သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လုံခြုံရေး ဆွေးနွေးပွဲကြန့်ကြာမှု ဒီမိုကရက်တွေကို Trump ပြစ်တင်


အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ်တကြိမ် အစိုးရယန္တရား တစိတ်တပိုင်းပိတ်ထားရတာမျိုး ဖြစ်မလာအောင် လွှတ်တော်အမတ်တွေ အပြင်းအထန် ကြိုးစားနေချိန်မှာပဲ အတိုက်အခံ ဒီမိုကရက်တွေက လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အချိန်ဆွဲနေတယ်လို့ သမ္မတ Donald Trump က တနင်္လာနေ့မှာ အပြစ်တင်လိုက်ပါတယ်။

ဒီမိုကရက်တွေဟာ တခြားနိုင်ငံတွေကလာတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးတာ ဒါမှမဟုတ် ပြန်ပို့တာမျိုး မလုပ်ချင်ကြဘူးလို့ သမ္မတက သူ့တွစ်တာမှာ ရေးပါတယ်။

အမေရိကန်နဲ့ မက်ဆီကို နယ်စပ်တချို့အပိုင်းတွေမှာ နယ်စပ်တံတိုင်း ကာရံဖို့ သမ္မတ Trump က အမေရိကန် ဒေါ်လာ ၅.၇ ဘီလျံ ပေးဖို့ တောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး အဓိက အငြင်းပွါးမှုတွေ အစောပိုင်းမှာ ဖြစ်ခဲ့ရာကနေ အခုတော့ နယ်စပ်မှာ မဟုတ်ပဲ အမေရိကန်နိုင်ငံထဲမှာ လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဖမ်းဆီးနိုင်မယ့် တရားမဝင်လာရောက်တဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက်ကို ကန့်သတ်ဖို့ ဒီမိုကရက်တွေရဲ့ ကြိုးစားမှုအတွက် အဓိက ညှိနှိုင်းနေရတာမျိုး ဖြစ်နေတာပါ။

ဒီမိုကရက်တွေက Trump အစိုးရအဖွဲ့ရဲ့ အတင်းအကြပ် ဖမ်းဆီးနေတဲ့ နည်းတွေကို တားဆီးဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သမ္မတဟောင်း Barack Obama လက်ထက်က ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အရေအတွက် ဖြစ်တဲ့ ၁၆ ၅၀၀ လောက်အထိ အများဆုံး ခွင့်ပြုဖို့ ဒီမိုကရက်တွေက လိုလားနေတာဖြစ် သမ္မတ Trump လက်ထက်မှာတော့ ဖမ်းဆီးတဲ့ အရေအတွက်က တိုးလာခဲ့ပါတယ်။

ရီပတ်ဘလစ်ကင်တွေဘက်ကတော့ ဒီမိုကရက်တွေ ဘက်က အများဆုံး သတ်မှတ်တဲ့ အရေအတွက်ထဲမှာ ရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား တွေ့ရှိသူများအပြင် မူးယစ်ဆေးဝါး ဆိုင်ရာ ပြစ်မှုငယ် ကျူးလွန်ခဲ့ကြသူတွေ အပါအဝင် ရာဇဝတ်မှု ကျူးလွန်သူတွေကို မထည့်သွင်းဖို့ မျှော်လင့်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG