တိဘက်ဒေသအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၂၆ ဦးရှိသွားပြီဖြစ်ပြီး အပျက်အစီးတွေကြား အသက်ရှင်လျက်ကျန်ရစ်နိုင်သူတွေနဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးသမားတွေက ဒီကနေ့ ဗုဒ္ဓဟူးနေ့အထိဆက်လက်ရှာဖွေနေ ပါတယ်။
အခုအချိန်အထိ လူ ၄၀၀ လောက်ကိုကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၈၈ ဦးရှိတယ်လို့ တရုတ် အာဏာပိုင်တွေကပြော ပါတယ်။ ငလျင်ဒဏ်ကြောင့် အိုးအိမ် ၃,၆၀၀ လောက်ပျက်စီးခဲ့ပြီး လူ ၃၀,၀၀၀ လောက်ကိုလည်း ရွှေ့ပြောင်းပေးထားရပါတယ်။ ငလျင်လှုပ်ပြီးနောက် ဆက်လက်လှုပ်ခါမှု အကြိမ်ရေ ရာနဲ့ချီဖြစ်နေပြီး အလွန်အေးခဲနေတဲ့ရာသီဥတုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အခက်တွေ့ကြရပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေကိုလည်း ၃,၀၀၀ အထိ တိုးချထားတယ်လို့ တရုတ်အာဏာပိုင်တွေကပြောပါတယ်။
တရုတ်ဒုသမ္မတ Zhang Guoqing ဟာ ငလျင်ဘေးကျခဲ့ရာဒေသကိုသွားရောက်ကြည့်ရှုခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ခွင့်ပြု ထားပါတယ်။ ငလျင်ဗဟိုချက်မနဲ့ ၁၂ မိုင်အတွင်း မြို့သုံးမြို့နဲ့ ရွာပေါင်း ၂၇ ရွာရှိပြီး လူဦးရေ ၇,၀၀၀ ကျော်နေထိုင်ပါတယ်။
တရုတ်သိမ်းပိုက်ခံ တိဘက်ဒေသနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နီပေါနိုင်ငံမြောက်ပိုင်းမှာလည်း ငလျင်ကြောင့် ပြင်းထန်စွာလှုပ်ခတ်ခဲ့ပေမယ့် ထိခိုက်သေကြေမှုရှိတယ်ဆိုတဲ့သတင်းမျိုးတော့ ထုတ်ပြန်တာမရှိသေးပါဘူး။ ငလျင်ဟာ တိဘက်ဒေသ တင်ဂရီ (Tingri) ခရိုင်အတွင်း ဗဟိုပြု အင်္ဂါနေ့ကလှုပ်ခတ်ခဲ့တာဖြစ်ပြီး အမေရိကန် ငလျင်ဌာနကတော့ ပြင်းအား ၇.၁ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ တရုတ်အစိုးရဌာနတွေကတော့ ၆.၈ ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။
Forum