သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး ဒီမိုကရက်အမတ် ၄ ဦး ကို Trump ဝေဖန်မှုအပေါ် ကန့်ကွက်မှုတိုး


အသားအရောင် ကွဲပြားသူ အမေရိကန် အောက် လွှတ်တော် ဒီမိုကရက် အမျိုးသမီး အမတ် လေးဦးကို ဝေဖန်နေတာဟာ လူမျိုးရေးခွဲခြားမှု ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုှတွေကို သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့က လက်မခံဘဲ ပယ်ချလိုက်ပါတယ်။ ကျွန်တော်နဲ့ သဘောထား တူညီတဲ့သူတွေ အများကြီးရှိလို့ ဒီကိစ္စကို ကျွန်တော် မစိုးရိမ်ပါဘူး သတင်းထောက်တွေ သမ္မတ ထရမ့်က ပြောလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အစ္စရေးနဲ့ သူ့ရဲ့သမ္မတ လုပ်ငန်းတွေကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်နေသူတွေလို့ ဆိုပြီး လူဖြူမဟုတ်တဲ့ အသားအရောင်ကွဲပြားသူ အမျိုးသမီးလွှတ်တော်အမတ် လေးဦးကို သမ္မတ Donald Trump က တနင်္လာနေ့မှာလည်း ဆက်လက် ဝေဖန် တိုက်ခိုက်နေတာပါ။

“တစ်စုံတစ်ယောက်သောသူက ကျွန်တော်တို့ နိုင်ငံနဲ့ပတ်သက်ပြီး ပြဿနာ ရှိနေတယ်။ ဒီ နိုင်ငံမှာ မနေလိုဘူးဆိုရင် သူတို့တွေ ဒီနိုင်ငံက ထွက်သွားသင့်တယ်” ဆိုပြီး သမ္မတ ထရမ့်က Twitter မှာ ရေးသားပြီး အောက်လွှတ်တော် ဒီမိုကရက် အမျိုးသမီးအမတ်တွေကို သူတို့ရဲ့ မူလဇစ်မြစ် နေရပ်ရင်း နိုင်ငံရင်းတွေကို ပြန်ပြီး အဲဒီက ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ထရမ့်က တနင်္ဂနွေနေ့က Twitter မှာပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီအမျိုးသမီးအမတ်တွေထဲမှာ Minnesota ပြည်နယ်က အောက်လွှတ်တော်အမတ် Ilhan Omar တဦးသာ ဆိုမာလီယာမှာ မွေးဖွားခဲ့သူပါ။ တခြား ၃ ဦးထဲက မန်ဆာချုးဆက်ပြည်နယ် ကိုယ်စားပြု လွှတ်တော်အမတ် Ayanna Pressley က Cincinnati အိုဟိုင်းယိုးပြည်နယ်မှ မွေးဖွားခဲ့ပြီး၊ Alexandria Ocasio-Cortez ဟာ နယူးယောက်မြို့သူဖြစ်သလို Rashid Tlaib ဟာ Michigan ပြည်နယ် Detroit ဇာတိဖြစ်ပါတယ်။

ဒီမိုကရက်တွေကတော့ လူမျိုးရေးခွဲခြားမှုနဲ့ နိုင်ငံခြားသားမုန်းတီးမှုသက်ရောက်တယ်ဆိုပြီး ဝေဖန်သလို အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ကတော့ သမ္မတရဲ့ ပြောကြားချက်ဟာ လူမျိုးရေး ခွဲခြားမှု ဟုတ် မဟုတ် ဆိုတာကို အောက် လွှတ်တော်မှာ မဲခွဲပြီး ရှုတ်ချဖို့ ဆုံးဖြတ်မယ်လို့ ပြောပါတယ်။ သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တစ်ချို့ကလည်း ဒီမိုကရက်များနည်းတူ သမ္မတရဲ့ ပြောကြားချက်ကို ဝေဖန်ကြရာမှာ Michigan ပြည်နယ်အမတ် Fred Upton က သမ္မတရဲ့ တွစ်တာမှာ ပြောကြားချက်ဟာ မှားယွင်းကြောင်း ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG