သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုင်ငံတော်အခြေပြမိန့်ခွန်း လွှတ်တော်မှာ ပြောကြား


အမေရိကန်တောင်ပိုင်း နယ်စပ်မှာ တံတိုင်းကာရံမယ့် အစီအစဉ်အတွက် သမ္မတ Donald Trump က နိုင်ငံတော်အခြေပြ မိန့်ခွန်းမှာ ထပ်မံတွန်းအားပေး ပြောဆိုလိုက်ပါတယ်။

တံတိုင်းကာမယ့် ကုန်ကျစရိတ်အတွက် သဘောတူညီမှု မရနိုင်တဲ့အတွက် အစိုးရလုပ်ငန်းတွေ နောက်တကြိမ် ရပ်ဆိုင်းကောင်း ရပ်ဆိုင်းရဖို့ ရက်ပိုင်းလောက်သာ ကျန်တော့တာကိုလည်း သမ္မတက သတိပေးထားတာပါ။ အဆင့်မြင့်မြင့် မဟာဗျုဟာကျကျ သံမဏိတံတိုင်း ကာရံမှာဖြစ်ကြောင်း သမ္မတက ကတိပြုပြောကြားခဲ့ပေမဲ့ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာဖို့ အရင်ကပြောထားတာမျိုးကိုတော့ ထပ်မပြောတော့ပါဘူး။

သမ္မတအတွက် မဲဆွယ်ချိန်မှာ တံတိုင်းကာမယ့် အစီအစဉ်ကို အဓိကမူဝါဒ တခုအဖြစ် ကတိပြုခဲ့တဲ့ သမ္မတ Trump က နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ မက္ကစီကိုနိုင်ငံနဲ့ နယ်စပ်က အန္တရာယ်ရှိတဲ့ အခြေအနေတွေကို တော်တော်များများ ထည့်သွင်းပြောဆိုခဲ့တာပါ။ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို ရည်ညွှန်းပြီး၊ မိန့်ခွန်းပြောနေချိန်မှာပဲ အမေရိကန်ကို လူအုပ်ကြီး ချီတက်လာနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

လွှတ်တော် ၂ ရပ်က ကိုယ်စားလှယ်တွေရှေ့မှောက် ဒုတိယအကြိမ်အဖြစ် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားခဲ့တဲ့ အောက်လွှတ်တော်မှာတော့ အတိုက်အခံ ဒီမိုကရက်ပါတီက လူများစုခေါင်းဆောင် Nancy Pelosi က သမ္မတရဲ့ နောက်ကျောမှာ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာထဲ သက်တမ်းဝက် ရွေးကောက်ပွဲတွေမှာတော့ ဒီမိုကရက်တွေက အောက်လွှတ်တော်မှာ အများစုနဲ့ ထိန်းချုပ်ခဲ့ပြီး၊ အထက်လွှတ်တော်ကိုတော့ သမ္မတရဲ့ အထက်လွှတ်တော်က ဆက်လက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေအရ မနေ့တုန်းက နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ Trump က ညီညွတ်ရေးနဲ့ ပါတီစွဲကင်းရေးကိုလည်း တိုက်တွန်းခဲ့တာပါ။ ဒါပေမဲ့လည်း Twitter လူမှုကွန်ရက်ကနေ သမ္မတ Trump ကပုတ်ခတ်စော်ကားတာ၊ လှောင်ပြောင်ခေါ်ဝေါ်တဲ့ အသုံးအနှုန်းတွေနဲ့ တိုက်ခိုက်ခံရလေ့ရှိတဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေကတော့ သမ္မတရဲ့ သတင်းစကားကို ဘယ်လောက်အထိ လက်ခံနိုင်မလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

...
သမ္မတ Donald Trump ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် တုန့်ပြန် ပြောဆိုခဲ့တဲ့ Stacey Abrams က အမေရိကန်ပြည်ထောင်စု ပိုပြီး အားကောင်းခိုင်မာလာစေရေးနည်းလမ်းတရပ်အနေနဲ့ တရားမျှတမှုရှိတဲ့ လူမှုစီးပါွးရေးအပေါ် ထပ်ပြီးသံန်နိဋ်ဌာန်ချ လုပ်ကိုင်ဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ကျင်းပတဲ့ Georgia ပြည်နယ်အုပ်ချုပ်ရေးမှုး ရွေးကောက်ပွဲမှာ ကပ်ပြီး ရှုံးနိမ့်ခဲ့တဲ့ Abrams က နိုင်ငံပြသနာတွေအပေါ်သမ္မတ Trump ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံကို အလွန်အမင်း စိတ်ပျက်မိပေမယ့်လည်း သမ္မတ Trump ရှုံးနိမ့်သွားတာမျိုးတော့ မလိုလားဘူးလို့ ပြောပါတယ်။ ဒါပေမယ့်လည်း သမ္မတအနေနဲ့ အမှန်တွေကိုပြောဖို့၊ သူ့တာဝန်ဝတ္တရားတွေကို လေးစားဖို့ နဲ့ အမေရိကန်နိုင်ငံရဲ့ ထူူးခြားတဲ့ မတူကွဲပြားမှုတွေအပေါ် လေးစားမှုရှိဖို့လည်း Stacey Abrams က တိုက်တွန်းသွားတာပါ။

တခါ သမ္မတ Trump ကြောင့် ပြီးခဲ့တဲ့လက အစိုးရယန္တယား တချို့စံချိန်တင် ရပ်နားသွားခဲ့ရတဲ့အတွက် ဝန်ထမ်းပေါင်း ၈ သိန်းကျော် ထိခိုက်ခဲ့ရတဲ့ လုပ်ရပ်အပေါ်မှာလည်း Abrams က ပြစ်တင်ဝေဖန်သွားပါတယ်။ အစိုးရဝန်ထမ်းတွေရဲ့ လူနေမှုဘဝတွေကို နိုင်ငံရေးကစားကွက်မှာ ထည့်သွင်းအသုံးချတာဟာ ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်ဖြစ်သလို၊ အဲဒီ လုပ်ရပ်ဟာ အမေရိကန်သမ္မတရဲ့ စတန့်ထွင်တဲ့လုပ်ရပ်တခုသာဖြစ်တယ်လို့လည်း သူက ဝေဖန်ခဲ့တာပါ။ ဒါဟာ အမေရိကန်ပြည်သူပြည်သားတွေကိုသာမက သူတို့ရဲ့ စံတန်ဖိုးတွေကိုပါ ပစ်ပယ်တဲ့လုပ်ရပ်ဖြစ်တယ်လို့လည်း Abrams က ပြောဆိုသွားပါတယ်။

.....
အမေရိကန် နိုင်ငံခြား မူဝါဒရေးရာနဲ့ ပတ်သက်လို့ သမ္မတ Donald Trump က နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုရာမှာ အမေရိကန် တပ်ဖွဲ့တွေ နှစ်ပေါင်းများစွာ တိုက်ခိုက်နေတဲ့ စစ်ပွဲတွေ အဆုံးသတ်ရေး၊ အမေရိကန်အစိုးရက အချိန်မီမူဝါဒချ မဆောင်ရွက်ခဲ့ရင် မရှောင်သာ မလွဲသာ ကြုံရမယ်လို့ သမ္မတက ပြောနေတဲ့ ပဋိပက္ခတွေကို ဟန့်တားနိုင်ရေး ကိစ္စတွေကို ပြောဆိုခဲ့ပါတယ်။

အာဖဂန်နဲ့ အီရတ်နိုင်ငံတွေက စစ်ပွဲတွေမှာ အကြီးအကျယ် အကုန်အကျခံ သုံးစွဲနေရတာတွေ၊ ၂၀၀၁ ခုနှစ်ကစလို့ အမေရိကန် တပ်ဖွဲ့ဝင် ၇ ထောင်နီးပါး သေဆုံးနေရတာတွေကိုလည်း သမ္မတ Trump က အလေးထား ပြောကြားခဲ့တာပါ။ အာဖဂန်နိုင်ငံမှာ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် အနည်းဆုံး ငြိမ်းချမ်းရေးအတွက် ကြိုးစားဖို့ အချိန်တန်ပြီ ဖြစ်ကြောင်းနဲ့ တာလီဘန် သူပုန်တွေဘက်ကလည်း အလားတူ ဆန္ဒရှိနေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေ အပါအဝင် အာဖဂန်နိုင်ငံက အဖွဲ့အစည်းတွေနဲ့ အပြုသဘော ဆွေးနွေးမှုတွေ ရှိနေကြောင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ တိုးတက်မှုရတာနဲ့အမျှ စေလွှတ်ထားတဲ့ အမေရိကန်တပ်တွေကို လျှော့ချပြီး၊ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေးကို အာရုံစိုက်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

၂၀၁၄ ခုနှစ်ကစလို့ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ ဆီးရီးယား အရှေ့ပိုင်းက နေရာတော်တော်များများကို ထိန်းချုပ်ခဲ့တဲ့ IS အစ္စလာမ်စစ်သွေးကြွတွေကို ရှင်းလင်းဖို့ ကြိုးပမ်းနေတဲ့ ဆီးရီးယားနိုင်ငံက အမေရိကန်တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့လည်း သမ္မတ Trump က အမိန့်ပေးထားပါတယ်။ မြောက်ကိုရီးယားအပေါ် သံတမန် ဆက်ဆံရေး မူဝါဒသစ်တွေကြောင့် ဖမ်းဆီးခံ အမေရိကန်တွေ ပြန်လွတ်လာသလို၊ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲနောက်ပိုင်း နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး စမ်းသပ်မှုတွေ ရပ်တန့်တာလို တိုးတက်မှုတွေ ရှိခဲ့ကြောင်းလည်း ဂုဏ်ယူပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း အီရန်နိုင်ငံနဲ့ ပတ်သက်လို့ ပြောဆိုရာမှာတော့ သမ္မတ မဖြစ်ခင်က ပြောဆိုခဲ့တဲ့ လေသံထက် ပြင်းထန်တဲ့ သဘောထားကိုလည်း နိုင်ငံတော် အခြေပြမိန့်ခွန်းမှာ သမ္မတ Trump ကထည့်သွင်းပြောဆို သွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG