သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးဘ၀ တရားမဝင်ရောက်လာသူတွေ အကာအကွယ်ပေးမှု Trump ပယ်ဖျက်


အမေရိကန် ပြည်ထောင်စုမှာ မိဘတွေနဲ့ အတူ ကလေးဘဝထဲက တရားမဝင် လာရောက် အခြေချ နေထိုင်သူတွေကို နေရပ် ပြန်မပို့ရေး အကာအကွယ် ပေးထားတဲ့ DACA ဆိုတဲ့ အစီအစဉ်ကို အဆုံးသတ်လိုက်ပါပြီ။ ကလေးအရွယ်ထဲက တရားမဝင် နိုင်ငံထဲမှာ နေထိုင်နေကြသူတွေကို မူလ နိုင်ငံတွေဆီ ပြန်မပို့အောင် သမ္မတဟောင်း Barack Obama လက်ထက်က စတင်ခဲ့တဲ့ အစီအစဉ်ကို ပယ်ဖျက်ဖို့ သမ္မတ Donald Trump ရဲ့ဆုံးဖြတ်ချက်ဟာ တာဝန်သိ လုပ်ရပ် ဖြစ်တယ်လို့ အိမ်ဖြူတော်က ကာကွယ် ပြောကြား ခဲ့ပါတယ်။ အခု DACA အစီအစဉ်ကို ဖျက်လိုက်တဲ့ အတွက် ဒီအစီအစဉ်မှာ ပါဝင်နေကြသူ ၈ သိန်းလောက်ရဲ့ရှေ့ရေး မရေမရာ ဖြစ်နေတဲ့ အကြောင်း မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။

အမေရိကန် ပြည်ထောင်စုမှာ တရားဝင် အထောက်အထား မရှိဘဲ နေထိုင်နေကြသူတွေ ထဲက မိဘတွေနဲ့ အတူ ကလေးအရွယ်က စလို့အခြေချ နေထိုင်ကြသူတွေကို မူလ လာတဲ့ နိုင်ငံတွေဆီ ပြန်မပို့နိုင်အောင် DACA ဆိုတဲ့ အစီအစဉ်ကို သမ္မတဟောင်း Barack Obama က ၂၀၁၂ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ အနည်းဆုံး အသက် ၁၅ နှစ်ရှိပြီး ၂၀၁၂ ခုနှစ် ဇွန် လ ၁၅ ရက်မတိုင်ခင် အသက် ၃၁ နှစ် မပြည့်သေးသူတွေ အနေနဲ့ DACA အစီအစဉ်ကို လျှောက်ခွင့် ရှိပါတယ်။ တရားမဝင် နေထိုင်သူတွေကို နေရပ် ပြန်ပို့ခံရမယ့် အခြေအနေ ကနေ အကာအကွယ် ပေးထားတဲ့ ဒီအစီအစဉ်မှာ ပါဝင်နေသူ ၈ သိန်း လောက်ရှိပါတယ်။

အဲဒီသူတွေကို Dreamers တွေလို့ တင်စားခေါ်ပါတယ်။ အများစုက မက္ကဆီကို နိုင်ငံနဲ့ အမေရိကတိုက် အလယ်ပိုင်း နိုင်ငံတွေက ဖြစ်ကြပါတယ်။ အခုတော့ အမေရိကန် ပြည်ထောင်စုရဲ့ အကျိုးကို ရှေးရှုပြီး ဥပဒေနဲ့ညီတဲ့ စနစ် လိုအပ်တယ်လို့ ရှေ့နေချုပ် Jeff Sessions ကပြောပြီး DACA အစီအစဉ်ကို ပယ်ဖျက်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

“ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အားလုံးဟာ အမေရိကန် ပြည်သူတွေ၊ တရားဝင် ရွှေ့ပြောင်း အခြေချ နေထိုင်သူတွေ၊ ဒီနိုင်ငံမှာ မွေးဖွားသူတွေရဲ့အကျိုးကို ရှေ့ရှုသင့်ပါတယ်။ အမေရိကန် ပြည်သူတွေနဲ့ ကိုက်ညီတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် လွှတ်တော် အနေနဲ့ သေသေချာချာ စဉ်စားပြီး ပြုပြင်သင့် ပါတယ်။”

အမေရိကန်ကို လာချင်သူတိုင်းကိုတော့ ခွင့်ပြုနိုင်မှာ မဟုတ်သလို။ ဥပဒေအတိုင်း အသေအချာ ဆောင်ရွက်တဲ့ အနေနဲ့ အခုလို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ကန့်သတ်ရတာ ဖြစ်တယ်လို့ ရှေ့နေချုပ် Jeff Sessions က ပြောကြားခဲ့ပါတယ်။ DACA အစီအစဉ်မှာ ပါဝင်နေသူတွေကို အမေရိကန်မှာ ဆက်ပြီး နေထိုင်ခွင့် ပြု မပြု ဆိုတာကို လွှတ်တော် အနေနဲ့ ၆ လအတွင်းမှာ ဆုံးဖြတ်ပါ လို့လည်း အချိန်ပေးခဲ့ပါတယ်။ DACA အစီအစဉ်ကို ဖျက်လိုက်တဲ့အပေါ် ဒီမိုကရက် အမတ်တွေအပြင် ရီပတ်ပလီကန် အမတ် တချို့ကပါ ဝေဖန် နေကြပါတယ်။ DACA အစီအစဉ်ဟာ ခက်ခဲတဲ့ ကိစ္စ ဖြစ်တယ်လို့ သမ္မတ Danald Trump ကအစောပိုင်းက ခုလိုပြောထားပါတယ်။

“ ကျွန်တော်တို့ရဲ့ စိတ်ကောင်း စေတနာကို ပြသမှာပါ။ DACA ဟာ သိပ်ကို ခက်ခဲတဲ့ အကြောင်းအရာ တခု ဖြစ်ပါတယ်။”

DACA ကိစ္စ ကြေညာပြီးတဲ့နောက် သမ္မတ Trump ထုတ်ပြန်တဲ့ ကြေညာချက် ထဲမှာတော့ သမ္မတ တယောက်အနေနဲ့ အမေရိကန် ပြည်သူတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရမယ့် တာဝန်ရှိတယ်လို့ ပြောထားတဲ့ အပြင် မိဘတွေရဲ့ လုပ်ရပ်ကြောင့် ကလေးတွေကို အပြစ်ပေးရတာမျိုး သူမလုပ်ချင်ဘူး လို့လည်း ဆိုထားပါတယ်။ အိမ်ဖြူတော် ကလည်း သမ္မတ Donald Trump ရဲ့ ဆုံးဖြတ်ချက်ဟာ တာဝန်သိ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ အင်္ဂါနေ့ အိမ်ဖြူတော် သတင်းစာ ရှင်းပွဲမှာ ပြောခွင့်ရသူ Sarah Huckabee Sanders ကတုံ့ပြန် ပြောကြားခဲ့ပါတယ်။ ခုလို Trump အစိုးရက DACA အစီအစဉ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး မကြာခင်မှာဘဲ သမ္မတဟောင်း Barack Obama က ဒီဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ လူမှုကွန်ယက်တွေ ပေါ်မှာ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်မှာ နေထိုင်ကြီးပြင်းလာကြပြီး ဘာအပြစ်မှာ မရှိတဲ့ လူငယ်တွေကို ပြစ်မှတ်ထား တာဟာ မှားယွင်းတယ်လို့ Mr. Obama က Twitter လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ Facebook ပေါ်မှာ သူ့ရဲ့ကြေညာချက်ကို အကျယ်တဝင့် ဖော်ပြခဲ့တာမှာလည်း ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဆုံးဖြတ်ချက် ဖြစ်သလို ကျင့်ဝတ် သိက္ခာပိုင်း ဆိုင်ရာ မေးခွန်းတခု ဖြစ်တယ်လို့ ရေးထားပါတယ်။ လုံခြုံစိတ်ချရတဲ့ နယ်စပ်တွေနဲ့ တိုးတက်တဲ့ စီးပွားရေးကို အားလုံး လိုလားကြတယ်။ ဥပဒေနဲ့ အညီ ဖြစ်အောင် လူဝင်မှု ကြီးကြပ်ရေး စနစ်ကို ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာ စိတ်ကောင်းစေတနာ ရှိကြသူတွေ အနေနဲ့ သဘာဝကျကျ သဘောထား ကွဲပြားပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ သူတို့ အပြစ်မဟုတ်ဘဲ အမေရိကန်ကို ရောက်လာကြတဲ့ မျှော်လင့်ချက် အပြည့်နဲ့ လူငယ်တွေရဲ့ အနာဂါတ်ကို မခြိမ်းခြောက် သင့်ဘူးလို့ သမ္မတဟောင်း အိုဘားမားက သူ့ရဲ့ ကြေညာချက် ထဲမှာ ဖော်ပြထားပါတယ်။

Dreamers တွေဟာ စာရွက်ပေါ်မှာက လွဲရင် သူတို့ရင်ထဲ ခေါင်းထဲမှာ သူတို့ကိုယ်သူတို့ အမေရိကန်တွေလို ခံယူထားကြသူတွေ ဖြစ်တယ် လို့လည်း သမ္မတဟောင်း Obama က ထောက်ပြတားပါတယ်။ DACA အစီအစဉ်ကို ပယ်ဖျက်တယ်လို့ ကြေညာချက် ထွက်လာပြီးနောက် Dreamers တွေကို ထောက်ခံသူတွေဟာ ဝါရှင်တန်မြို့တော်က အိမ်ဖြူတော်ရှေ့ အပါအဝင် မြို့တချို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

“ Dreamers တွေနဲ့ အတူ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမှာ။ ဘာကြောင့်လည်း ဆိုတော့ Dreamers တွေဟာ အမေရိကန်တွေ ဖြစ်ကြပါတယ်။ အမေရိကန် တန်ဖိုးတွေကို လက်ခံကြသူတွေ ဖြစ်ပါတယ်။ အမေရိကန် လူမျိုးအနေနဲ့ ကျွန်တော်တို့ ရပ်တည်တာကို သူတို့က ကိုယ်စားပြုနေပါတယ်။ ”

၂၀၁၂ ခုနှစ်မှာ DACA အစီအစဉ်ကို စတင်ခဲ့ပြီး တဲ့နောက် အစီအစဉ်ကို လျှောက်ထား အတည်ပြုချက် ရထားကြတဲ့ Dreamer တွေဟာ နိုင်ငံထဲမှာ နေထိုင်ခွင့်၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းတက်ခွင့်နဲ့ အလုပ်လုပ်ခွင့် ရထားကြပါတယ်။ ဒါပေမဲ့ သူတို့ အနေနဲ့ နိုင်ငံသား ဖြစ်ခွင့် မရှိကြပါဘူး။ သူတို့ဟာ နိုင်ငံထဲကို တရားဝင် ဝင်ရောက်လာသူတွေ မဟုတ်ကြတဲ့ အတွက် ဖမ်းဆီးခံရပြီး နေရပ် ပြန်ပို့ခံရမယ့် အခြေအနေ ကိုလည်း DACA အစီအစဉ်က အကာအကွယ် ပေးထားခဲ့တာပါ။ အခုတော့ သူတို့ကို ဥပဒေအတိုင်း စတင် အရေးမယူခင် အချိန် ၆ လ ပေးထားတဲ့ အတွက် ရှေ့နှစ် မတ်လက စတင်ပြီး Dreamers တွေကို နေရပ်ပြန်ပို့ရေး မပို့ရေး ဆိုတာဟာ လွှတ်တော်ပေါ်မှာ မူတည်နေပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG