သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံခြားရေးဝန်ကြီး Tillerson မြန်မာခရီးစဉ်အပေါ်သုံးသပ်ချက်များ


နိုင်ငံခြားရေးဝန်ကြီး Tillerson

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကိုရော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုပါ ကိုယ်တိုင်တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ခရီးစဉ်ဟာ နိုင်ငံတကာ ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအပေါ် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအဖြစ် အကောင်းမြင်မျှော်လင့် မှုတွေရှိသလို၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အဆုံးသတ်နိုင်ဖို့ သီးခြားလွတ်လပ်တဲ့စုံစမ်းမှုတွေကိုလည်း မြန်မာဘက်က ခွင့်ပြုသင့်တယ်လို့ တိုက်တွန်းကြပါတယ်။ မြန်မာနိုင်ငံကို နေ့ချင်းပြန်ခရီးနဲ့ဆိုက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်တွေကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံတွေကို တက်ရောက်အပြီး မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရဲ့ခရီးစဉ်အတွင်းမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ရော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ သီးခြားစီတွေ့ဆုံဆွေးနွေးနိုင်ခဲ့တဲ့အပေါ် အကောင်းမြင်မျှော်လင့်မှုတွေရှိပါတယ်။

မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းရဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပေါ် သုံးသပ်ချက်အမြင်ကတော့-

“အမေရိကန်နိုင်ငံအပါအ၀င် အနောက်အုပ်စု နိုင်ငံတွေနဲ့ ဆက်ဆံရေးက အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီတော့ ဒီခရီးစဉ်အတွင်းမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးနိုင်တာရော နောက်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယတကြိမ်ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးနိုင်တာရော ဒါကတော့ အားရစရာ ခြေလှမ်းတွေလို့ ကျနော်ကတော့ မြင်ပါတယ်။ ဒါပေမယ့် တဖက်ကလည်း ကျနော်တို့အစိုးရရော တပ်မတော်ရော ၊ လွှတ်တော်ရော နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုရအောင်၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့အသိအမှတ်ပြုမှု၊ နားလည်မှု ရအောင် ဒီထက်ပိုပြီးတော့ မြေပြင်မှာ အကောင်အထည်ဖော်ပြနိုင်ဖို့တွေ ၊ အစိုးရနဲ့ တပ်မတော်ဘက်က သူတို့ဆောင်ရွက်ချက်တွေ ၊ နောက်ပြီးတော့ သူတို့ရရှိထားတဲ့ အထောက်အထားတွေကိုလည်း ပြည့်ပြည့်စုံစုံတင်ပြနိုင်ခဲ့မယ်လို့ ကျနော် ယူဆတယ်။ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်အနေနဲ့ မြေပြင်မှာ တရားဥပဒေမဲ့ ဆောင်ရွက်တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ဒါတွေ ရှိတယ်မရှိဘူးဆိုတာကို ဒီထက်ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ပေါ့လေ ၊ နိုင်ငံတကာ သတင်းမီဒီယာတွေကိုလည်း အဲဒီဒေသကို သွားရောက်သတင်းယူနိုင်အောင် ဆောင်ရွက်ပေးနိုင်တယ်လိုအပ်တယ်လို့ မြင်တယ်။”

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကလည်းမြန်မာအစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ အမေရိကန်လွှတ်တော်ရဲ့ သဘောထားတွေကို ပိုပြီးတော့မှ သဘောပေါက်နားလည်ပြီး ရှေ့လုပ်ရမယ့်လုပ်ငန်းစဉ်တွေအပေါ် ဆောင်ရွက်နိုင်မယ်လို့ သုံးသပ်ပါတယ်။

“သူကိုယ်တိုင်ရောက်လာတယ် နောက်ပြီးတော့မှ အဓိက ကျတဲ့ ခေါင်းဆောင်ပေါ့နော် ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ရော ဆုံတယ်ဆိုတော့ မြန်မာနိုင်ငံအတွက်ဆိုရင် ပိုကောင်းမယ်လို့ ယူဆတယ်။ သူလာတဲ့ အခါမှာ သူ့နိုင်ငံသဘောထားပေါ့နော် ၊ အမေရိကန်နိုင်ငံသဘောထားတွေ ပြီးတော့မှ နောက်အမေရိကန်လွှတ်တော်အမတ်တွေရဲ့ သဘောထားတွေကိုလည်း သူယူလာပြီးတော့မှ သူပြောပြမှာပဲ။ ဒီဘက်က ဒေါ်အောင်ဆန်းစုကြည် ပြန်ရှင်းပြတာတွေ ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြန်ရှင်းပြတာတွေကိုလည်း သူကြားမှာပဲ ပြီးတော့ အပြန်အလှန်ကြားခြင်းအားဖြင့် နဂိုတုန်းက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးသဖြင့် ရခိုင်မြောက်ပိုင်းနဲ့ ပတ်သက်ပြီးတော့မှ တပ်မတော်အပေါ်အရေးယူဖို့လုပ်မယ်ဆိုတာတွေ ရှိထားတယ်ဆိုရင်လည်း ဒီကအခြေအနေတွေ အများကြီးကို သိထားတယ်ဆိုရင် ဒီထက်ကို ပိုပြီးတော့မှ ပျော့ပျောင်းတဲ့အနေအထား တွေတောင် ပေါ်ကောင်းပေါ်လာနိုင်တယ်လို့တော့ ယူဆပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ် မြန်မာ့နိုင်ငံရေး အရေးလေ့လာနေသူ ဦးရဲထွန်း ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာနိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအတွက် သက်ရောက်မှုများစွာရှိတယ်လို့ အခုလိုမြင်ပါတယ်။

“သူလာလိုက်တာကတော့ ပိုပြီးတော့ ကောင်းသွားတာပေါ့ခင်ဗျာ။ ပိုပြီးတော့ တင်းတင်းမာမာ ဖြစ်ဖို့ထက်စာရင် နည်းနည်းပျော့ပျော့ပျောင်းပျောင်းဖြစ်သွားမယ်လို့ ကျနော်မျှော်လင့်တယ်။ သူတို့လည်း အဲဒီလိုဖြစ်ချင်လို့ လာတွေ့တယ်လို့ပဲ ထင်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့က ကိုယ်စစ်ဆေးခိုင်းလိုက်တြ့အဖွဲ့ကို ယုံကြည်တယ်ဆိုရင်တော့ ကျန်တဲ့လူလည်း ဘယ်သူလာလာ ခွင့်ပြုနိုင်ရမှာပေါ့နော်။ ခွင့်ပြုပြီးတော့ ရဲရဲဝံ့ဝံ့နဲ့ လာစစ်ပါ။ ရဲရဲဝံ့ဝံ့လက်ခံပြီးတော့ လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။”

သတင်းစာဆရာဦးစည်သူအောင်မြင့်ကလည်း နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ အခြေအနေမှန်ကို ပိုမိုသိရှိနိုင်အောင် အခုလိုတွေ့ဆုံဖြေရှင်းတာထက်စာရင် သီးခြားလွတ်လပ်ပွင့်လင်းတဲ့အဖွဲ့အစည်းတွေကို ဝင်ခွင့်ပေးခြင်းအားဖြင့် ပိုပြီး ထိရောက်မှုရှိမယ်လို့လည်း မြင်ပါတယ်။

“ဒါပေမယ့် တဖက်က အဲဒီလို စွပ်စွဲမှုတွေဆိုရင်လည်း ဒီဘက်က ဖြေရှင်းတဲ့အပေါ်မှာတော့ မူတည်တာပေါ့နော်။ နှုတ်နဲ့ ဒီလိုဖြေရှင်းတာကတော့ မပြီးဘူးပေါ့နော်။ အထူးသဖြင့် တပ်မတော်ဘက်ကဆိုရင် နိုင်ငံတကာအသိုင်းအ၀ိုင်းလက်ခံအောင် နောက်ပြီးတော့ ပြည်တွင်းကအသိုင်းအ၀ိုင်း လက်ခံအောင် ဒီလိုမျိုးတွေ လုပ်ပေးဖို့ လိုတာပေါ့။ ဘာပဲပြောပြော သူမလာခင်အချိန်တုန်းကထက်စာရင်တော့ အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လာသွားတဲ့အခါဆိုတော့ ဒီဘက်ကလည်း အမေရိကန်အစိုးရ၊ အမေရိကန်လွှတ်တော်သဘောထားတွေကို ပိုပြီးတော့ နားလည်သဘောပေါက် လာရင် ရှေ့မှာလုပ်တဲ့ ဆီမှာ ပိုပြီးတော့ လုပ်ဖို့ကိုင်ဖို့အတွက်ကို ပိုနားလည်လာမှာပေါ့နော် ၊ ဘာတွေလုပ်သင့်သလဲ ဆိုတာ တပ်မတော်ဘက်က ရော အစိုးရဘက်ကရော ပိုနားလည်လာမယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကဆိုရင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမလာခင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ကြိုပြီးတော့ သူရောက်နေတယ်။ ပြီးတော့ ဒီမှာရှိတဲ့ မီဒီယာအသိုင်းအ၀ိုင်းကလူတွေ တခြားသော နိုင်ငံရေးပါတီကလူတွေနဲ့ တွေ့ဆုံပြီးတော့မှ မေးမြန်းတာတွေ ရှိတယ်။ အဲဒီမှာတွေလည်း အများကြီးရှင်းပြထားတာကို ကျနော်ကိုယ်တိုင်လည်း ကြားတယ်လေ။ ဆိုတဲ့အခါကျတော့ ပိုပြီးတော့မှ ကောင်းလာမယ်လို့ ကျနော်ထင်ပါတယ်။”

မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အခုလို ကိုယ်တိုင် လာရောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းကပိုပြီးတော့ နားလည်သဘောပေါက်မှုတွေရှိလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်မတိုင်ခင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ (Heather Nauert ) နဲ့တွေ့ဆုံခွင့်ရခဲ့သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မြန်မာအစိုးရခေါင်းဆောင်တွေ တိုက်ရိုက်တွေ့ဆံခွင့်ရပြီး အခြေအနေကို အတိုင်းအတာတခုအထိ ရှင်းပြနိုင်ပေမဲ့လို့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်အရေး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေအပေါ် မြန်မာအစိုးရနဲ့တပ်မတော်ဘက်က ပွင့်လင်းမြင်သာမှုရှိစွာနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခွင့်ပြုပေးသင့်တယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

XS
SM
MD
LG