သုံးရလွယ်ကူစေသည့် Link များ

တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်တွင်းစစ်အမြန်ဆုံးရပ်စဲပေးရေး မနေ့ စနေနေ့က ပြည်နယ်နဲ့တိုင်းတချို့မှာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလိုလားသူ ကျောင်းသားပြည်သူလူထု လမ်းလျောက်ချီတက်ဆန္ဒပြခဲ့ကြတဲ့ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဘက်က ကြိုဆိုပါတယ်။ လူထုရဲ့ငြိမ်းချမ်းရေးတောင်းဆိုချက်တွေထဲက စစ်အသုံးစားရိတ်တွေလျှော့ချပေးပါ တပ်မတော်ကစလို့ အပစ်အခတ်ရပ်စဲရေး စတင်ကြေညာပေးပါဆိုတဲ့ တောင်းဆိုချက်တွေကတော့ လတ်တလော စစ်ရေးတင်းမာနေတဲ့အခြေအနေတွေပေါ် အခြေခံပြီး ယုံကြည်မှု မတည်ဆောက်သေးတဲ့ အခက်အခဲတွေကြောင့် ဖြစ်နိုင်ဦးမယ်မထင်ဘူးလို့လည်း သုံးသပ်ပါတယ်။ ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုနဲ့ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ သဘောထားအမြင်ကို ဆက်သွယ်မေးမြန်းတဲ့အခါUNFC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ကို VOA မြန်မာပိုင်းက မဆုမွန်က မေးတဲ့အခါ သူက အခုလိုစပြောပါတယ်။

ခူးဦးရယ်။ ။ ကျနော်တို့က ကြိုဆိုတယ် ဘာကြောင့်လဲဆိုတော့ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးဖြစ်ပွားနေတဲ့ ပဋိပက္ခ ကြောင့် လူထုတွေ ဒုက္ခရောက်တာတို့ လူတိုင်း မျက်မြင် ကိုယ်တွေ့ပါပဲနော်။ အဲဒီတော့ အခုမှ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ထဲထဲဝင်ဝင် ညှိနှိုင်းဆွေနွေးတာပေါ့ဗျာ ။ တဆက်ပြီး တဆက်ဖြစ်လာပြီပေါ့ သို့သော်လည်း ကျနော်တို့ ဖြစ်ပေါ်တိုးတက်မှုက အရမ်းနှေးကွေးတဲ့သဘောမျိုးတွေရှိပါတယ်။ နှေးတယ်ဆိုတာ တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ ပြဿနာတွေဘက်ကို ပြန်ပြီးဦးလှည့်တာကြောင့် ကြန့်ကြာတာတွေလည်း ပါပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ ယုံကြည်မှုနဲ့ ဆိုင်တယ်လို့ကျနော်နားလည်ပါတယ်၊ ယုံကြည်မှုက အရေးကြီးပါတယ် ကျနော်တို့ဆွေးနွေးပွဲမှာတော့။ တဖက်နဲ့ တဖက် ယုံကြည်အောင် ကျနော်တို့ ပထမက တည်ဆောက်ဖို့လိုတယ်၊ မကြာခဏ တွေ့ဆုံပြီး အဖြေရှာဖို့ လိုတယ်ပေါ့နော်။ အခုက မကြာခဏ တွေ့သော်လည်း ယုံကြည်မှုကမတည်ဆောက်နိုင်ပဲ ပဋိပက္ခ ဘက်ကို ပြန်ဦးလှည့်သွားတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က အချိန်နည်းနည်း တန့်သွားတဲ့သဘောရှိပါတယ်။ ဆိုတော့ လူထုတွေအနေနဲ့ကလည်း အဲဒါကို အားမလို အားမရဖြစ်တယ်လို့ ကျနော်အဲလိုနားလည်ပါတယ်။ ဆိုတော့ လူထုတွေကလည်း နှေးနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အဆုံးသတ်ချင်တဲ့ သဘောကိုလည်း ကျနော်တို့ နားလည်တယ်၊ ကျနော်တို့လည်း အောင်မြင်ဖို့ အတွက် ကြိုးစားတာပေါ့လေ၊ကြိုးစားသော်လည်း မယုံကြည်မှုက အများကြီးရှိတော့ ကျနော်တို့ကလည်း ပြောရတော့ ခက်တာပေါ့နော်။ လူထုတွေကလည်း ဆန္ဒထုတ်ဖော်တာကတော့ အချိန်အခါရောက်လို့ တောင်းဆိုချက် ဖြစ်တယ်ဆိုတာ ကျနော်တို့နားလည်ပါတယ်။

မဆုမွန်။ ။လူထုက အဓိက တောင်းဆိုချက် ၄ ချက်ကို တောင်းဆိုပါတယ်၊ အဲဒီအထဲမှာ စစ်အသုံးစားရိတ်လျှော့ချရေး၊ စစ်ဘေးသင့်ပြည်သူ တွေကို အဟန့်အတားမရှိကူညီပေးနိုင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး ပေါ့နော် နောက်ဆုံးတချက်တောင်းဆိုတာက တပ်မတော်ကနေစပြီး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ဆိုပြီး ပြည်သူကတောင်းဆိုပါတယ် ။ အဲဒီတောင်းဆိုမှုက ဘယ်လောက်အထိဖြစ်နိုင်မယ်လို့ ခူးဦးရယ် ယူဆပါသလဲ။

ခူးဦးရယ်။ ။ အခုကျနော်တို့ UNFC အဖွဲ့ဝင်တွေနဲ့ အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တဲ့အခါမှာ ခုနက တောင်းဆိုချက်ထဲကနေပြီးတော့ တပ်မတော်ဘက်ကနေပြီးတော့ ပထမဆုံးအရင် ပစ်ခတ်ရပ်စဲရေးကို ကြေညာဖို့ဆိုတဲ့အထဲမှာဆိုရင် တောင်းဆိုချက်အနေနဲ့ နံပတ် ၁ ထဲမှာ ရှိပါတယ်။ တောင်းဆိုချက်ဆိုတာထက် ညှိနှိုင်းအဖြေရှာတာပေါ့နော်။ တောင်းဆိုတယ်ဆိုရင် တဖက်က ပေးရမယ်ဆိုတဲ့သဘောမျိုးဖြစ်တယ်။ ဒါကတော့ ညှိနှိုင်းအဖြေရှာတာလို့ ပြောရင်တော့ ပိုမှန်ပါလိမ့်မယ်၊ ကျနော်တို့ ၂ ဦး ၂ ဖက်မှာ တာဝန်ရှိတယ်လို့နားလည်ပါတယ်။ ဆိုတော့ တကယ်လို့များ ကျနော်တို့ရဲ့  ညှိနှိုင်းအဖြေရှာမှု အကြောင်းအရာတွေ အားလုံး ၂ ဘက်သဘောတူနိုင်တဲ့ အနေအထားရောက်တယ်ဆိုရင် အစိုးရတပ်မတော်ဘက်ကနေပြီးတော့ ၂၄ နာရီအတွင်းမှာ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ရန်အတွက် ပြီးရင် ကျနော်တို့ UNFC အဖွဲ့ဝင်တွေအနေနဲ့ ၄၈ နာရီအတွင်းမှာ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲကြောင်းကြေညာမယ်ဆိုတဲ့သဘောကို ပြောထားပါတယ်။ တိုက်ပွဲတွေလည်းဖြစ်နေတယ် အရှိန်လည်း မြင့်နေစဲဆိုရင်တော့ တပ်မတော်ဘက်ကတော့ တိုက်ပွဲအနေအထားကို အကြောင်းပြုပြီးတော့ စစ်ရေးအသုံးစားရိတ်ကို ဒီလို မြင့်ပြီးတော့ တင်တောင်းနေမှာပဲဆိုပြီးတော့ ကျနော်နားလည်တယ်ပေါ့နော်။

မဆုမွန်။ ။ဟုတ်ကဲ့ မကြာခင်မှာလည်း ဒုတိယ ပင်လုံက ကျင်းပဖို့ရှိတယ်ဆိုတော့ ဦးခူးဦးရယ်တို့အနေနဲ့ ငြိမ်းချမ်းရေးအတွက်တောင်းဆိုတယ်၊ ပင်လုံကလည်း ပြန်ပြီးတော့ ကျင်းပတော့မယ့်အနေအထားရှိတယ်၊ ဆိုတော့ ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးအလားအလာပေါ့နော်၊ အထူးသဖြင့် အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသား အဖွဲ့တွေပူးပေါင်းပါဝင်မယ် ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုများရှိနိုင်မလဲ။

ခူးဦးရယ်။ ။ ကျနော်တို့ကလည်း အချိန်နဲ့ တပြေးညီ ဖြစ်စဉ်ကိုတော့ တဆင့်ချင်းစီ သွားနိုင်အောင်လို့တော့ ကြိုးစားနေစဲပါပဲ၊ သို့သော်ကျနော်တို့ တွေ့ဆုံဆွေးနွေးမှု မကြာခဏ ပြုလုပ်ဖို့အတွက် ကြားထဲမှာ သူ့ဘက် ကိုယ့်ဘက် အချိန်ညှိရတာလည်း အခက်အခဲတခုလို့တော့ ကျနော်နားလည်းပါတယ်၊ ဥပမာ ကျနော်တို့ အခုဆိုရင် တဘက်နဲ့ တဘက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက်ပြင်နေတဲ့ကာလမှပဲ လုံခြုံရေးအခက်အခဲတွေက ဖြစ်လာတဲ့အခါ ဒီဟာတွေက ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့ လုပ်တဲ့အခါမှာ သွားလာရမယ့် ကိုယ်စားလှယ်တွေရဲ့ လုံခြုံးရေးကလည်း အကြောင်းပြရသလိုမျိုး အခုဖြစ်လာတော့ ကျနော်တို့ တွေးနေရတယ်။ အဲဒါကလည်း ကျနော်တို့ပြောသလို တဘက်နဲ့ တဘက် ယုံကြည်မှုအပြည့်အ၀မရှိတော့ ဒီလုံခြုံရေးကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စလိုဖြစ်လာတယ်လေ၊

မဆုမွန်။ ။ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့လည်း ဒီလပိုင်းအတွင်းမှာ စီစဉ်ထားတယ်ဆိုတော့ အဲဒီအစီအစဉ်ကရော ဘယ်တော့လောက်များဖြစ်နိုင်ပါမလဲ။

ခူးဦးရယ်။ ။ ကျနော်တို့ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုက်ရိုက်တွေ့ရမယ်၊ မတွေ့ရဘူးဆိုတာတော့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ကတော့ တွေ့ရင်တော့ ကျနော်တို့ သွားလိုတဲ့ ခရီးကတော့ တော်တော်မြန်မြန်ဆန်ဆန်နဲ့ ပေါက်မလားဆိုတဲ့ အခြေခံစဉ်းစားချက်တော့ရှိပါတယ်။ ဆိုလိုတာကတော့ ပေါ်လစီနဲ့ အဓိက စဉ်းစားရမယ့်အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီးရင်းတော့ သူ့ဘက်ကနေ တချို့ပေါ်လစီပိုင်းတွေကို ဖျက်လိုက်ရင်တော့ အသေးစိတ်ညှိရမယ့် ကိစ္စတွေက အဆင်ပြေသွားနိုင်တယ်၊ မြန်ဆန်မယ်လို့ ကျနော်တို့ ယူဆတာပါ။

မဆုမွန်။ ။ဟုတ်ကဲ့ပါရှင့် ဦးခူးဦးရယ်အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ရှင့်။

ခူးဦးရယ်။ ။ ကျေးဇူးတင်ပါတယ်။

ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအပေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ သဘောထားအမြင် UNFC ရဲ့ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG