အမေရိကန်သမ္မတ Donald Trump က ကနေဒါနဲ့ ကုန်သွယ်ရေးစစ်ပွဲကို အင်္ဂါနေ့မှာ ထပ်ပြီး တိုးမြှင့်လိုက်ပါတယ်။ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ အမေရိကန်က သွင်းကုန်ခွန်ကို ၅၀% ထိ တိုးမြှင့်လိုက်ပါတယ်။
အမေရိကန်နဲ့ အလုပ်ကြိုးစားတဲ့ အမေရိကန်တွေအပေါ်မှာ ကနေဒါတို့က ဆယ်စုနှစ်နဲ့ချီ အမြတ်ထုတ်နေကြတာကြောင့် ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံ သွင်းကုန်ခွန်ကို သမ္မတ Trump က တိုးမြှင့်လိုက်တာလို့ အိမ်ဖြူတော်ပြောခွင့်ရ Karoline Leavitt က သတင်းထောက်တွေကို ပြောပါတယ်။
ကနေဒါနိုင်ငံ Ontario ပြည်နယ် ခေါင်းဆောင်က အမေရိကန် ၁.၅ သန်းကို ရောင်းချထားတဲ့ လျှပ်စစ်ဓာတ်အား တန်ဖိုးမှာ နောက်ထပ် ၂၅% ထပ်တိုးမယ့်အကြောင်း ပြောဆိုလိုက်ပြီးနောက်မှာ ကနေဒါရဲ့ သံမဏိနဲ့ အလူမီနီယံအပေါ် အမေရိကန်က သွင်းကုန်ခွန် ၂၅% ကောက်ယူမှုကနေ ၂ ဆ တိုးပြီး ၅၀% အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။
ကနေဒါဟာ ကမ္ဘာပေါ်မှာ သွင်းကုန်ခွန် အများဆုံးကောက်တဲ့ နိုင်ငံတွေထဲက တခုဖြစ်ကြောင်း သမ္မတ Trump က သူ့ရဲ့လူမှုကွန်ရက် Truth Social မှာ ရေးထားပါတယ်။
သံမဏိနဲ့ အလူမီနီယံအပေါ် အမေရိကန် သွင်းကုန်ခွန်က ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ စတင် သက်ရောက်မယ့်အကြောင်းလည်း သမ္မတက ပြောပါတယ်။ ကနေဒါအစိုးရအနေနဲ့ အမေရိကန်ရဲ့ နို့ထွက်ပစ္စည်း အများအပြားအပေါ်မှာ သွင်းကုန်ခွန် ၂၅၀% ကနေ ၃၉၀% ထိ ကောက်ခံနေတာကို ချက်ချင်း ရပ်ရမယ်လို့လည်း သမ္မတ Trump က တောင်းဆိုထားပါတယ်။
Forum