သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံညီလာခံ ရက်ရွှေ့ဆိုင်းဖို့ ရခိုင်နဲ့ချင်းအဖွဲ့များ တောင်းဆို


၂၁ ရာစု ပင်လုံညီလာခံ လှုံ့ဆော် ဆိုင်းဘုတ်။ သြဂုတ် ၂၆ ၊၂၀၁၆၊ နေပြည်တော်။
၂၁ ရာစု ပင်လုံညီလာခံ လှုံ့ဆော် ဆိုင်းဘုတ်။ သြဂုတ် ၂၆ ၊၂၀၁၆၊ နေပြည်တော်။

ချင်းနဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေက သူတို့ပြည်နယ်တွေမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးဘူးဆိုရင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရက်ရွှေ့ဆိုင်းဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၆ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ဒီလကုန်မှာ ကျင်းပဖို့ လျာထားကြောင်း ဆုံးဖြတ်ထားသလို ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့အတွက် အဆင်သင့်မရှိသေးကြောင်းလည်း ဆုံးဖြတ်ထားပါတယ်။

ဒီလို ဆုံးဖြတ်ထားတဲ့အပေါ်မှာ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီရဲ့ အတွင်းရေးမှုး ဆလိုင်ကျဲအိုဗစ်ထောင်းက အခုလို ပြောဆိုလိုက်ပါတယ်။

“ကျနော်တို့က နိုဝင်ဘာလကတည်းက CNFနဲ့ ကျနော်တို့ ချင်းပါတီများ နဲ့ ကျနော်တို့ကတော့ သေချာကို ပြင်ဆင်ထားပြီးသား ကျနော်တို့က အဆင်သင့် ဖြစ်နေပြီးသား၊ အခုဟာက အကြောင်းပြချက်သတ်သတ်လို့ ကျနော်တို့ ယူဆတယ်။”

NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မှာ နိုင်ငံရေးလမ်းပြမြေပုံမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စ စတာတွေကို ညှိနှိုင်းဆွေးနွေးသဘောတူပြီးမှ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပဖို့ သဘောတူထားတာဖြစ်ပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မကျင်းပနိုင်သေးရင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ရွှေ့ဆိုင်းဖို့အတွက်လည်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီက တောင်းဆိုပါတယ်။

“တကယ်တမ်းကတော့ လိုအပ်တယ်ဆိုရင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ရွှေ့ရမယ်၊ ဘာကြောင့်လဲဆိုတော့ ဒီ NCA စာချုပ်ရဲ့ Promise အတိုင်းကိုက ဒီဟာက တဆင့်ပြီးမှ တဆင့်လုပ်ရမယ့်ကိစ္စ အဆင့် ၃ က အမျိုးသားအဆင့်ကို အရင်လုပ်ရမယ့်ကိစ္စ ၊ အဆင့်၃ မပြီးခင် အဆင့်၄ ကို လုပ်မှုတွေ၊ အဆင့်၄ ပြီးမှ အဆင့်၃ သွားမှာတွေ ။ အဆင့်၃ ကို လုပ်ဖို့အချိန်မရှိသေးရင် အဆင့်၄ ကို မလုပ်နဲ့ဦး ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကျနော်တို့က ၂ ကြိမ်ခေါ်ပြီးပြီဆိုတော့ ဒီတခေါက်အမျိုးသားအဆင့်ကို သေသေချာချာမလုပ်ပဲနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံပြန်ခေါ်ရင်လည်း ဆွေးနွေးမှုက တကယ့်ကို စစ်မှန်တဲ့ ဆွေးနွေးမှုဖြစ်လာမှာ မဟုတ်ဘူးလေ။”

NCA လက်မှတ်ရေးထိုးရာမှာ ပါဝင်ထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းကလည်း ရွှေ့ဆိုင်းသင့်ကြောင်း အခုလို ပြောဆိုပါတယ်။

“ကျမတို့ သဘောထားကတော့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပြီးမှသာ ကျမတို့က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (UPC) ကို ကျမတို့ သွားချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ UPC ဟာဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှ ရလာတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့မှ သာလျှင် UPC မှာ ဆွေးနွေးရမှာ ဖြစ်တဲ့အတွက် ဒီလိုရွှေ့ဆိုင်းဖို့ရာ ကျမတို့ပြောရချင်းဖြစ်ပါတယ်။ ၈ ဖွဲ့ကြားမှာ တန်းတူညီမျှလည်း ဖြစ်စေချင်တယ်၊ ပြည်သူတွေရဲ့အသံကို ပါစေချင်သလို ပြည်သူတွေရဲ့ သဘောဆန္ဒ ကိုကျမတို့က UPC မှာ တင်ချင်တဲ့ သဘောဖြစ်ပါတယ်၊ အဲဒါကြောင့် ချင်းနဲ့ ရခိုင်မှာပါ ပြီးတဲ့အနေအထားတခုခုကို ရောက်မှသာလျှင်UPC ကိုကျင်းပပါဆိုပြီး ကျမတို့က Postpone လုပ်ဖို့အတွက် ပြောရခြင်းဖြစ်ပါတယ်။”

NCA လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ကတော့ ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ရင် လာမယ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးဖို့ အချက်အလက် အပြည့်အစုံရှိမှာ မဟုတ်ကြောင်းနဲ့ ဒါကြောင့် ညီလာခံ တက်သင့် မတက်သင့်ကို ပြန်လည်စဉ်းစားရမှာဖြစ်ကြောင်းလည်း သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ကျင်းပထားပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ပအိုဝ်းအဖွဲ့တွေက ရှမ်းပြည်နယ်မှာ ကျင်းပဖို့ရှိနေသလို ကရင်အဖွဲ့ကလည်း ပဲခူးတိုင်းအတွင်းမှာ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သမ္မတဦးသိန်းစိန်တာဝန်ယူစဉ် ၂၀၁၆ခုနှစ်ဇန်နဝါရီလမှ တကြိမ်ကျင်းပခဲ့သလို လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအစိုးရတာဝန်ယူချိန် ၂၀၁၆ သြဂုတ်လကုန်ပိုင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံအမည်နဲ့ ကျင်းပထားပြီးဖြစ်ပါတယ်။

လောလောဆည်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ဖွဲ့ရှိတဲ့အထဲမှာ ၈ဖွဲ့ကသာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေထဲက အများစုကို လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်ခေါ်ဖို့ ရှိနေပြီး တက်မယ် မတက်ဘူးဆိုတာတော့ မရေမရာရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG