သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ဘဏ္ဍာရေးအခြေအနေ စုံစမ်းဖို့ လွှတ်တော်ကြိုးပမ်း


အမေရိကန်သမ္မတ Donald Trump ရဲ့ အခွန်မှတ်တမ်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမယ့် လုပ်ငန်းစဉ် ပထမခြေလှမ်းအဖြစ် သမ္မတတွေရဲ့ အခွန်ပေးဆောင်မှု မှတ်တမ်းတွေနဲ့ ပတ်သက်လို့ ဒီမိုကရက်တွေ ဦးဆောင်တဲ့ အောက်လွှတ်တော် ကော်မတီတခုမှာ ဒီကနေ့ ကြားနာမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ ဘဏ္ဍာရေးအကျိုးစီးပွားတွေဟာ သူ့ရဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ရပ်တွေကို တွန်းအားဖြစ်စေခဲ့သလား ဆိုတာတွေကိုတော့ ပြီးခဲ့တဲ့လကစလို့ အောက်လွှတ်တော်မှာ လူများစုအဖြစ် ထိန်းချုပ်လိုက်တဲ့ ဒီမိုကရက်တွေ ဦးဆောင်တဲ့ လွှတ်တော် ကော်မတီတွေက စတင်စုံစမ်းနေတာပါ။

အခွန်ပေးဆောင်တဲ့ မှတ်တမ်းတွေဟာ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ပေမဲ့ အခွန်စနစ် လုပ်ထုံးလုပ်နည်းဆိုင်ရာ လွှတ်တော်ကော်မတီဥက္ကဋ္ဌ အနေနဲ့ ဘယ်သူ့ကိုမဆို အခွန်မှတ်တမ်းတွေ ထုတ်ပြန်ပေးဖို့ တောင်းဆိုနိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။ Trump ရဲ့ အခွန်ပေးဆောင်ထားတဲ့ မှတ်တမ်းနဲ့ ပတ်သက်လို့ သမ္မတရွေးကောက်ပွဲ မဲဆွယ်ချိန်ကစလို့ အငြင်းပွားစရာတွေ ကြုံခဲ့ရသလို၊ ပွင့်လင်းမြင်သာမှုကို ပြသတဲ့အနေနဲ့ အခွန်မှတ်တမ်းတွေ ထုတ်ဖော် ပြသလေ့ရှိတဲ့ အစဉ်အလာကို ဖောက်ဖျက်ပြီး လူသိရှင်ကြား ထုတ်မပြောပဲ ထားခဲ့တာပါ။ သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ဟာ ဆိုရင်လည်း သူ့ရဲ့အခွန်မှတ်တမ်းကို ထုတ်ပြခဲ့ပါတယ်။ သမ္မတ Trump ကတော့ သူ့ကိုယ်ပိုင် ဘဏ္ဍာရေး အခြေအနေကို စစ်ဆေးဖို့ ဒီမိုကရက် လွှတ်တော်အမတ်တွေရဲ့ ကြိုးပမ်းမှုတွေဟာ လုပ်ပိုင်ခွင့်မရှိပဲ သမ္မတတယောက်အပေါ် ခြိမ်းခြောက်တဲ့ လုပ်ရပ်အဖြစ် ပယ်ချခဲ့တာပါ။

နိုင်ငံရေးအောက်လမ်းနည်းနဲ့ တိုက်ခိုက်တဲ့လုပ်ရပ် ဖြစ်ကြောင်းလည်း ဒီနေ့ပဲ Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့ပါတယ်။ မနေ့တုန်းက အိမ်ဖြူတော်မှာ ကျင်းပတဲ့ အခန်းအနားတခု အတွင်းမှာလည်း သူ့ရဲ့ ဘဏ္ဍာရေး အခြေအနေကို စုံစမ်းစစ်ဆေးမယ့် အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက် ကိုယ်စားလှယ် Adam Schiff ဟာ နာမည်ရဖို့အတွက် လုပ်ပိုင်ခွင့်မရှိတာကို လုပ်ဖို့ ကြိုးစားနေတာ ဖြစ်ကြောင်းလည်း ဝေဖန်ခဲ့တာပါ။ တချိန်တည်းမှာပဲ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ရုရှားအရေး စုံစမ်းစစ်ဆေးမှုမှာ မေးမြန်းစစ်ဆေးထားတဲ့ မှတ်တမ်း ၅၀ ကျော်ကို အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ထံ ပေးအပ်ဖို့လည်း မနေ့တုန်းကပဲ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG