သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မဟာဗျူဟာ အမေရိကန်သမ္မတ Trump ကြေညာ


အမေရိကန်သမ္မတ Trump
အမေရိကန်သမ္မတ Trump

အာဖဂန်နစ္စတန်နိုင်ငံ ဆိုင်ရာ အမေရိကန်ရဲ့ စစ်ရေး မဟာဗျူဟာသစ်က တပ်တွေ အမြန်ဆုံး ရုပ်သိမ်းမှာမဟုတ်ဘဲ အမေရိကန် အကျိုးစီးပွားတွေကို ကာကွယ်ဖို့ အတွက် အာဖဂန်နိုင်ငံတွင်းမှာ အခိုင်အမာ ဆက်လက်ရပ်တည်သွားမှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

ဝါရှင်တန် မြို့ပြင်က စစ်အခြေစိုက် စခန်းမှာ ညနေခင်း မိန့်ခွန်းပြောတာမှာ အာဖဂန်အရေး ရှုမြင်ချက်တွေကို သမ္မတ Trump က ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခဲ့ပေမယ့် အာဖဂန်နိုင်ငံတွင်းက အကြမ်းဖက်ဝါဒကို ချေမှုန်းရေးနဲ့ ပတ်သက်လို့တေ့ အသေးစိတ် မပြောခဲ့ပါဘူး။ တပ်ဖွဲ့ဝင် အရေအတွက်၊ ဒါမှမဟုတ်လည်း နောက်လာမယ့် စစ်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြောမှာမဟုတ်ဘူးလို့ သမ္မတက ပြောပါတယ်။ အမေရိကန်ရဲ့ စစ်ရေးမဟာဗျူဟာကို လှစ်ဟပြသလို ဖြစ်စေမယ့် မြေပြင်အခြေအနေတွေ၊ စစ်ရေးဆိုင်ရာ အချိန်ဇယားတွေနဲ့ ပတ်သက်လို့လည်း ပြောမှာ မဟုတ်သလို အမေရိကန်ရဲ့ အစီအစဉ်တွေကိုလည်း ရန်သူတွေ ဘယ်တော့မှ မသိစေရဘူးလို့လည်း သမ္မတက ပြောဆိုသွားပါတယ်။ အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာ ထောင်နဲ့ချီတဲ့ အမေရိကန် တပ်ဖွဲ့တွေ ရန်သူတွေကို တိုက်ခိုက်နေပေမယ့်လည်း ဒီလို တိုက်ခိုက်နေရုံ တခုတည်းနဲ့တော့ ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ဘူးလို့လည်း သမ္မတ Trump က ပြောဆိုပါတယ်။

"စစ်ရေးအင်အား တခုတည်းနဲ့တော့ အာဖဂန်နစ္စတန် နိုင်ငံတွင်း ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးဖို့၊ တိုင်းပြည်တွင်းက တိုးလာနေတဲ့ အကြမ်းဖက်ဝါဒီတွေရဲ့ ခြိမ်းခြောက်မှုတွေ အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မဟာဗျူဟာကျကျ တပ်တွေကို အသုံးပြုရတာက ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး လုပ်ငန်းစဉ် တရပ်ပေါ်ထွက်လာမယ့် အခြေအနေမျိုးကို ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ဆန္ဒနဲ့ တိုးတက်မှုတွေကို မြင်နေရသရွေ့တော့ အမေရိကန် အနေနဲ့ အာဖဂန် အစိုးရနဲ့ အတူတွဲ အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ပိုင်းဖြတ်ချက်နဲ့ ထောက်ပံ့မှုတွေက အတိုင်းအဆမရှိ သုံးချင်သလိုသုံးလို့တော့ ရမှာ မဟုတ်ပါဘူးလို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။"

အမေရိကန်နဲ့ အာဖဂန် တပ်ဖွဲ့တွေ တိုက်ခိုက်နေရတဲ့ အကြမ်းဖက်ဝါဒီတွေကို ပါကစ္စတန် နိုင်ငံဘက်က ခိုလှုံခွင့် မပေးခြင်းအားဖြင့် အာဖဂန်နိုင်ငံတွင်း အခြေအနေတွေကို ကူညီပေးနိုင်တယ်လို့လည်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG