါ ပြုစုဖို့ လိုပါတယ်။”

တရုတ်အစိုးရဘက်မှာတော့ ဒီအဖြစ်အပျက်ကို မတည်မငြိမ်ဖြစ်အောင် သောင်းကျန်းမှု၊ အနောက်တိုင်းမြှောက်ပေးမှု အဖြစ်နဲ့သာ အခုအချိန်အထိ ပုံဖော်နေတုန်းပါ။ ဒီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပြီး အခု ကွယ်လွန်သွားပြီဖြစ်တဲ့ Fang Lizhi ရဲ့ ဇနီးသည်ကတော့၊ တကယ်လို့ တရုတ်အစိုးရကသာ အဖြစ်အပျက်ကို စုံစမ်းပြီး ခိုင်ခိုင်မာမာ အမှန်အတိုင်း ဖော်ထုတ်မယ်ဆိုရင် သူတို့အနေနဲ့ တရုတ်ပြည်ပြန် တရားရင်ဆိုင်ရဲတယ်လို့ ဆိုပါတယ်။

“အချိန်အထိကို ကျမတို့ကို သူတို့ဘာကြောင့် အလိုအရှိဆုံး ဝရမ်းပြေးစာရင်းထဲမှာ ထည့်ထားလဲ နားမလည်နိုင်ပါဘူး။ ၂၅ နှစ်ရှိနေပြီး အခုအချိန်အထိ ဒီစာရင်းမှာရှိတုန်းပါ။ ဘယ်လို ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လို့လဲဆိုပြီး၊ ကွယ်လွန်သွားတဲ့ ကျမခင်ပွန်းကိုယ်တိုင် ကိုယ့်ကိုကိုယ် မေးခွန်းထုတ်ခဲ့ပါတယ်။ အခု ၂၅နှစ်ရှိပြီဆိုတော့ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အားလုံး အပြီးသတ်သွားပြီလို့ ကျမထင်တယ်လေ။ ယုံကြည်ရလောက်တဲ့ ခိုင်မာတဲ့အထောက်အထား သူတို့ဖက်က ပြနိုင်မယ်ဆိုရင် တရုတ်ပြည်ကို ပြန်သွားပြီး ကျမ တရားရင်ဆိုင်မှာပါ။ ထောင်ထဲ ဝင်ရရင် ဝင်ရပါစေ။”

Tiananmen ရင်ပြင် အရေးအခင်း သတင်းရေးခဲ့လို့ ပူလီဇာဆုရခဲ့သူ Nicholas Kristof ကတော့ သူ့မျက်မြင် အတွေ့အကြုံအရ ဆန္ဒပြသူတွေရဲ့ သတ္တိကို ချီးကျူးပြောဆိုပါတယ်။

“ဘယ်လိုမှ မျှော်လင့်ထားလို့ မရအောင် ဒီလူတွေရဲ့ သတ္တိကတော့ ကျနော့်ကို တကယ် လှုပ်ခတ်စေပါတယ်။ ကျနော် မှတ်မိတာတခုကတော့ ကျောင်းသားတချို့ဟာ ဘတ်စ်ကားတစင်းပေါ်တက်ပြီး အဲဒီကားကို စစ်သားတွေဆီကို မောင်းခိုင်းတယ်။ ဒီလိုလုပ်တာ မိုက်မဲမှုမျိုးပါ၊ ဒါပေမဲ့ အနီးတဝိုက် ပစ်ခတ်ခံထားရတဲ့ လူတွေကိုကြည့်ပြီး စိတ်ပျက် ဒေါသဖြစ်ရာကနေ လုပ်မိလုပ်ရာ လုပ်ကြတဲ့သဘောပါ။ တကယ်လည်း အဲဒီစစ်သားတွေ အနားလဲရောက်ရော ဟိုက ပစ်ပါလေရောဗျာ၊ ကားလဲ ပေါက်ကွဲ မီးလောင်သွားတယ်။”

Nicholas က သူ့အတွက်တော့ ဒါဟာ ထိတ်လန့်စရာ ကိုယ်တွေ့ အဖြစ်အပျက် တခုပါပဲလို့လည်း ပြောပါတယ်။

“ကျနော် အတော့်ကို တုန်လှုပ်မိတာ အသေအချာပဲ။ အနားမှာလည်း လူတွေ ပစ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့။ တချို့စစ်သားတွေကတော့ လူတွေရဲ့ ခြေထောက်ကို ပစ်ပုံရပေမဲ့၊ ကျန်သူတွေကတော့ ထင်ရာမြင်ရာ ပစ်နေတာပါပဲ။ အတော်ကို ထိတ်လန်စရာ အခြေအနေပါ။”

တရုတ်နိုင်ငံမှာတော့ အခု ၂၅ နှစ်မြောက် Tiananmen အရေးအခင်း နှစ်ပတ်လည် မတိုင်ခင်မှာကို ကြိုတင် လုံခြုံရေးပြင်ဆင်မှုတွေ တင်းကြပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အတိမ်းအစောင်းမခံတဲ့ အကြောင်းအရာတွေကို သတင်းမရေးကြဖို့ တရုတ်အာဏာပိုင်တွေက သတင်းသမားတွေကို သတိပေးခဲ့ပြီး၊ အစိုးရဝေဖန်သူတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံ ပြည်တွင်းမှာရော ပြည်ပမှာပါ Tiananmen အရေးအခင်းနဲ့ ပတ်သက်လို့ နှစ်ပတ်လည် အခမ်းအနားတွေ၊ ဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ တရုတ်အစိုးရ မူဝါဒအပေါ် ဝေဖန်ပြောဆိုမှုတွေကိုတော့ ရပ်သွားအောင် မလုပ်နိုင်သေးပါဘူး။
XS
SM
MD
LG