သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကာတာနဲ့ အိမ်နီးချင်းနိုင်ငံတွေကြား အငြင်းပွားမှု စေ့စပ်ရေး ၀န်ကြီး Tillerson ကာတာနိုင်ငံရောက်ရှိ


အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson

ကာတာနဲ့ အိမ်နီးချင်း နိုင်ငံတွေကြား အငြင်းပွားမှုကို ကူညီဖြေရှင်းဖို့ ရည်ရွယ် ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး Rex Tillerson ကာတာနိုင်ငံကို ဒီကနေ့ အင်္ဂါနေ့မှာ ရောက်ရှိနေပါတယ်။

ဒီပဋိပက္ခကို ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကူဝိတ်နိုင်ငံ ခရီးစဉ် အပြီးမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကာတာကို သွားရောက်တာ ဖြစ်ပါတယ်။ ကူဝိတ်နိုင်ငံ ခရီးစဉ် အတွင်းမှာတော့ ကူဝိတ် စော်ဘွား Sheikh Sabah Al Ahmed Al Sabah နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကာတာ နိုင်ငံခြားရေး ၀န်ကြီး Sheikh Mohammad al-Thani တို့ မြို့တော် ဒိုဟာမှာ ဒီကနေ့ တွေ့ဆုံပြီး ဒီပဋိပက္ခကို ဆွေးနွေးကြမှာပါ။ ဒီပဋိပက္ခကို ဖြေရှင်းနိုင်ရေး အတွက် တိုးတက်မှု တချို့ရအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။

ကာတာနိုင်ငံက အကြမ်းဖက်ဝါဒကို အားပေး ထောက်ပံ့နေတယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့ လကဘဲ ဆော်ဒီအာရေးဗျ၊ ဘာရိန်း၊ အီဂျစ်နဲ့ တခြား နိုင်ငံတချို့က ကာတာနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့သလို ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလိုင်း ဆက်သွယ်မှုတွေကိုလည်း ပိတ်ပင်ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးကတော့ အခု ခရီးစဉ်အဆုံးသတ် အဖြစ် လာမယ့် ကြာသပတေးနေ့မှာ ဆော်ဒီအာရေးဗျကို ၀င်ရောက်မှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေးဗျ ဦးဆောင်တဲ့ အဖွဲ့ကတော့ ကာတာ အစိုးရကို အချက် ၁၃ ချက် ဆောင်ရွက်ဖို့ တောင်းဆိုထားတာပါ။ ဒီထဲမှာ ကာတာ အစိုးရ အနေနဲ့ အီရန်နဲ့ ဆက်ဆံရေး လျှော့ချဖို့၊ ကာတာ အစိုးရက ငွေကြေးထောက်ပံ့တဲ့ al-Jazeera သတင်းဌာနကို ပိတ်ပစ်ဖို့လည်း ပါဝင်ပါတယ်။ ကာတာဘက်ကတော့ စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိတယ်လို့ ပြောဆိုပေမယ့် သူ့ရဲ့ အချုပ်အချာ အာဏာကိုတော့ ထိပါးခံမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG