တိဘက်ဒေသမှာ ဒီကနေ့ အင်္ဂါနေ့မှာ အားပြင်းငလျင်တခုလှုပ်ခတ်ခဲ့တာကြောင့် အခုနောက်ဆုံး စာရင်းတွေအရ အနည်းဆုံး လူ ၉၅ ယောက်သေ ဆုံးခဲ့ပြီး ၁၃၀ ကျော်ဒဏ်ရာရရှိသွားပါတယ်။
ဧဝရက်တောင်ရဲ့ ရှေ့မြောက်ဘက်မိုင် ၅၀ လောက်ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရ ငလျင်မှတ်တမ်းတွေကတော့ ပြင်းအား ၆.၈ ရှိတယ်လို့ဖေါ်ပြပါတယ်။ အမေရိကန်ငလျင်တိုင်းထွာရေး ဌာနမှတ်တမ်းအရကတော့ ပြင်းအား ရ.၁ ရှိတယ်လို့ဖေါ်ပြထားပါတယ်။
ငလျင်ဟာ တရုတ်ပြည်အနောက်ဘက်ဒေသနဲ့ နီပေါနယ်စပ်တလျောက်လှုပ်ခတ်ခဲ့တာဖြစ်ပြီး အိုးအိမ် တထောင်ကျော်လောက်ပျက်စီးသွားပါတယ်။ လူ ပေါင်း ၁၃၀ ကျော်လောက်ဒဏ်ရာရခဲ့တယ်လို့ တရုတ်အစိုးရသတင်းဌာနကဖေါ်ပြပါတယ်။ ငလျင်ကြောင့် အပျက်အစီးတွေကြားပိတ်မိနေသူတွေနဲ့ ပျောက်ဆုံးနေသူတွေကိုရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်သား ၁,၅၀၀ လောက်ကို ချထားခဲ့ပြီး တရုတ် စစ်သား ၂၀၀ လောက်လည်း ပူးတွဲပါဝင်တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ဖေါ်ပြပါတယ်။
ဒီဟိမဝန္တာတောင်တန်းဒေသမှာလှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် နီပေါနိုင်ငံအရှေ့မြောက်ဒေသမှာလည်း ပြင်းထန်တဲ့ လှုပ်ခတ်မှုတွေဖြစ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှုအခြေအနေတွေတော့ သတင်းထွက်ပေါ်လာခြင်းမရှိသေးဘူးလို့ နီပေါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးဌာနကပြောပါတယ်။
တရုတ်သိမ်းပိုက်ခံ တိဘက်ဒေသနဲ့ နီပေါနယ်စပ်မှာလှုပ်ခတ်ခဲ့တဲ့ဒီလျင်ဟာ မြေအောက် ၆ မိုင် အနက်မှာ ဗဟိုပြုလုပ်ခတ်ခဲ့တာလို့ အမေရိကန်ငလျင်တိုင်းထွာရေးဌာန USGS ကဖေါ်ပြပါတယ်။
Forum