အမေရိကန် လွှတ်တော်အနေနဲ့ DV Lottery ဗီဇာကံစမ်းမဲ စံနစ်ကို ဖျက်သိမ်း ပေးစေလိုကြောင်း သမ္မတ Donald Trump က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့က နယူးယောက်မြို့မှာ ထရပ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့သူဟာ အဲဒီ DV ဗီဇာ ကံစမ်းမဲပေါက်ပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာသူဖြစ်ကြောင်း သိရှိရပြီးတဲ့နောက်မှာ သမ္မတ Trump က အဲဒီလို ပြောကြား လိုက်တာပါ။ ဒါပေမယ့် ဒီအစီအစဉ်ဟာ အမေရိကန်ကို ရွေ့ပြောင်း အခြေချ နေထိုင် လိုသူတွေအတွက် အထောက်အကူပြုတဲ့ အစီအစဉ်ဖြစ်ကြောင်း DV ကံစမ်းမဲပေါက်ပြီး အမေရိကန်ကို ရောက်လာကြတဲ့ မြန်မာနွယ်ဖွားတွေက ပြောပါတယ်။ အပြည့် အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရားဝင်နေထိုင်၊ အလုပ်လုပ်ကိုင်ခွင့်ရှိတဲ့ Diversity Visa – DV Lottery လို့ခေါ်တဲ့ ဗီဇာကံစမ်းမဲ အစီအစဉ်ကို ရပ်ဆိုင်းပြစ်ဖို့ စတင် ဆောင်ရွက် နေပြီဖြစ်ကြောင်း သမ္မတ Donald Trump က အိမ်ဖြူတော်မှာ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ အစိုးရဝန်ကြီးအဖွဲ့ စည်းဝေးပွဲ အစမှာ ပြောကြားလိုက်ပါတယ်။
“ဒီကနေ့ကစပြီး DV Lottery ဗီဇာကံစမ်းမဲ စံနစ် ဖျက်သိမ်းရေး အစီအစဉ်ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ချက်ခြင်း ရပ်ဆိုင်းနိုင်မယ့် လုပ်ငန်းစဉ်တွေ စတင်ဖို့ လွှတ်တော်ကို ကျနော် တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ နံမည်လေးက လှပေမယ့်လည်း တကယ်တော့ ကောင်းတဲ့အစီအစဉ် မဟုတ်ပါဘူး။ ဒါကြောင့်လည်း ကျနော်တို့ ဒီအစီအစဉ်ကို ဆန့်ကျင်နေတာပါ။ ဒါကြောင့် ဒီအစီအစဉ် အဆုံးသတ်ရေး အတွက် လွှတ်တော်နဲ့ ချက်ခြင်း ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အရည်အချင်း အပေါ် အခြေခံပြီး အမေရိကန်ပြည်ထောင်စုကို လာကြတဲ့ အစီအစဉ်ကိုဘဲ ကျနော်တို့ လိုလားပါတယ်။”
နယူးယောက်မြို့မှာ အင်္ဂါနေ့က ထရပ်ကားနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့သူဟာ Uzbekistan နိုင်ငံကနေ DV ဗီဇာကံစမ်းမဲပေါက်ပြီး ၂၀၁၀ ခုနှစ်မှာ အမေရိကန်ကို ရောက်လာသူဖြစ်ကြောင်း သမ္မတ Trump က သိရှိပြီးတဲ့နောက်မှာ ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ ဗုဒ္ဓဟူးနေ့မှာ စတင် ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ နယူးယောက်မြို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင်း လူ ၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒါပေမယ့် သမ္မတ Trump အနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ထိရောက်အောင် လုပ်ဆောင်ခြင်းမပြုဘဲ ဒီကိစ္စမှာ DV ဗီဇာကံစမ်းမဲ အစီအစဉ်ကို အသုံးချပြီး နိုင်ငံရေး အမြတ်ထွက်ဖို့ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ နယူးယောက်ပြည်နယ် ကိုယ်စားပြု ဒီမိုကရက်ပါတီက အထက်လွှတ်တော်အမတ် Chuck Schumer က ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်တဲ့ လွှတ်တော်စည်းဝေးပွဲအတွင်း ဝေဖန် ပြောကြားလိုက်ပါတယ်။
“သမ္မတ Trump ခင်ဗျား၊ ခင်ဗျားခေါင်းဆောင်မှု ဘယ်မှာပါလဲ။ ရွေ့ပြောင်းအခြေချ နေထိုင်သူတွေကို လက်ခံခြင်းဟာ အမေရိကန်ပြည်ထောင်စုအတွက် ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကနေ့အချိန်ထိလဲ အဲဒီအတိုင်းဘဲ ကျနော် ယုံကြည်ပါတယ်။ သမ္မတ Trump ခင်ဗျား၊ တိုင်းပြည်အတွင်း စိတ်မချမ်မြေ့စရာ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်တွေမှာ ခင်ဗျား လုပ်ဆောင်လေ့ ရှိတဲ့အတိုင်း၊ ဒီကိစ္စကို ခုတုံးလုပ်ပြီး အမေရိကန် ပြည်သူတွေအကြား သွေးခွဲပြီး နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ကြိုးစားမယ့် အစား ကျနော်တို့ အားလုံးအကြားမှာ သွေးစည်းညီညွတ်မှုရှိအောင် လုပ်ဆောင်ပြီး ခင်ဗျားက ဖြတ်တောက်ဖို့ အဆိုပြုထားတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရံပုံငွေကို မဖြတ်တောက်ဖို့ အာရုံစိုက် လုပ်ဆောင်ပါ။ ဒါကြောင့် ဒီအရေးပါတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ရံပုံငွေဖြတ်တောက်မယ့် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့အတွက် ကျနော် တောင်းဆိုပါတယ်။”
Green Card လို့ လူသိများတဲ့ ဒီ DV ဗီဇာကံစမ်းမဲ အစီအစဉ်ကို စတင်ဖို့ အမေရိကန် လွှတ်တော်က ၁၉၉၀ ခုနှစ်က ဥပဒေအဖြစ် ပြဌာန်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က နယူးယောက်ပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ လက်ရှိ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင်၊ Chuck Schumer ဟာ DV ဗီဇာကံစမ်းမဲ အစီအစဉ် စတင်ဖို့ ပူးတွဲ အဆိုပြုခဲ့ကြတဲ့ လွှတ်တော်အမတ် ၃၁ ဦးထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေကလူတွေ အမေရိကန်ပြည်ထောင်စုမှာ ရွေ့ပြောင်းပြီး တရားဝင် နေထိုင်၊ အလုပ်လုပ်ခွင့် ရလိုသူတွေအတွက် ဒီ DV ဗီဇာကံစမ်းမဲကို နှစ်စဉ် ဖောက်ပေးတာ ဖြစ်ပါတယ်။ DV ဗီဇာကံစမ်းမဲ လျှောက်ထားသူတွေအနေနဲ့ ဓါတ်ပုံနဲ့တကွ မိမိတို့ရဲ့ ကိုယ်ရေး ရာဇဝင် အကျဉ်းကို လျှောက်လွှာနဲ့အတူ တင်သွင်းကြရတာ ဖြစ်ပြီး မဲပေါက်သူ အရေအတွက်ကိုတော့ ဒေသနဲ့ တိုင်းပြည်အလိုက် လူဦးရေ အကန့်အသတ်နဲ့ ခေါ်ယူတာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်အတွက် DV ဗီဇာပေါင်း ၄၅,၆၆၄ ခု ထုတ်ပေးခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဌာနက နောက်ဆုံး ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံအတွက် DV ဗီဇာ ၄၅၃ ခု ထုတ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နယူးယောက်အကြမ်းဖက်သူဟာ DV ဗီဇာကံစမ်းမဲပေါက်ပြီး အမေရိကားကို ရောက်လာတာ ဖြစ်တဲ့အတွက် ဒီ အစိအစဉ်ကို သမ္မတ Trump က ဖျက်ပြစ်ဖို့ အဆိုပြုနေပေမယ့် တကယ်တော့ ကံစမ်းမဲပေါက်သူတွေ အနေနဲ့ ကိုယ်ရေး ရာဇဝင်ကအစ အဆင့်ဆင့် စစ်ဆေးခံပြီးတော့မှ အမေရိကန်ကို လာခွင့်ရကြတာ ဖြစ်ကြောင်း ၂၀၀၈ DV ဗီဇာကံစမ်းမဲ ပေါက်ခဲ့ပြီး လက်ရှိ မယ်ရီလန်းပြည်နယ်မှာ နေထိုင်နေတဲ့ မမေငြိမ်းက ပြောပါတယ်။
“အွန်လိုင်းကနေ လျှောက်ပြီးတဲ့အခါမှာ သူက အကုန်လုံး Background check တွေ ဘာတွေ လုပ်ပြီးတော့မှ သူတို့က ပြန်ပြီးတော့မှ အဖြေပေးတယ်လို့ ပြောပါတယ်။ ဒါကတော့ သူတို့ရဲ့ Process သူတို့ရဲ့ လုပ်ငန်းစဉ်ပေါ့။ ကိုယ့်ရဲ့ ပညာအရည်အချင်းဆိုတဲ့ သတ်မှတ်ချက် ပါပါတယ်။ ပြီးတော့ကျတော့ ကျမတို့ မိဘ မျိုးရိုးနဲ့ပတ်သက်လို့၊ နောက်တခါ သားသမီး နံမည်က အစပေါ့နော်။ လုံး၀ အမှားအယွင်း မရှိရဘူးလို့ နဂိုကတည်းက ပြောပါတယ်။ ဆိုတော့ ကျမပြောချင်တာက၊ အင်မတန် ခိုင်လုံတဲ့ အထောက်အထား ရှိမှ၊ ဒီ DV ကို လျှောက်လို့ ရတယ်ဆိုတဲ့ အခြေအနေမျိုး ရှိခဲ့ပါတယ်။”
ဒီအစီအစဉ်ဟာ နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အစီအစဉ်ဖြစ်ကြောင်းလည်း မမေငြိမ်းက ပြောပါတယ်။
“ကျမအတွက်ကတော့ ၂ ဘက်စလုံး အကျိုးရှိတယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ ဒီ ဖွံ့ဖြိုးဆဲနိုင်ငံမှာ ရှိတဲ့ လူတွေက ဖွံ့ဖြိုးပြီးသား နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံကို လာရတဲ့အခါမှာ အမေရိကန်နိုင်ငံရဲ့ သတ်မှတ်ထားချက်အရ သူတို့သည် အနဲဆုံး ဘွဲ့ရ၊ ပညာတတ်တွေ ဖြစ်ကြတယ်။ ဒါကြောင့်မို့လို့ ဘွဲ့ရ၊ ပညာတတ်တွေက အခြေအနေအရ တခြား မြင့်မားတဲ့ နိုင်ငံတခုမှာ အခြေချပြီဆိုရင် သူတို့ကိုယ်တိုင်၊ သူတို့ကိုယ်သူတို့ တိုးတက်အောင်လုပ်ဖို့၊ ပညာဆက်သင်ဖို့ဘဲဖြစ်ဖြစ် လုပ်ဖို့အတွက် ကြိုးစားမှာ ဖြစ်သလိုဘဲ သူတို့ကို လက်ခံလိုက်တဲ့ နိုင်ငံကလည်း ပညာတတ်တွေကို ရတဲ့အတွက်ကြောင့် လူ့စွမ်းအား အရင်းအမြစ်မှာလည်း ကောင်းတဲ့ အရင်းအမြစ်ကို ရတယ်လို့ ပြောလို့ရပါတယ်။ DV အစီအစဉ်ဟာ ဖျက်သိမ်းဖို့ မသင့်တဲ့ အစီအစဉ်လို့ ထင်ပါတယ်။”
အမေရိကန်ပြည်ထောင်စုအတွင်းက အကြမ်းဖက်မှုတိုင်းဟာ DV ဗီဇာကံစမ်းမဲ ပေါက်သူတွေကြောင့် ဖြစ်ပေါ်တာမဟုတ်ကြောင်း၊ အောက်တိုဘာလ ၁ ရက်နေ့ညက Las Vegas မြို့မှာ ဖြစ်သွားတဲ့ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုဆိုရင်လည်း အမေရိကန်မှာ မွေးတဲ့ အမေရိကန်နိုင်ငံသားတဦးက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း မမေငြိမ်းက ပြောပါတယ်။
အလားတူဘဲ ၂၀၀၄ ခုနှစ် DV ဗီဇာကံစမ်းမဲပေါက်ပြီး အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တဲ့ မယ်ရီလန်းပြည်နယ်က ကိုဝင်းနိုင်ကလည်း ဒီအစီအစဉ်သာ မရှိခဲ့ရင် သူတို့အနေနဲ့ အမေရိကားကို ရောက်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ပြောပါတယ်။
“ဒီ ကံစမ်းမဲ မပေါက်ခဲ့ဘူးဆိုရင်တော့လည်း အမေရိကန်နိုင်ငံ ရောက်ဖို့ဆိုတာကတော့ ကျနော်တို့အတွက်က အိမ်မက်တခုလိုဘဲ ဖြစ်နေတာပေါ့နော်။ ကျနော်တို့ဖာသာ ကျနော်တို့ ကြိုးစားပြီး လာနိုင်ဖို့ဆိုတာကတော့ မလွယ်ဘူးပေါ့။ အဆင်မပြေဘူးပေါ့။ DV အစီအစဉ်ကတော့ ဆက်ရှိသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ DV အစီအစဉ်ကြောင့်မို့လို့ ကံကောင်းတဲ့လူ၊ Selected လုပ်ခံရတဲ့ လူတွေအတွက်ကတော့ သူတို့ရဲ့ မိသားစုအတွက်၊ သူတို့ရဲ့ ဘဝအတွက်၊ သူတို့မိသားစု ဘဝအတွက်ကို လမ်းကြောင်းတခု ရသလို ဖြစ်တာပေါ့နော်၊ သူတို့ရဲ့ ရှေ့ရေးတွေ ဘာတွေ ကြိုးစား ပြီးတော့မှ ဘဝအတွက် အိမ်မက်တွေ အများကြီး မက်လို့ရတာပေါ့လေ။ အဲဒီတော့ DV အစီအစဉ်ကတော့ ဆက်ရှိသင့်တယ်လို့ ကျနော် ထင်ပါတယ်။”
အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချနေထိုင်နိုင်တဲ့ ဗီဇာ အမျိုးအစားတွေ ထဲမှာ အလုပ်အကိုင်နဲ့ လာရောက်တာ၊ အမေရိကန်နိုင်ငံသားနဲ့ လက်ထပ် ထိမ်းမြားတာ၊ မိသားစုဝင်တွေကို ခေါ်ယူတာ၊ ဒုက္ခသည်တွေကို လာရောက် အခြေချ နေထိုင်ခွင့် ပေးတာနဲ့ အခု ဒီ DV ဗီဇာ ကံစမ်းမဲပေါက်ပြီး လာရောက်ကြတာတွေ ပါဝင်ပါတယ်။