သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time မဂ္ဂဇင်း ဖော်ပြချက်အပေါ် မြန်မာလူထုအမြင်


မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံတွင် အရှင်ဝီရသူ လျှောက်ထားနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
မှော်ဘီမြို့နယ်မှာ ပြုလုပ်ကျင်းပတဲ့ သံဃာ့ညီလာခံတွင် အရှင်ဝီရသူ လျှောက်ထားနေစဉ်။ (ဇွန် ၁၃၊ ၂၀၁၃)
ဒီသီတင်းပတ်ထုတ် Time မဂ္ဂဇင်း မျက်နှာဖုံးမှာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးရဲ့မျက်နှာကို ဘာသာရေး အကြမ်းဖက်သူတစ်ဦး အဖြစ် ဖော်ပြလိုက်တာဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးနဲ့ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို သွေးထိုးလှုံ့ဆော်ပေး သလိုဖြစ်စေမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလို နိုင်ငံတကာ သတင်းမီဒီယာမှာ မြန်မာနိုင်ငံတွင်းက မတူကွဲပြားတဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်း ပါးရေးသား ဖော်ပြမှုတွေကြောင့် အုပ်စုမတူသူတွေ ကြား အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ် ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။ မြန်မာပြည်သူအချို့ရဲ့ သဘောထားတုံ့ပြန်ချက်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာမှာ သြဇာကြီးမားတဲ့ Time မဂ္ဂဇင်းကြီးမှာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်တွေက ရန်လိုအကြမ်းဖက်တယ်လို့ ရေးသားဖော်ပြချက်ဟာ ကမ္ဘာ့ဘာသာကြီး တခုဖြစ်တဲ့ ဗုဒ္ဓဘာသာအပေါ်မှာ ထိပါးစော်ကား သလိုဖြစ်စေတဲ့အတွက် သူ့အနေနဲ့ ဝမ်းနည်းမိပြီးတော့ နိုင်ငံမှာလည်း ဒီလိုလူမျိုးရေး မုန်းတီးမှုတွေ မဖြစ်ပေါ်အောင် အုပ်ချုပ်သူကနေ စလို့ ပြည်သူတွေအထိ အခြေခံဥပဒေနဲ့အညီ နေထိုင် ကျင့်ကြံ ပြောဆိုသင့်တယ်လို့ အစ္စလာမ် ဘာသာဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်းက သုံးသပ်ပါတယ်။

“ဒီလိုဖော်ပြခံရတဲ့အတွက် ကျနော်အနေနဲ့ စိတ်မကောင်းပါဘူး။ သတင်းမှာ ဖော်ပြချက်အရကတော့ ဗုဒ္ဓဘာသာ တခုလုံးကို စော်ကား လိုက်သလိုပဲ ကျနော် အဲ့သလို ခံစားရတယ်။ ဆိုတော့ လူပုဂ္ဂိုလ်တစ်ဦးကြောင့်၊ အဖွဲ့အစည်း တစ်ခုကြောင့် ကမ္ဘာ့ဘာသာကြီးတခုက နစ်နာရတယ်။ ကမ္ဘာ့ဘာသာကြီးတစ်ခုက အဝေဖန်ခံရတယ် ဆိုတဲ့ဟာက တော်တော် စိတ်မချမ်းသာစရာပါ။

"ဒါမျိုးတွေ လုပ်လို့မရအောင် ဒါမျိုးတွေမဖြစ်အောင် ကျနော်တို့ စည်းကမ်းရှိတဲ့ ဒီမိုကရေစီစနစ်ကို သွားတဲ့အခါမှာ နိုင်ငံထဲမှာရှိတဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျောင်းသားများ၊ နိုင်ငံရေးသမားများ အကုန်လုံးပေါ့နော်။ အကုန်လုံး လွှတ်တော် ကိုယ်စားလှယ်က အစ နိုင်ငံတော်အစိုးရအဖွဲ့ လူကြီးတွေကအစ အကုန်လုံးက လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်စေတဲ့ စကားတွေကို မပြောပဲနဲ့၊ ဖြစ်ရပ်မှန်ကိုပဲ တင်ပြပြောဆိုဆွေးနွေးလို့ရှိရင်၊ ကျနော်တို့ မလိုလားအပ်တဲ့ပြဿနာတွေ နည်း သွားနိုင်ပါတယ်။ အခုလို ကမ္ဘာ့နံမည်ကြီး ဘာသာတခုဖြစ်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီးတော့ ဒါမျိုးရေးထားသည် Time မဂ္ဂဇင်းတခုပေါ်မှာ ဖော်ပြခံရတာ ဟာ ကျနော် ထင်ပါတယ်။ ကျနော်တို့နိုင်ငံတော်အတွက် နစ်နာမှု၊ ကျနော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာပိုင်း ဆိုင်ရာလည်း ထိခိုက်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”

Time မဂ္ဂဇင်းမျက်နှာဖုံးပါ ပုံစာရေးသားချက် နောက် သတင်းခေါင်းစဉ်ဖော်ပြချက်ဟာ ပြင်းထန်လွန်းပြီးတော့ လတ်တလော ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအတွက် အခြေအနေတွေဟာ ပိုပြီးတော့ ဆိုးဝါးသွားစေနိုင်တယ်လို့ ဘလော့ဂါ နေဘုန်းလတ်က သုံးသပ်ပါတယ်။

“ဆောင်းပါးမှာ ခေါင်းစဉ်ကလည်း နည်းနည်းပြင်းထန်တယ်။ ဖတ်တဲ့သူတွေ ဖတ်ပြီးတဲ့အခါမှာ ဦးတည်ချက် လွဲသွားနိုင်တယ်။ ဦးဝီရသူပုံကို သုံးထားတယ်။ ခေါင်းစဉ်ကလည်း The Face of Buddhist Terror ဆိုပြီး တပ်ထားတယ်။ အဲ့ဒီ့အနေအထားတခုက အခုလက်ရှိဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ပိုပြီးတော့ ဆိုးလာအောင်၊ အရှိန်အဟုန် ပိုပြီးတော့ ကောင်းလာအောင် သူက သွေးထိုးတဲ့ပုံစံမျိုး အဲ့လိုမျိုးဖြစ်နေတယ်။ ဒီအချိန်မှာ ဖြန်ဖြေတဲ့ သဘောတရားတွေပဲ ရေးသင့်တဲ့အချိန်မှာ အဲ့လိုမျိုး တဘက်သတ် ရေးတဲ့အခါကျတော့ ရေးထားတဲ့ အကြောင်းအရာတွေက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ သေးငယ်သွားအောင်၊ ငြိမ်သွားအောင် လုပ်တဲ့ဟာမျိုး မဟုတ်ဘဲနဲ့၊ ပိုပြီးတော့ ဒီအဖြစ်အပျက်ကြီးက ပိုပြီးတော့ ကြီးထွားလာနိုင်တယ်။ ဒီဆောင်းပါးကြောင့်လေ။ Time အနေနဲ့ကလည်း ဒီကိစ္စကို ဖွတဲ့ သဘောပေါ့လေ။ အဲ့လိုမျိုးဖြစ်တယ်လို့ ထင်တယ်။ ခက်တာက Buddhist ဆိုတဲ့စကားလုံးကို သုံးထားတဲ့အခါကျတော့ ဦးဝီရသူကို တိုက်ခိုက်တယ် ဆိုပေမဲ့ အားလုံးက ဗုဒ္ဓဘာသာကို တိုက်ခိုက်တဲ့သဘောမျိုးတွေ မြင်လာ ပြီးတော့ တုန့်ပြန်မှုတွေကလည်း ရှိလာတဲ့အခါကျတော့ မကောင်းဘူးပေါ့။ လက်ရှိဖြစ်လာတဲ့ အဖြစ်အပျက်က ပိုပြီးတော့ ဆိုးလာနိုင်တာပေါ့။”

ဒီသတင်းဆောင်းပါးကို ရေးသားသူအနေနဲ့လည်း ကိုယ်ရေးလိုက်တဲ့ သတင်းဆောင်းပါးကြောင့် ဘယ်လိုမျိုး အကျိုး သက်ရောက်မှုတွေဖြစ် သွားနိုင်မလဲ ဆိုတဲ့ စဉ်းစားချက်နဲ့ သတင်းသမား ကျင့်ဝတ်နဲ့ အညီ ရေးသားသင့်တယ်လို့လည်း ကိုနေဘုန်းလတ်က ထောက်ပြပြောဆို ပါတယ်။

တဆက်တည်းပါပဲ မန္တလေးတိုင်း မုံရွာမြို့က ဒေသခံသတင်းသမားတစ်ဦးဖြစ်တဲ့ ကိုတိုးကြီးကလည်း မြန်မာနိုင်ငံ အလယ်ပိုင်းက ဒေသတချို့ မှာ မတည်ငြိမ်မှုတွေဖြစ်ခဲ့ပြီးတဲ့နောက် အခုလိုမျိုး နိုင်ငံတကာ သတင်း စာနယ်ဇင်းတွေရဲ့ သတင်းဖော်ပြချက်ဟာ မီးလောင်ရာ လေပင့်သလိုမျိုး ပဋိပက္ခတွေ ကို ပိုတွန်းအားပေးသလို ဖြစ်သွားနိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“မြန်မာပြည်တွင်းထဲမှာ Crusade တွေနဲ့ ပတ်သက်ပြီးတော့ မတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ Time မဂ္ဂဇင်းက ဒါကို အောက်ဆီဂျင် လုပ်ပေးလိုက်တယ်လို့ပဲမြင်တယ်။ မီးလောင်ရာ လေပင့်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့ ။ အဲ့တော့ ဒါတွေဟာ မလိုလားအပ်ပါဘူး။ တကယ်ပဲ မြန်မာပြည် ရဲ့ ပြုပြင်ပြောင်းလဲရေးကို တစိုက်မတ်မတ်နဲ့ ဝိုင်းဝန်းပြီး စိတ်ရင်းစေတနာအမှန်နဲ့ ကူညီစောင့်ရှောက်ချင်တယ်ဆိုရင်၊ ဒီလိုပုံစံတွေ မလုပ်သင့်ပါဘူးလို့ ကျနော်ရဲ့ကိုယ်ပိုင်အမြင် ဖြစ်ပါတယ်။”

ဘယ်လူမျိုး၊ ဘယ် ဘာသာမဆို အစွန်းရောက်သွားရင် အကျိုးရလာဒ် မကောင်းနိုင်သလို မိမိလုပ်ဆောင်ချက် ကောင်းအောင် စွမ်းဆောင်နိုင်ဖို့ကလည်း အဓိကကျတယ်လို့လည်း နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌ ဦးကျော်သူက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

“ဒါကတော့ ကိုယ်ကောင်းကောင်းနေတယ်ဆိုရင် ဘယ်သူတွေ၊ ဘယ်လို ဘာရေးရေးပေါ့၊ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကောင်းနေဖို့ပဲ အရေးကြီးပါတယ်။ ကိုယ်တွေ၊ ကိုယ်နိုင်ငံက ဗုဒ္ဓဘာသာတွေ ကောင်းနေဖို့ပဲ အရေးကြီးတယ်။ ကောင်းကောင်းမနေပဲ အစွန်းရောက် လုပ်တယ်ဆိုရင်တော့ နံမည်ကတော့ ပျက်သထက် ပျက်မှာပဲ။ ဒါဘယ်ဘာသာပဲဖြစ်ဖြစ်ပေါ့လေ။ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ဟိန္ဒူပဲဖြစ်ဖြစ်၊ အစ္စလာမ်ပဲဖြစ်ဖြစ် ဖြစ်တာက အစွန်းရောက်တယ်ဆိုရင် မကောင်းဘူး။”

ဒီသတင်းဆောင်းပါးပါ အချက်အလက်တွေကြောင့် နိုင်ငံတွင်း နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာကြတဲ့ ဘာသာမတူသူတွေကြား အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆက်မဖြစ်စေချင်တော့ဘူးလို့လည်း မန္တလေးဒေသခံ တစ်ဦးဖြစ်တဲ့ ကိုလှိုင်ဘွားက ဆိုပါတယ်။ ဒါကြောင့် ဒီအကြမ်းဖက်မှုတွေကို ဖန်တီးပေးနေသူတွေကိုလည်း လုပ်ရပ်တွေကို ရပ်တန်းက ရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့သူက ပြောပါတယ်။

“ဒီမှာမိထ္ထီလာမှာဖြစ်တယ်။ လားရှိုးမှာဖြစ်တယ်။ ဥက္ကံမှာဖြစ်တယ်ဆိုတာက မပြေးသော်ကန်ရာရှိပေါ့ဗျာ။ နောက်သူတို့ပြောခဲ့တဲ့စကားလေးတွေလည်း ရှိတာပါပဲ။ အဓိကကတော့ ရောင်တော်ပြန်လွှတ်ပြီး အစိုးရက ဖန်တီးပေးနေတယ်လို့လည်း ယူဆလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းတွေက အကြမ်းဖက်အဖွဲ့အစည်းတွေလို့ ကျနော်ကတော့ မယုံကြည်ပါဘူး။ ဒါပေမဲ့ သူပြောတာလေးတွေနဲ့ တိုက်ဆိုင်ပြီးတော့ နောက်မှာ ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေရှိတာပေါ့လေ။ အဲ့တာမျိုးလေးတွေဖြစ်လာတော့ အသုံးချခံနေရတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ မဖြစ်စေချင်ဘူးပေါ့ဗျာ။ ပြည်တွင်းမှာနေတာ မူဆလင်ပဲဖြစ်ဖြစ်၊ ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် အကုန်လုံးက ဒီနိုင်ငံသားတွေချည်းပါပဲ ဟုတ်တယ်မဟုတ်လား။ အစိုးရအနေနဲ့ ဒီဟာကို စီမံကိန်းချပြီး လုပ်နေတယ်ဆိုလို့ရှိရင်လည်း ဆက်ပြီးတော့ မလုပ်သင့်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးက အတူမွေး၊ အတူကြီးပြင်းပြီးတော့ အတူလက်တွဲပြီးတော့ လုပ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။”

ဘာသာမတူ၊ လူမျိုးမတူသူတွေ အတူယှဉ်တွဲနေထိုင် လာခဲ့တဲ့ မြန်မာနိုင်ငံတွင်းမှာ ပဋိပက္ခတွေမဖြစ်ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရေးနဲ့ မတူညီမှုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို လက်မခံနိုင်ဘူးလို့လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုကပြောပါတယ်။

“ကျနော်တို့သမဂ္ဂရဲ့ မူက ငြိမ်းချမ်းရေးကို သွားတာဗျ။ ဘာသာမတူ၊ လူမျိုးမတူတွေ ကျနော်တို့နိုင်ငံမှာ အတူယှဉ်တွဲနေထိုင်ကြတဲ့ အခြေအနေမှာ တဘက်နဲ့တဘက် ပဋိပက္ခဖြစ်မှာကို ကျနော်တို့ မလိုလားဘူး။ တဘက်နဲ့တဘက်ကို အုပ်စုဖွဲ့ပြီး အကြမ်းဖက်တိုက်ခိုက်တာကို ကျနော်တို့ လုံးဝမလိုလားဘူး။ အဲ့သလို အုပ်စုဖွဲ့အကြမ်းဖက်မှုရဲ့ နောက်ကွယ်မှာ ဘယ်သူပဲရှိနေရှိနေ ဒီဟာကို ကျနော်တို့ လုံးဝဆန့်ကျင်ရမယ်။ ဒါကိုလုံးဝ ကန့်ကွက်ရမယ်၊ ရှုံ့ချရမယ်။ ကျနော်တို့က ပြဿနာဖန်တီးမှုတွေကို လုံးဝ လက်မခံဘဲနဲ့၊ ကျောင်းသားထု အချင်းချင်း ပြည်သူလူထုအချင်းချင်းရော၊ ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အလေ့အထရတဲ့အထိကို ကျနော်တို့က ကြိုးစားပြီးတော့ လိုက်ပြီးတော့ စည်းရုံးရမှာပဲ။"

Time မဂ္ဂဇင်းမျက်နှာဖုံးမှာပါတဲ့ မြန်မာသံဃာတော်တပါးဖြစ်တဲ့ အရှင်ဝီရသူရဲ့ ဓာတ်ပုံကိုဖော်ပြပြီး အကြမ်းဖက်မှုကို လိုလားသူအဖြစ် မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ အပေါ် အစွန်းရောက် ရန်လို တိုက်ခိုက်လိုသူတွေ အနေနဲ့ သတင်းခေါင်းစီးပေး ရေးသားဖော်ပြချက် အပေါ် နိုင်ငံရေးသမား ကျောင်းသား လူငယ်တွေနဲ့ လူမှုရေးလှုပ်ရှားသူတွေရဲ့ အမြင်တချို့ကို စုစည်းတင်ပြခဲ့ တာဖြစ်ပါတယ်။
XS
SM
MD
LG