သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အသိုင်းအဝိုင်းဖော်ဆောင်ရေး ထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေးမည်


အာဆီယံထိပ်သီးစေည်းဆွးနွေးပွဲအကြို နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမြင်ကွင်း။
အာဆီယံထိပ်သီးစေည်းဆွးနွေးပွဲအကြို နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမြင်ကွင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေတက်ရောက်တဲ့ အာဆီယံထိပ်သီးစည်းပွဲကို ဒီကနေ့ တနင်္ဂနွေနေ့မှာ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့နဲ့ တရုတ်နိုင်ငံကြား ရေပိုင်နက်အငြင်းပွားမှုကြောင့် တင်းမာမှုရှိနေချိန်ကြောင့် ဆွေးနွေးမှုတွေမှာ ဒီကိစ္စက လွှမ်းမိုးနေပေမဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဆောင်ပုဒ်က ရှေ့သို့တူညီ တက်လမ်းချီ ငြိမ်းချမ်းဝေစည် အာဆီယံအသိုက်အဝိုင်းဆီ ဖြစ်ပါတယ်။

အာဆီယံအသိုင်းအဝိုင်းကြီးကို ဖော်ဆောင်နိုင်ရေးကိစ္စတွေကို အဓိကထားဆွေးနွေးကြမဲ့ နေပြည်တော်က အာဆီယံ ထိပ်သီးစည်းဝေးပွဲအကြောင်းနဲ့
အာဆီယံအသိုင်းအဝိုင်းကြီး ဖော်ဆောင်နိုင်ဖို့ မြန်မာနိုင်ငံရဲ့ ပြင်ဆင်ဆောင်ရွက်မှု အခြေအနေတွေကို မစုမြတ်မွန်က စုစည်းတင်ပြပေးထားပါတယ်။

အာဆီယံအသင်းကြီးထဲ မြန်မာနိုင်ငံပါဝင်လာပြီး ၁၇ နှစ်အကြာမှာ အာဆီယံထိပ်သီးစည်းဝေးပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပနေတာဖြစ်ပါတယ်။ နေပြည်တော်မှာ ကျင်းပနေတဲ့ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ အဓိက ဆောင်ပုဒ်က ငြိမ်းချမ်းကြွယ်ဝတဲ့ အာဆီယံအသိုင်းအဝိုင်းကြီးကို ဖော်ဆောင်နိုင်ရေးဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအားလုံး တသားတည်းဖြစ်စေမယ့် အာဆီယံအသိုင်းအဝိုင်းကြီးဖော်ဆောင်ရေးနဲ့ အာဆီယံစီးပွားရေး
အသိုင်းအဝိုင်းကြီးကို ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်သင့်တဲ့ ကိစ္စတော်တော်များများကို ၂၀၁၅ ခုနှစ်မကုန်ခင် အပြီးသတ် အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh က ထိပ်သီးစည်းဝေးပွဲ မစခင်မှာပဲ ပြောကြားခဲ့ပါတယ်။

လွတ်လပ်စွာကုန်သွယ်နိုင်မဲ့ အာဆီယံဒေသကြီးဖြစ်ဖို့နဲ့ ပြိုင်ဆိုင်နိုင်စွမ်းရှိတဲ့ စီးပွားရေးအသိုင်းအဝိုင်းကြီးကို ထူထောင်နိုင်ဖို့အတွက်မှာ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ သာတူညီမျှဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိဖို့လိုအပ်တဲ့အပြင် ဆင်းရဲမွဲတေမှုလျှော့ချဖို့နဲ့ လူမှုစီးပွား ကွာဟချက်တွေကို လျှောချဖို့ လိုအပ်ပါတယ်။ တချို့အဖွဲ့ဝင်နိုင်ငံတွေက လိုအပ်ချက်အတိုင်း ၂၀၁၅ မတိုင်ခင် ဆောင်ရွက်နိုင်မှာဖြစ်ပေမဲ့ မြန်မာနိုင်ငံအနေနဲ့က ၂၀၁၈ ခုနှစ် အကုန်လောက်အထိ အချိန်ယူရမယ်လို့ မြန်မာအစိုးရပြောခွင့်ရသူ ဦးရဲထွဋ်က ပြောကြားခဲ့ပါတယ်။

“စီးပွားရေးကဏ္ဍမှာ တစ်ခုတည်းသော ကုန်သွယ်မှုဇုန်တစ်ခုဖြစ်ဖို့ဆိုတာ ကျန်တဲ့ ၆ နိုင်ငံက ၂၀၁၅ မှာ အပြီးလုပ်မယ်၊ ကျနော်တို့က ၂၀၁၈ မှာ လုပ်ရမယ်။”
ခုလိုအာဆီယံအသိုင်းအဝိုင်းကြီးထူထောင်နိုင်ရေးကိစ္စတွေကို အဓိကဆွေးနွေးရမယ့် ထိပ်သီးစည်းဝေးပွဲမတိုင်ခင် အာဆီယံအဖွဲ့ဝင် Vietnam နဲ့ ဒေသတွင်းက အင်အားကြီး တရုတ်နိုင်ငံကြား ရေပိုင်နက်ကြောင့် ပြဿနာဖြစ်နေတဲ့အတွက် ရေပိုင်နက်အငြင်းပွားမှု ပြဿနာက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲမှာ လွှမ်းမိုးခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်ထဲက တရုတ်နဲ့ Vietnam ကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့နေရာမှာ တရုတ်နဲ့ Vietnam သင်္ဘောတွေ တိုက်မိခဲ့ပြီးနောက် ၂
နိုင်ငံကြားမှာ တင်းမာမှုတွေ ရှိနေတာပါ။ ၂ နိုင်ငံလုံးက ပိုင်ဆိုင်တယ်လို့ ပြောနေတဲ့ Paracel ကျွန်းတွေနားမှာ တရုတ်သင်္ဘောတွေက Vietnam သင်္ဘောတွေကို တမင်တကာပဲ တခါမက အကြိမ်ကြိမ်ဝင်တိုက်ခဲ့တဲ့အတွက် သင်္ဘောငယ်တချို့ ပျက်စီးခဲ့ပြီး သင်္ဘောသား ၆ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ Vietnam တာဝန်ရှိသူတွေဘက်က ပြောပါတယ်။ ခုလိုတင်းမာမှုတွေဖြစ်နေတာနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ အထူးစိုးရိမ်တယ်လို့ စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို သက်ဆိုင်တဲ့ နိုင်ငံတွေ အားလုံးက လိုက်နာကြဖို့နဲ့ ဒေသတွင်းက ငြိမ်းချမ်းတည်ငြိမ်မှုကို ထိခိုက်စေမဲ့ ကိစ္စတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက တိုက်တွန်းထားပါတယ်။

အာဆီယံအသင်းအနေနဲ့ ဘယ်လောက်စိုးရိမ်နေသလဲဆိုတာကို အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh က ခုလိုပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh


“အခြေအနေတွေကို ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ သက်ဆိုင်တဲ့နိုင်ငံတွေအားလုံးကို ဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာက အာဆီယံ တဖွဲ့လုံး စိုးရိမ်ကြတဲ့ကိစ္စမျိုးပါ၊ စည်းဝေးပွဲမှာ ဆွေးနွေးကြတဲ့ အကြောင်းအချက်တွေအရလဲ တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ အာဆီယံကြား ဖြစ်နေတဲ့ ကိစ္စတွေအတွက် စိုးရိမ်စရာကောင်းတယ်လို့ ပြသနေပါတယ်။”

အာဆီယံအသင်းဝင် ၄ နိုင်ငံအပြင် တရုတ်၊ ထိုင်ဝမ်တို့က တောင်တရုတ်ပင်လယ်ထဲက ရေပိုင်နက်တွေနဲ့ ပတ်သက်လို့ သူပိုင်ကိုယ်ပိုင် အငြင်းပွား နေကြတာပါ၊ ဒီပြဿနာတွေ ပိုဆိုးမလာအောင် နိုင်ငံတွေအနေနဲ့ ရေကြောင်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်တဲ့ လုပ်ထုံး လုပ်နည်းတွေကို အမြန်ဆုံး သဘောတူပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ကြဖို့အတွက်လဲ စနေနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုထားပါတယ်။

ခုလိုဖြစ်နေတဲ့ အခြေအနေမှာ အာဆီယံအလှည့်ကျဥက္ကဌ မြန်မာနိုင်ငံအနေနဲ့ကတော့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးမှုကို ပြသဖို့နဲ့ သူ့ရဲ့အဓိက ကုန်သွယ်ဖက်ဖြစ်တဲ့ အိမ်နီးချင်း တရုတ်နိုင်ငံဘက်က အငြိုအငြင်မခံရအောင် အင်မတန် ပါးပါးနပ်နပ်လုပ်ရမယ့် စိန်ခေါ်မှုတခုဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
XS
SM
MD
LG