သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးထင်ကျော် သဝဏ်လွှာအပေါ် တိုင်းရင်းသားတချို့အမြင်


၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။
၂၁ ရာစု ပင်လုံညီလာခံ မြင်ကွင်းတခု။ စက်တင်ဘာ ၃၊ ၂၀၁၆။ နေပြည်တော်။

၂၁ ရာစု ပင်လုံညီလာခံဟာ တိုင်းရင်းသားပဋိပက္ခပြဿနာကို အဖြေရှာတဲ့နေရာ ဖြစ်ဖို့ဆိုရင် အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားတွေ အားလုံး စုံစုံလင်လင် ပါဝင်နိုင်ခွင့် ရတဲ့နေရာမျိုးဖြစ်ဖို့ လိုသလို၊ အစိုးရဘက်ကလည်း ပင်လုံကတိကဝတ်တွေအပေါ် လေးစားလိုက်နာဖို့ လိုတယ်လို့ တိုင်းရင်းသားတချို့က ပြောဆိုလိုက်ကြပါတယ်။

၂၁ ရာစု ပင်လုံညီလာခံမှာ လာရောက် ဆုံဆည်းပြီး လက်နက်ကိုင် ပဋိပက္ခတွေကို စုပေါင်း ဆွေးနွေး အဖြေရှာကြဖို့ ပြည်ထောင်စုနေ့ မတိုင်ခင် သမ္မတ ဦးထင်ကျော်က တိုက်တွန်းလိုက်တဲ့အပေါ် တိုင်းရင်းသားတွေဘက်က တုံ့ပြန် လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတချို့မှာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို တင်းပြည့်ကျပ်ပြည့် မခံစားရဘဲ အနာဂတ် ပျောက်ဆုံးနေရသလို - ငြိမ်းချမ်းရေးလည်း ကင်းဝေးနေတာကြောင့် စိတ်မချမ်းမြေ့ဖွယ် ခံစားရကြောင်း ပြီးခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ အနှစ် ၇၀ မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားကိုပေးပို့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် စုပေါင်း တွေ့ဆုံ ဆွေးနွေး အဖြေရှာကြမယ့် ၂၁ ရာစု ပင်လုံညီလာခံကို တိုင်းရင်းသားတွေ အားလုံး တက်ရောက်ရေးဟာ အထူး အရေးကြီးကြောင်း သမ္မတ ဦးထင်ကျော်က တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လက်နက်ကိုင်ပြဿနာ ဖြေရှင်းရေးမှာ အာလုံး ပါဝင်ခွင့်ရရေးက အရေးကြီးကြောင်း ဂျာမနီနိုင်ငံအခြေစိုက် ဖယ်ဒရယ်အရေး လေ့လာသုံးသပ်သူ ရှမ်းတိုင်းရင်းသား စိုင်းဝမ်စိုင်းက ပြောပါတယ်။

“ကျနော်တို့ အမြဲတမ်းပြောနေတဲ့ All Inclusive ပေါ့ဗျာ အားလုံးပါဝင်ရေး၊ အဲဒီအားလုံးပါဝင်ရေးကို အစိုးရရယ်၊ စစ်တပ်ရယ်က လက်ခံလိုက်ပြီ။ အခု တိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေကို ဝင်ပြီး ပါခွင့်ပေးမယ်ဆိုရင် သူက ပစ်နေတိုက်နေခိုက်နေတာတွေ ရပ်သွားမယ်လေ။ ရပ်သွားတယ်ဆိုရင် ကျနော်တို့က ဆက်ပြီး စကားပြောလို့ရတာပေ့ါ။ ဆိုတော့ အဓိကအရေးကြီးတာက AA ရယ်၊ ကိုးကန့်ရယ်၊ ပလောင်တပ်ဖွဲ့တွေရယ်ကို ပါဝင်ခွင့်ပေးလိုက်လို့ရှိရင် အများကြီး အဆင်ပြေသွားနိုင်တယ်။ အဲဒါဆိုရင် ၂၁ ပင်လုံကို ကျနော်တို့က နိုင်ငံရေးမကျေနပ်မှုကို နိုင်ငံရေးနည်းအရ ဖြေရှင်းတဲ့ နေရာ ဖြစ်လာနိုင်တယ်လေ။”

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကိစ္စမှာ တပ်မတော်က ငြိမ်းချမ်းရေးလိုလားတဲ့ ဆုံးဖြတ်ချက်မျိုး ချနိုင်ဖို့က အရေးကြီးကြောင်း နိုင်ငံတကာမှာ ဖွဲ့စည်းထားတဲ့ ကချင်မဟာမိတ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး အမ်တူးအောင်က ပြောပါတယ်။

“ပဋိပက္ခဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းမှာ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတဲ့အခါကျတော့ တပ်မတော်ရဲ့ ပါဝင်ဆွေးနွေးမှုက အဓိက လိုအပ်ချက်ဖြစ်နေတယ်ဗျ။ NLD အစိုးရသစ်အနေနဲ့ ဘယ်လောက်ပဲ ဆွေးနွေး၊ ဆွေးနွေး တပ်မတော်က အကြီးအကဲ ဥပမာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်ပြီးတော့ ဆုံးဖြတ်ချက် မချဘူးဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို ဘယ်မှာပဲလုပ်လုပ် အောင်မြင်ဖို့ရာ ခက်ပါတယ်။ ပြောချင်တာကတော့ သုံးပွင့်ဆိုင် ပြေပြေလည်လည် ဆွေးနွေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးက မရနိုင်စရာ အကြောင်းမရှိဘူးလို့ ကျနော် ထင်ပါတယ်။”

လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ဆိုရင် အနှစ် ၇၀ မြောက် ပြည်ထောင်စုနေ့ ရောက်လာတော့မှာပါ။ မြန်မာနိုင်ငံကို ဖယ်ဒရယ်ပြည်ထောင်စု နိုင်ငံအဖြစ် ထူထောင်ဖို့ဆိုရင် ပင်လုံစိတ်ဓာတ် အရေးကြီးသလို၊ ပင်လုံ ကတိကဝတ်တွေလည်း အရေးကြီးကြောင်း စိုင်းဝမ်စိုင်းက ထောက်ပြ ပါတယ်။

“သူက နှစ်ပိုင်းရှိတယ်လေဗျာ။ တပိုင်းက ပင်လုံ ကတိကဝတ်ရယ်၊ နောက်ပြီးတော့ ပင်လုံ စိတ်ဓာတ်ပေါ့နော်။ အဲဒီ ပင်လုံစိတ်ဓာတ်ကတော့ တိုင်းရင်းသားတွေအတွက် ရှိပြီးသားပဲ။ ကျနော်ထင်တာ ဗမာခေါင်းဆောင်တွေ အခု လက်ရှိခေါင်းဆောင်တွေလည်း ရှိပြီးသားလို့ ကျနော်တော့ ထင်တာပဲ။ ဒါပေမဲ့ ပင်လုံကတိကဝတ်ကို ဒေါ်အောင်ဆန်းစုကြည်က မှေးမှိန်အောင်လုပ်တယ်လို့ တိုင်းရင်းသားတွေက ထင်တယ်။ ပင်လုံ ကတိကဝတ်က တိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ နောက်ပြီး ကိုယ့်ရဲ့ သယံဇာတ အမွေအနှစ်တွေကို သုံးစွဲပိုင်ခွင့် အဲဒါတွေ ပါတာကိုး။ အဲဒီပင်လုံ ကတိကဝတ်က တကယ်တမ်းက စစ်မှန်တဲ့ ပြည်ထောင်စုကို အခြေခံတဲ့ အနေအထားမျိုး ဖြစ်နေတဲ့အခါကျတော့ ပင်လုံကတိကဝတ်ကို လျစ်လျူရှုထားမယ်ဆိုရင် ကျနော်တို့ ကျေလည်ချင်တဲ့ နိုင်ငံရေးအဖြေရှာမှုကလည်း နည်းနည်း အလှမ်းဝေးသွားနိုင်တာပေါ့။”

လက်နက်ကိုင် ပဋိပက္ခတွေရှိနေသ၍ ဒေသခံ တိုင်းရင်းသားပြည်သူတွေ ဒုက္ခခံစားရသလို တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် နှောင့်နှေးနေရကြောင်း ကချင်မဟာမိတ်အဖွဲ့က အမ်တူးအောင်က ထောက်ပြပါတယ်။

“တိုင်းရင်းသားဒေသမှာ စစ်တိုက်နေတဲ့အတွက် စစ်ပြေးဒုက္ခသည်တွေ လူကြီးရော၊ ကလေးရော၊ အကုန်လုံး ဒုက္ခရောက်နေကြတယ်။ ဒုက္ခရောက်နေတဲ့အပြင် ကိုယ့်ရဲ့ အိုးအိမ်တွေစွန့်ရတယ်။ လယ်မြေတွေ စွန့်ရတယ်။ ပစ္စည်းဥစ္စာတွေ စွန့်ရတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အများကြီး နောက်ကျသွားတယ်။ ဒီဥစ္စာ ပြန်လည်ထူထောင်ဖို့ဆိုရင်လည်း အများကြီး အချိန်ပြန်ယူရမယ်ဗျ။”

ပြည်ထောင်စုနေ့ဆိုတာဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ရှမ်းပြည်နယ် ပင်လုံမြို့မှာ ပြည်မမြေပြန့်နဲ့ ရှမ်း၊ ကချင်၊ ချင်း တောင်တန်းဒေသ တိုင်းရင်းသားတွေ စုပေါင်းပြီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ညီညွတ်ရေးအတွက် သဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG