ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစု ဂုဏ်သိက္ခာ ထိခိုက်အောင် ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ပြင်းထန်တဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့ ရွေးကောက်ပွဲမှာ ကတိပြုခဲ့တာကြောင့် Move Forward Party ကို ဖျက်သိမ်းဖို့ လျှောက်ထားချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက ကြားနာစစ်ဆေးဖို့ ဒီကနေ့ပဲ လက်ခံလိုက်ပါတယ်။
ဘုရင်ကို ထိခိုက်စေတဲ့ ပြောဆိုမှုတွေအတွက် အရေးယူလေ့ရှိတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့၊ စစ်တပ်နဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ လက်ဝါးကြီးအုပ်မှုတွေကို ပြုပြင်ပြောင်းလဲဖို့ ကတိပြုခဲ့တဲ့ Move Forward Party ဟာ ပြီးခဲ့တဲ့နှစ် မေလ ရွေးကောက်ပွဲမှာ ထောက်ခံမှု အများစု ရခဲ့တာပါ။ ဒါပေမဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေးကြိုးပမ်းမှုတွေမှာ ဝိုင်းပယ်ခံခဲ့ရသလို၊ နိုင်ငံရေးနဲ့ ဥပဒေကြောင်းအရ လနဲ့ချီ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပါတယ်။
ဘုရင်မိသားစုကို ထိခိုက်စေတဲ့ အပြောအဆိုတွေအတွက် အရေးယူတဲ့ ဥပဒေကို ပြင်ဆင်မယ့် ရွေးကောက်ပွဲ ကတိကြောင့် ပါတီကို ဖျက်သိမ်းရေး ဖွဲ့စည်းပုံတရားရုံးမှာ လျှောက်ထားဖို့အတွက်လည်း ရွေးကောက်ပွဲ ကော်မရှင်က ပြီးခဲ့တဲ့ လထဲမှာပဲ လက်ခံခဲ့တာပါ။ ပါတီဖျက်သိမ်းရေး လျှောက်ထားချက်ကို ကြားနာဖို့ လက်ခံထားပြီး Move Forward Party ပါတီ အနေနဲ့ ခုခံချေပဖို့ အထောက်အထားတွေကို ၁၅ ရက်အတွင်း တင်သွင်းဖို့လည်း ဖွဲ့စည်းပုံတရားရုံးရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ညွှန်ကြားထားပါတယ်။
Forum