သုံးရလွယ်ကူစေသည့် Link များ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က နီဗားဒါးပြည်နယ်၊ Reno မြို့မှာ ဗုဒ္ဓဟူးနေ့က ပြောတဲ့ မိန့်ခွန်းထဲ မိမိတို့ကို ခွဲခြားထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို့ အချိန် ရောက်ပါပြီလို့ ဆိုပြီး ပိုပြီးတော့ ညီညွတ်တဲ့ နိုင်ငံတခုဖြစ်အောင် လုပ်သွားကြဖို့ ပန်ကြားသွားပါတယ်။

ကမ္ဘာစစ်ကာလ စစ်မှုထမ်းဟောင်းတွေရဲ့ အဖွဲ့တခုဖြစ်တဲ့ American Legion ရဲ့နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ပြောတဲ့မိန့်ခွန်းတဲ့ မစ္စတာထရမ့်ပ်က အဲဒီလို ထည့်ပြောသွားတာပါ။ ကျနော်တို့ရဲ့အသားအရေအရောင်၊ လစာပမာဏ ဒါမှမဟုတ် နိုင်ငံရေးပါတီ ဆိုတာတွေနဲ့ ကျနော်တို့ကို မသတ်မှတ်ပါဘူးလို့ မစ္စတာထရမ့်ပ်က ဆိုပါတယ်။

ကျနော်တို့ကြား ဘုံတူညီတဲ့ လူသားစိတ်ဓာတ်၊ နိုင်ငံသားဖြစ်မှုနဲ့ ဒီ ကြီးကျယ် ပြောင်မြောက်တဲ့ နိုင်ငံတော်၊ ကျနော်တို့ရဲ့နှလုံးသားတွေမှာ ဖုံးလွှမ်းနေတဲ့ ချစ်ခြင်းတရားတွေနဲ့ ကျနော်တို့ကို သတ်မှတ်တာပါလို့ မစ္စတာထရမ့်ပ်က ပြောပါတယ်။

အရီဇိုးနားပြည်နယ်၊ Phoenix မြို့မှာ အင်္ဂါနေ့က ပြောတဲ့ မိန့်ခွန်းတဲ့မှာ သတင်းမီဒီယာတွေကို ပြစ်တင် ဝေဖန်ခဲ့ပြီးတဲ့ နောက်တရက်မှာပဲ သမ္မတထရမ့်ပ်က အခုလိုပြောတာပါ။ ဗာဂျီးနီးယားပြည်နယ်၊ Charlottesville မြို့မှာ နာဇီဝါဒလိုလားသူတွေနဲ့ လူဖြူ လူမျိုးကြီးဝါဒီတွေ စီစဉ်တဲ့ ဆန္ဒပြပွဲ တခုကနေ လူသေတဲ့ထိ ရုန်းရန်းဆန်ခတ် ဖြစ်ခဲ့တဲ့အပေါ် သူ့ရဲ့ တုန့်ပြန်ပြောဆိုပုံကို သတင်း မီဒီယာတွေ ရေးသား ထုတ်လွှင့်ကြတဲ့ အပေါ် သမ္မတက ပြစ်တင်ဝေဖန်တာပါ။

အဲဒီရုန်းရင်းဆန်ခတ်မှုမှာ ဘက်နှစ်ဘက်စလုံးကို မစ္စတာ ထရမ့်ပ်က ပြစ်တင် ပြောဆိုတဲ့ အပေါ် ဝေဖန်ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြပွဲ အတွင်း တန်ပြန်ဆန္ဒပြသူ လူအုပ်ထဲကို လူဖြူ လူမျိုးကြီး ၀ါဒီတဦးက ကားနဲ့မောင်းဝင် တိုက်တဲ့အတွက် အသက် ၃၂ နှစ်အရွယ် Heather Heyer ဆိုတဲ့ အမျိုးသမီးတဦး သေဆုံး ခဲ့ရတာပါ။

XS
SM
MD
LG