သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့်ရဲ့ လူမျိုးရေးခွဲခြားတဲ့ ပြောကြားချက်အပေါ် ဝေဖန်တဲ့အဆိုပြုချက် အောက်လွှတ်တော်အတည်ပြု


လူနည်းစု ဒီမိုကရက် အမျိုးသမီး အောက်လွှတ်တော်အမတ်တွေအပေါ် သမ္မတ ဒေါ်နယ်ထရမ့်က လူမျိုးရေး ခွဲခြားတဲ့ ကောက်ချက်ချ ပြောကြားမှုတွေနဲ့ပတ်သက်လို့ အပြစ်တင် ရှုတ်ချတဲ့ အဆိုပြုချက်တရပ်ကို အောက်လွှတ်တော်မှာ ရီပတ်ဘလီကင်အမတ် လေးဦးအပါအဝင် ဒီမိုကရက် အမတ်အားလုံးတို့က အတည်ပြုခဲ့ကြပါတယ်။

အောက်လွှတ်တော်ရဲ့ အဆိုပြုချက်ကို ထောက်ခံမဲ ၂၄၀၊ ကန့်ကွက်မဲ ၁၈၇ မဲနဲ့ အတည်ပြုခဲ့တာဖြစ်ပြီး သမ္မတထရမ့်ရဲ့ လူမျိုးရေး ခွဲခြားတဲ့ ကောက်ချက်ချ ပြောကြားမှုတွေကို ပြင်းထန်စွာ ရှုတ်ချထားပါတယ်။ အခုလို သမ္မတရဲ့ ပြောကြားမှုတွေဟာ အမေရိကန်နိုင်ငံသား အသစ်တွေနဲ့ အသားအရောင်ကွဲပြားတဲ့ လူတွေအတွက် ကြောက်ရွံ့မှုနဲ့အမုန်းတရားကို တိုးစေပြီး အားပေးရာလည်းရောက်တယ်လို့ အဆိုပြုချက်မှာ ဖော်ပြထားပါတယ်။

တနင်္ဂနွေနေ့က တွစ်တာကတဆင့် အခုလို ကောက်ချက်ချ ပြောကြားမှုတွေကြောင့် ပြစ်တင်ဝေဖန်ခြင်းခံနေရတဲ့ ထရမ့်ကတော့ အလျှော့ ပေးမယ့် အခြေအနေမရှိသေးပါဘူး။ ထရမ့်က ဒီအမျိုးသမီးအမတ်တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုကနေ ထွက်ခွါသွား သင့်ကြောင့် ပြောခဲ့တဲ့အတွက် သတင်းထောက်တဦးက ဘယ်ကိုသွားသင့်သလဲ-လို့ သမ္မတကို မေးမြန်းရာမှာ သမ္မတက ‘သူတို့သွားချင်တဲ့နေရာ သွားနိုင်သလို နေချင်ရင်လည်း နေနိုင်ကြောင်း၊ ဒါပေမယ့် သူတို့အနေနဲ့ နိုင်ငံကိုချစ်သင့်ကြောင်း’ - အင်္ဂါနေ့ ဝန်ကြီးအစည်းအဝေးပွဲအတွင်း ဖြေကြားခဲ့ပါတယ်။

ထရမ့်က စာရွက်တွေကိုကိုင်ပြီး ဒီအမျိုးသမီး အောက်လွှတ်တော်အမတ်တွေရဲ့ ပြောကြားချက်တွေဟာ သိပ်ကိုဆိုးရွားကြောင်း ပြောပြီး သူတောင် မဖတ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။ သမ္မတရဲ့အမြင်အရ ဒီအမျိုးသမီးတွေဟာ အမေရိကန်နိုင်ငံကို မုန်းတီးတယ်လို့ ယူဆကြောင်း ပြောပါတယ်။ သမ္မတရဲ့ အခုလို ကောက်ချက်ချ ပြောကြားမှုတွေဟာ အသားအရောင် ကွဲပြားတဲ့ အောက်လွှတ်တော်အမတ် လေးဦးတို့ ဖြစ်ကြတဲ့ Ilhan Omar, Alexandria Ocasio-Cortez, Ayana Pressley နှင့် Rashida Tlaib တို့ကို ရည်ညွှန်းပြောကြားတာ ဖြစ်ပါတယ်။

XS
SM
MD
LG